Wednesday, October 18, 2017

ပိုပေးရတဲ့သူကိုယ်ဖြစ်ပါစေ

“စေတနာ့ဝန်ထမ်းများသည် အခကြေးငွေ မရရှိခြင်းမှာ တန်ဖိုးမရှိခြင်းကြောင့်မဟုတ်၊ တန်ဖိုးဖြတ်၍ မရသောကြောင့် ဖြစ်သည်။”
ပြီးခဲ့တဲ့ International Volunteers Day မှာတုန်းက ပရဟိတသမားလူငယ်တွေ ၀တ်ထားကြတဲ့ တီရှပ်အဖြူလေးတွေပေါ်က စာသားပါ။ စိတ်ကို အတော်လေးထိထိရှရှ ဖြစ်စေပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေကြတဲ့သူတွေအတွက် ဂုဏ်ယူဖွယ်ရာ စာသားလေးဖြစ်သလို၊ စေတနာ့ဝန်ထမ်း မလုပ်ဖူးသေးတဲ့အတွက်လည်း လုပ်ချင်စိတ်တွေ တဖွါးဖွါးပေါ်လာနိုင်လောက်တဲ့အထိ ထိမိတဲ့ စာသားတစ်ခုလို့ ပြောရင် မမှားပါဘူး။
တကယ်တော့ ပရဟိတဆိုတာ ကိုယ့်တစ်ဘ၀လုံး နှစ်မြှပ်ပြီး လုပ်နိုင်တော့မှ ပရဟိတခေါ်တာ မဟုတ်ပါဘူး၊ လမ်းသွားရင်းနဲ့၊ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ပြောပြပေးလိုက်တာလည်း ပရဟိတပါပဲ။ ဘတ်စ်ကားစီးရင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ထိုင်ခုံနေရာ ဖယ်ပေးလိုက်တာလည်း ပရဟိတပါပဲ။ ပရဟိတဆိုတာ ဘယ်လောက်ထိပေးဆပ်ထားတယ်ဆိုတာထက် ပေးဆပ်ချင်စိတ် ရှိဖို့ကသာ လိုရင်းဖြစ်ပါတယ်။
နယ်မှာ အလုပ်သွားလုပ်နေတဲ့ လူတစ်ယောက်မှာ ရည်ရွယ်ချက်(၃)ခုရှိတယ်။ ပထမရည်ရွယ်ချက်က ကိုယ့်ကိုပေးအပ်ထားတဲ့တာဝန်၊ ကိုယ်ယူထားတဲ့တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ဖို့၊ ဆရာဝန်က ဆေးကု၊ လမ်းဖောက်တဲ့သူက ဖောက်၊ ကျောင်းဆရာတွေက စာသင်။ အဲ့လို အလုပ်လုပ်နေတဲ့တစ်ပြိုင်တည်းမှာ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် လေ့လာရ၊ ဆည်းပူးရပါသေးတယ်။ နောက်ဆုံးအနေနဲ့တော့ ကိုယ်ရောက်နေတဲ့ဒေသရဲ့ ဓလေ့ထုံးစံတွေ ကြုံဖူး တွေ့ဖူးချင်တယ်၊ အထင်ကရနေရာတွေ ရောက်ဖူးချင်တယ်၊ ကိုယ်နောင်တစ်ချိန်ပြန်တွေးလိုက်တိုင်းမှာ ကြည်ကြည်နူးနူး ခံစားရမဲ့ အမှတ်တရဖြစ်ရပ်လေးတွေ ရသွား ရှိသွားချင်တယ်။
တကယ်တော့ ကျွန်တော်တို့လူသားတွေ ဒီလောကကြီးထဲ ရောက်လာတာဟာလည်း ကိုယ့်ဇာတိမဟုတ်တဲ့ နယ်တစ်ခုမှာ အလုပ်လာလုပ်ကြတာနဲ့ အတူတူပါပဲ။ ဒီလူ့လောကကြီးထဲကို ရောက်လာတဲ့လူတိုင်းဟာ လူသားတာဝန် ကျေကြရမယ်။ လူသားအချင်းချင်း ကူညီရိုင်းပင်းကြရမယ်၊ အစာငတ်နေသူအတွက် ကိုယ့်ရဲ့ အပိုအလျှံတွေထဲက အနည်းငယ်လောက်ကိုတော့ ပေးကမ်းနိုင်ရမယ်၊ ကိုယ့်နောက်မှာ မွေးဖွါးလာမဲ့ မျိုးဆက်သစ်တွေအတွက် ပိုကောင်းတဲ့ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးနိုင်ရမယ်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေနဲ့လုပ်နိုင်စွမ်းကို လိုက်ပြီး အကျိုးပြုနိုင်တဲ့ပမာဏချင်း မတူနိုင်ကြပေမဲ့ အနည်းဆုံး ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်မဲ့ကိစ္စမျိုးတော့ လူပီသချင်တဲ့သူတိုင်း ရှောင်ကြဉ်ကြဖို့ လိုပါတယ်။
အဲဒီလို လူသားတာဝန်ထမ်းဆောင်နေရင်းကကိုပဲ သေပြီးတဲ့နောက်မှာ ကျင်လည်ရဦးမဲ့ သံသရာခရီးအတွက်ပါ ပြင်ဆင်ပြီးသားလည်း ဖြစ်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီလိုသူတစ်ပါးအတွက် အများအတွက် ကူညီပေးလိုက်လို့ သူတို့တွေ အဆင်ပြေသွားတာ၊ ပျော်ရွှင်သွားတာကို ကြည့်ရင်း ရလာတဲ့ပီတိကလည်း ဘာနဲ့မှ လဲလို့မရအောင်ပါပဲ။ တုံ့ပြန်မှုတစ်ခုခု ပြန်ရလိုက်တဲ့အချိန်မျိုးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အဲဒီတုံ့ပြန်မှုဟာ ဘယ်လောက်ပဲ သေးငယ်နေပါစေ၊ စကားလေးတစ်ခွန်း၊ မုန့်လေးတစ်ခုပဲ ဖြစ်နေပါစေဦးတော့၊ သူတို့ပေးလိုက်တဲ့ ပစ္စည်း၊ စားစရာ၊ လက်ဆောင် ဒါတွေဟာ ကိုယ့်အတွက် အကြိမ်ကြိမ်အခါခါ ရှိဖူး၊ စားဖူး၊ သုံးဖူးပြီးသားတွေပဲ ဖြစ်နေပါစေဦးတော့၊ ဒါတွေဟာ ရှေ့ဆက်ရမဲ့ ပရဟိတအလုပ်တွေအတွက် ခွန်အားသစ်တွေ ဖြစ်လာစေပါတယ်။ ကိုယ့်ဘ၀ကိုယ် နောက်ကြောင်းပြန် စဉ်းစားမိလိုက်တိုင်း ကိုယ့်ကိုကိုယ်ဂုဏ်ယူနေမိမဲ့ ကြည်နူးစရာအဖြစ်အပျက်လေးတွေဆိုလည်း မမှားပါဘူး။
ဒါပေမဲ့ ကြီးကျယ်ခမ်းနားပြီး ထိရောက်မှုရှိတဲ့ ပရဟိတလုပ်ငန်းတွေအတွက်ဆိုရင်တော့ အတ္တဟိတကို အရင်ဆုံး တည်ဆောက်ရပါတယ်။ ပေးဆပ်ချင်စိတ်တစ်ခုတည်းနဲ့ မရတော့ပါဘူး။
အစာငတ်နေတဲ့သူတွေကို ထောက်ပံ့နိုင်ဖို့ ကိုယ်တိုင်က ဗိုက်ဝနေဖို့ လိုပါတယ်။
နှလုံးရောဂါဖောက်ပြီး လဲကျသွားတဲ့သူကို ဘယ်လောက်ပဲ ကယ်ပေးချင် ကယ်ပေးချင်၊ ဘယ်လိုကယ်ရမလဲဆိုတဲ့ အတတ်ပညာတတ်မထားရင် ကယ်လို့မရပါဘူး။
Bill and Melinda Gates Foundation ကြီး ထောင်ပြီး ဒေါ်လာသန်းပေါင်းများစွာ တစ်ကမ္ဘာလုံးကို လိုက်လှူနိုင်ဖို့အတွက် အရင်ဆုံး Bill Gates ဖြစ်အောင်လုပ်ရပါတယ်။
မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ပရဟိတဆောင်ရွက်သူ ဦးကျော်သူရဲ့ လုပ်ငန်းအောင်မြင်မှုတွေမှာ တစ်ချိန်က မင်းသားဖြစ်ခဲ့ခြင်းက အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။
ဘ၀မှာ သူတစ်ပါးကို တခုခုပေးချင်တယ်ဆိုရင် ကိုယ့်ဆီမှာပေးစရာတခုခုတော့ ရှိနေမှ ရပါမယ်။ ပေးချင်စိတ်ဟာ မေတ္တာတရားဆိုရင် ပေးနိုင်စွမ်းဆိုတဲ့ အရည်အချင်းလည်း ထပ်ပေါင်းဖို့ လိုပါတယ်။
အဲဒီလို ကိုယ့်မှာ ပေးစရာတခုခု ရှိလာဖို့အတွက် ကြိုးစားနေရတဲ့အချိန်၊ နယ်ပယ်တစ်ခုခုမှာ Professional အဖြစ် လုပ်ကိုင်ရင်း ကိုယ့်ရဲ့အသက်ကိုမွေးနေရတဲ့အချိန်မျိုးမှာ စေတနာ့ဝန်ထမ်းဆိုတဲ့ဘ၀ကို စွန့်လွှတ်ကြရပါတယ်။ ဒါပေမဲ့ ဘ၀ကို စွန့်လွှတ်လိုက်ရပေမဲ့ သူတို့ရင်ထဲမှာ ရှိနေတဲ့ စေတနာ့ဝန်ထမ်းစိတ်ကတော့ ပျောက်မသွားပါဘူး။
နေရာလေးတစ်ခုမှာ လူ(၁၀)ယောက်လောက် အတူတကွ နေထိုင်ကြတယ်၊ (၁၀)ယောက်တည်း ဆိုတော့ ဘာပြဿနာမှ မရှိဘူး၊ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ။ ဒါပေမဲ့ လူဦးရေများလာတာနဲ့အမျှ အဆင်မပြေတော့ဘူး၊ စည်းမျဉ်းစည်းကမ်းတွေ လိုလာတယ်၊ သူတို့ကို ကာကွယ်ပေးမဲ့လူတွေ လိုလာတယ်၊ သူတို့အားလုံး လုပ်ရကိုင်ရ အဆင်ပြေစေဖို့အတွက် စနစ်တစ်ခုလိုလာတယ်၊ အဲဒီအလုပ်တွေကို လုပ်ပေးနေကြရတဲ့ လူတွေဟာ သူတို့ရဲ့မူရင်းအလုပ်တွေကို ဖျက်ပြီး လုပ်ပေးနေရတာ ဖြစ်တဲ့အတွက် ဘယ်သူမှတော့ အခမဲ့ ရေရှည်မလုပ်နိုင်ဘူး၊ အဲဒါကြောင့် လူတွေက သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့သူတွေကို ပိုက်ဆံတွေစုပြီး သူတို့အသက်မွေးလို့ရအောင် ပေးအပ်ကြတယ်။ အဲဒါကို အစိုးရနဲ့ပြည်သူလို့ခေါ်ကြတယ်။ တကယ်တော့ အစိုးရ၀န်ထမ်းဆိုတာလည်း ပရဟိတသမားပါပဲ၊ ပြည်သူတွေဆီက ၀င်ငွေအလိုက် ကောက်ခံထားတဲ့ အခွန်အခတွေထဲကနေ လစာအနေနဲ့ ယူပြီး ပြည်သူတွေရဲ့အလုပ်၊ တစ်နည်းအားဖြင့် အများအကျိုးကို ပရော်ဖက်ရှင်နယ်ပီပီသသ အလုပ်လုပ်နေကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ၀န်ထမ်းတစ်ယောက် ဖြစ်လာဖို့အတွက် နံပါတ်တစ်အရေးကြီးဆုံး လိုအပ်ချက်ဟာ စေတနာ့ဝန်ထမ်းစိတ် ရှိနေဖို့ပဲ ဖြစ်ပါတယ်။
ဒါဖြင့် စေတနာ့ဝန်ထမ်းစိတ်ဆိုတာ ဘယ်လိုမျိုးပါလဲ။
စေတနာ့ဝန်ထမ်းတွေဟာ အများအကျိုးကို ရှေးရှုတယ်၊ ကိုယ်ကျိုးစီးပွါးကို နောက်ပို့တယ်၊ အရာရာမှာ ငွေရမှ၊ အကျိုးအမြတ်ရမှ လုပ်မယ်ဆိုတဲ့ အညံ့စားစိတ်ဓါတ် ရှိမနေဘူး၊ အနစ်နာခံလိုစိတ် အပြည့်ရှိတယ်၊ ကိုယ်စားရပြီး သူငတ်နေတာကို ထိုင်ကြည့်နေရတာထက် ကိုယ်အငတ်ခံပြီးပဲ သူစားနေတာကို တစ်ဝကြီး ထိုင်ကြည့်နေလိုက်ချင်တဲ့သူတွေဖြစ်တယ်။ နာမည်ကြီးလိုစိတ်၊ အထင်ကြီးခံလိုစိတ် မရှိဘူး၊ အဲဒီအတွက် ဘာမာန်မာနမှလည်း ရှိမနေကြသလို၊ ဘယ်သူ့ကို အာဏာပါဝါပြလိုက်မယ်၊ အကြောင်းသိအောင် လုပ်ပြလိုက်မယ်ဆိုတဲ့ စိတ်မျိုးထက် သူတစ်ပါးအဆင်ပြေစေဖို့ပဲ သူတို့ခေါင်းထဲရှိတတ်ကြတယ်။ ဒါတွေဟာ စေတနာ့ဝန်ထမ်းတွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားလေးတွေပဲ ဖြစ်တယ်။
ဒီထက်ပိုဂုဏ်ယူဖို့ကောင်းတာတစ်ခုကတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ဟာ ငါတို့တာဝန်ပါလားလို့တောင် တာဝန်ရှိမှန်းမသိသူတွေ၊ ရှိမှန်းတောင်မသိမှတော့ တာဝန်လည်း မယူတတ်၊ တာဝန်လည်း မခံတတ်သူတွေ၊ အဲဒီနောက် ဘယ်လိုနည်းနဲ့မှ တာဝန်မကျေတော့တဲ့သူတွေ များပြားနေတဲ့ ဒီနေ့ခေတ်လို အချိန်မျိုးမှာ၊ “ရေဘေးသင့်နေတဲ့သူတွေ၊ စာမသင်နိုင်တဲ့ကလေးတွေ၊ ဆေးကုသမှု မခံယူနိုင်တဲ့လူနာတွေကို ကူညီကြရမယ်”ဆိုတဲ့ လူသားတစ်ယောက်ရဲ့တာဝန်ကို ဘယ်သူမှမပြောရပါဘဲနဲ့ တာဝန်သိနေကြတဲ့ သူတို့၊ ဘယ်သူကမှ လာမပေးပါဘဲနဲ့ တာဝန်ယူထားကြတဲ့ သူတို့၊ ဘယ်သူကမှလည်း လာမစစ်ဆေးပါဘဲနဲ့ တာဝန်ကျေနေကြတဲ့ သူတို့ရဲ့ နိုင်ငံကြီးသားစိတ်ဓါတ်ပဲ ဖြစ်ပါတယ်။
ဘယ်သူမှ တစ်သက်လုံး စေတနာ့ဝန်ထမ်းအဖြစ် ရပ်တည်သွားဖို့ မလွယ်ပါဘူး၊ သူများကို ကူညီနိုင်ဖို့ ကိုယ့်အသက်ကိုယ်လည်း မွေးရပါဦးမယ်။ တကယ်တော့ စေတနာ့ဝန်ထမ်းဖြစ်နေဖို့ထက် ဘယ်နယ်ပယ်မှာပဲ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နေပါစေ၊ စေတနာ့ဝန်ထမ်းစိတ်ဓါတ် ပျောက်မသွားဖို့ကသာ ပိုပြီးအရေးကြီးပါတယ်။ ဘာပဲလုပ်လုပ် စေတနာပါဖို့ လိုပါတယ်။
တကယ်တော့ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်နိုင်ဖို့အတွက် အရေးကြီးဆုံးလိုအပ်ချက်ဟာ ဘာလဲဆိုရင် အပေးနဲ့အယူမှာ ပေးတဲ့သူဖြစ်ရတာကို ကျေနပ်ပျော်ရွှင်နေတတ်တဲ့ စိတ်ပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ

No comments:

Post a Comment