နယ်မှာ (၄)နှစ်နီးနီး အလုပ်လုပ်ဖြစ်ခဲ့တဲ့အချိန်မှာ ကြုံခဲ့တွေ့ခဲ့ရတဲ့
လူငယ်တွေနဲ့ပတ်သက်ပြီး ပြောပြချင်တာလေးတွေကို ဆောင်းပါးအခန်းဆက်သဘော
ရေးနေခဲ့တာပါ။ ခု မက်ဆေ့ခ်ျနံပါတ်(၄)ကို ရောက်ပါပြီ။
ပြဿနာ ၄ – ရည်မှန်းချက်ကြီးကြီး မရှိခြင်း
လစာ(၂)သိန်းရနေတဲ့သူက ဘယ်သူကတော့ဖြင့် (၃)သိန်းရနေပြီ၊ ဘယ်အဖွဲ့မှာ
ဘယ်ကုမ္ပဏီမှာ ဘယ်လိုအလုပ်ရသွားတယ်၊ စသဖြင့် ပြောတတ်ကြတာတွေ မကြာမကြာ
ကြားမိပါတယ်။ တကယ်ဆို ဒီထက် လစာအဆပေါင်းမြောက်များစွာ ရတဲ့အလုပ်၊
ဒါမှမဟုတ်လည်း အဖွဲ့တခုခုရဲ့ ခေါင်းဆောင်၊ သူများကိုတောင်
အလုပ်ပြန်ခန့်နိုင်တဲ့အနေအထားမျိုး၊ စသဖြင့် မြင့်မြင့်မှန်းကြစေချင်တယ်။
သူတို့ကို ပြောရင်တော့ အဲဒါရောင့်ရဲတာလို့ ပြန်ဖြေကြတယ်။ တကယ်တော့
ရည်မှန်းချက်မကြီးတာ Ambitious မဖြစ်တာကို ရောင့်ရဲတာလို့ ထင်နေကြတာပါ။
အဲဒီလို ရည်မှန်းချက်မရှိတော့ ဖြစ်ချင်စိတ်နည်းတယ်၊ စိတ်အားထက်သန်မှုလည်း
နည်းတယ်၊ ဒီလိုနဲ့ ကိုယ်မှန်းထားမြင်ထားတဲ့အတိုင်းပဲ လစာနည်းနည်း၊
ဝင်ငွေနည်းနည်းနဲ့ ဘ၀တစ်ခုကို ကုန်ဆုံးကြရတော့တယ်။
ဓါတ်ပုံလေးတစ်ပုံ မြင်ဖူးတယ်။ လူတစ်ယောက်ဟာ သူအပေါ်တက်ရင် သုံးရမဲ့
လှေကားကို တစ်ဖဲ့စီချိုးပြီး လတ်တလော အအေးဒဏ်သက်သာဖို့
မီးဖိုနေတဲ့ပုံလေးပါ။ ရေးထားတဲ့စာလေးက သင့်ရဲ့ လတ်တလော
သက်သာရာသက်သာကြောင်းအတွက် ကိုယ့်တက်လမ်းကို မဖျက်ဆီးပါနဲ့ ဆိုတာပါပဲ။
ရည်မှန်းချက်မြင့်မြင့်မရှိရင်လည်း ဒီလိုဖြစ်တတ်ပါတယ်။
တန်ဖိုးရှိတဲ့အချိန်တွေ အလဟဿ ဖြုန်းပစ်တတ်တယ်၊ အသုံးပြုရင် ထက်လာမဲ့
ကိုယ်စွမ်းဥာဏ်စွမ်းတွေကို သံချေးအတက်ခံကြတယ်။ လက်ရှိမှာ လစာတစ်ခုနဲ့
နေနေရတာကို ကျေနပ်နေမယ်၊ ကိုယ့်ရဲ့ကြိုးစားမှုတွေကို
ရပ်ပစ်လိုက်မယ်ဆိုရင်တော့ အဲဒါဟာ ကိုယ်တက်ရမဲ့လှေကားကို
ကိုယ့်ဟာကိုယ်ပြန်ချိုးနေတာနဲ့ အတူတူပါပဲ။
ဥပမာတစ်ခု ပေးပါမယ်။ ကျွန်တော်လက်ရှိလုပ်နေတဲ့ အဖွဲ့အစည်းမှာလည်း
သူနာပြုဆရာမလေးတွေ ရှိကြပါတယ်။ (နှိမ့်ချပြီး ပြောတယ်မထင်ပါနဲ့၊
ချစ်လို့ပြောတယ်ပဲ မှတ်ပေးပါ) အဲဒီဆရာမလေးတွေအများစုဟာ
နယ်မှာမွေးဖွါးကြီးပြင်းခဲ့ကြသူတွေပါ။ ဒါကြောင့် သူတို့တွေဟာ
ရည်မှန်းချက်မြင့်မြင့် မထားတတ်ကြပါဘူး။ ယူထားရတဲ့တာဝန်ကိုတော့
ကျေပွန်အောင် လုပ်နိုင်ကြသူတွေဆိုပေမဲ့ ၀န်ထမ်းတွေကို
စီမံခန့်ခွဲရမယ်ဆိုတဲ့အခါ၊ တာဝန်ကြီးကြီး ယူရမယ်ဆိုတဲ့အခါ
နောက်ဆုတ်သွားတတ်ကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြဘူး။
ဒါပေမဲ့ အဲဒီဆရာမတွေထဲကနေပဲ နိုင်ငံရဲ့ကျန်းမာရေးစနစ်ကြီး
ပိုကောင်းလာဖို့ကို တတ်နိုင်တဲ့အခန်းကဏ္ဍကနေ လုပ်နေတဲ့ ဆရာမတွေ၊
နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ပညာဆက်သင်ဖို့ ကြိုးစားနေတဲ့သူတွေ၊
အကြောင်းကြောင်းကြောင့် အစိုးရအလုပ်မ၀င်တော့ဘဲ ခုလုပ်နေတဲ့ NGO အလုပ်မှာပဲ
ရာထူးမြင့်မြင့် ရဖို့ ရည်မှန်းထားတဲ့သူတွေလည်း တွေ့ဖူးပါတယ်။
သူတို့တွေကိုဆို ကျန်တဲ့ဆရာမငယ်လေးတွေက သိပ်လေးစားကြတာ၊ အားကျကြတာလည်း
တွေ့ရတယ်။ တကယ်ဆို အားကျနေရုံမဟုတ်ဘဲ အတုပါယူကြစေချင်တယ်။
အဲဒီဆရာမလေးတွေဟာ အရွယ်ကငယ်သေးလေတော့ ကျန်တဲ့သူတွေနဲ့ အရည်အချင်းချင်း
ယှဉ်လိုက်ရင် ဘာမှတော့ သိပ်မကွာလှသေးပါဘူး။ နောင်တစ်ချိန်မှာ
ကိုယ့်ကိုကိုယ် ဘာဖြစ်လာမယ်လို့ မြင်ထားသလဲဆိုတဲ့ အချက်လေးတစ်ခုပဲ
ကွာပါတယ်။ ဒါပေမဲ့ အဲဒီကွာခြားချက်သေးသေးလေးကပဲ နောင်တစ်ချိန်မှာ
ခြားနားမှုအကြီးကြီးကို ဖြစ်ပေါ်လာစေမှာပါ။
အောက်ကပုံလေးမှာ ပြထားသလိုပါပဲ။ လက်ရှိမှာတော့
ကြောင်လေးဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါ အရေးမကြီးပါဘူး။ ဒါပေမဲ့
မှန်ကြည့်လိုက်တိုင်း ကိုယ့်ကိုကိုယ် ခြင်္သေ့လို့ မြင်နေဖို့တော့
လိုပါလိမ့်မယ်။
ဘ၀ပေးအခြေအနေက သူများထက် နိမ့်ကျခဲ့ပေမဲ့ ကိုယ်ထူးကိုယ်ချွန်
ကြိုးစားခဲ့လို့ ထိပ်တန်းရောက်နေတဲ့သူတွေ နေရာတိုင်းမှာ ရှိပါတယ်။
သူတို့တွေကို ကြည့်လိုက်ရင်လည်း အင်မတန်ရည်မှန်းချက်ကြီးကြတာကို
တွေ့ရပါလိမ့်မယ်။ တကယ်တော့ ဆင်းရဲတာ၊ မိဘပံ့ပိုးမှုမရှိတာဟာ
အောက်သက်ကြေစေတယ်၊ ဘ၀ကို ပိုပြီးအနှစ်သာရရှိစေတယ်၊ ပိုက်ဆံတန်ဖိုးကို
ပိုပြီး နားလည်စေတယ်၊ ဒါကြောင့်လည်း ၀ါရင်းဘတ်ဖတ်လို သူဌေးကြီးက
သူ့သားသမီးတွေ ဘာမှလုပ်စရာမလိုတော့ဘူး ထင်သွားမှာစိုးလို့၊
သူဌေးသား၊သူဌေးသမီးတွေအဖြစ်နဲ့ပဲ တန်ဖိုးမဲ့ကုန်မှာစိုးလို့ အမွေတွေကို
အလုပ်လုပ်လို့ရရုံပဲ ပေးခဲ့မယ်ပြောတာ ဖြစ်ပါတယ်။
ဒါကြောင့် ခုချိန်မှာ ကြောင်လေးဖြစ်နေတာ အားငယ်စရာ မလိုပါဘူး၊ ခြင်္သေ့လို့ ကိုယ့်ကိုကိုယ် မြင်နေဖို့သာ အရေးကြီးပါတယ်။
ဒါကြောင့် လူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့ခ်ျနံပါတ်(၄)ကတော့
ရည်မှန်းချက်ကြီးကြီး ထားပါ။ မြင့်မားတဲ့ ရည်မှန်းချက်တစ်ခု
ရှိနေတဲ့သူဟာ ဘ၀မှာရော အလုပ်မှာပါ စိတ်ဓါတ်တက်ကြွနေတယ်၊ ဘယ်သွားရမှန်းမသိ
တ၀ဲလည်လည် ဖြစ်မနေဘူး၊ တော်ရုံပင်ပန်းမှုလောက်ကို မမှုဘူး၊
အမြဲကြိုးစားနေတယ်၊ မရှိသေးတာတွေ ထပ်ထပ်ဖြည့်နေတယ်။ ဒါကြောင့် Ambitious
ဖြစ်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဘာပဲလုပ်နေလုပ်နေပါ၊ ဘယ်နယ်ပယ်မှာမဆို ချန်ပီယံ (Champion) ဖြစ်ချင်တယ်ဆိုရင် C (၃)လုံး အရေးကြီးပါတယ်
Clear goals – တစ်နေ့ ငါဘာဖြစ်ရမယ် ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်
Challenge – မိမိကိုယ်မိမိ စိန်ခေါ်ဖို့၊ ကြုံလာရသမျှ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ဖို့ နဲ့
နောက်ဆုံး C ကတော့
Commitment – မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတို့ပဲ ဖြစ်ပါတယ်
ဒီ C (၃)လုံး ပြည့်စုံသွားတဲ့အချိန်မှာတော့ ဘယ်သူမဆို ကိုယ့်သက်ဆိုင်ရာနယ်ပယ်မှာ ချန်ပီယံတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
No comments:
Post a Comment