Monday, October 30, 2017

Photo Essay အပိုင်း ၁

Photo Essay ဆိုတာကို တကယ်စာတွေ့ လက်တွေ့ သင်ကြားခွင့်ရခဲ့တာကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဖြစ်ပါတယ်။ အမေရိကန်စင်တာက ကမကထပြုလုပ်ပြီး ဆရာ Kevin Moloney က ပို့ချပေးတာပါ။ အချိန်ပိုင်းတာ တက်ခဲ့ရတာဖြစ်ပေမယ့် ဆရာကိုယ်တိုင်က ထင်ရှားတဲ့ Photo Essay တွေကို ဖန်တီးခဲ့ပြီး အသင်အပြလည်း ကောင်းပါတယ်။ဆရာ့ဆီကနေ သင်ယူလေ့လာစရာတွေ ဗဟုသုတတွေ အများရခဲ့ပါတယ်။ ဒီသင်တန်းက မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ ကျေးဇူးနဲ့ တက်ခွင့်ရတာပါ။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၊ အမေရိကန်စင်တာနဲ့ ဆရာ Kevin Moloney တို့ကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ အဲဒီသင်တန်းမှာ ရန်ကုန်က ဓာတ်ပုံပညာရှင်တွေအပြင် မန္တလေး ဓာတ်ပုံသမား ကဗျာဆရာ မောင်နီဦးနဲ့ပါ အတူတူ တက်ရောက်ခွင့်ရခဲ့ပါတယ်။ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။
အစပိုင်းမှာ Photo Essay က ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း နောက်ပိုင်းကျတော့ ပြိုင်ပွဲတွေ ဝင်ဖို့ Photo Essay တွေ ကိုယ်တိုင် ရိုက်ခဲ့ရပါတယ်။ ကျွန်တော်က ဓာတ်ပုံပြိုင်ပွဲတွေကိုသာ အဓိက ထားတာမို့ ပြိုင်ပွဲနဲ့ သက်ဆိုင်တဲ့ Photo Essay မျိုးတွေသာ ရိုက်ခဲ့ပြီး တကယ့် အနုပညာမြောက်တဲ့ Photo Essay ကောင်းတွေကိုတော့ ဒီနေ့အထိ မရိုက်နိုင်သေးပါဘူး။ ရိုက်ဖို့ စိတ်ကူးတွေပဲ ရှိပါတယ်။ပြိုင်ပွဲအတွက် ရိုက်တော့ ဆုရ Photo Essay တွေ ဖြစ်လာတာ သိပ်မဆန်းပါဘူး။ ဒီနေ့ခေတ် လူငယ်တွေက ကျွန်တော့ထက် ပိုပြီး ရိုက်နိုင်ကြတာကို လေးစားဂုဏ်ယူရပါတယ်။
အနုပညာသမား ကဗျာဆရာ မောင်နီဦးက ပွဲထုတ်ပေးလို့ သူစီစဉ်ထုတ်ဝေတဲ့ စာအုပ်ထဲမှာ ကျွန်တော့်ဆုရ Photo Essay နဲ့ ဆောင်းပါးကို ပုံနှိပ်ဖော်ပြခွင့် ရခဲ့ပါတယ်။ စာအုပ်ထဲမှာ ထည့်ဖို့အတွက်ကိုပဲ အခုဆောင်းပါးကို ရေးခဲ့တာပါ။ သူကပဲ နောက်ထပ်ဖိတ်ခေါ်ပြီး ဟောပြောပွဲလေး လုပ်ပေးတော့ မန္တလေးမှာ Photo Essay နဲ့ပက်သက်ပြီး ဟောပြောခွင့် ရခဲ့ပါတယ်။ နောက်ထပ်ပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့All Myanmar Photo Exhibition 2013 မှာ ထပ်ပြီး ဟောပြောခွင့် ရခဲ့ပါတယ်။ ဟောပြောပွဲ ၂ခုစလုံးမှာ ကိုယ်လေ့လာ သင်ယူခဲ့တာတွေ၊ အတွေ့အကြုံတွေ၊ ပြိုင်ပွဲတွေကို အခြေခံပြီး အတတ်နိုင်ဆုံး ကြိုးစားပြောခဲ့ပါတယ်။အဓိကကတော့ အခုတင်မယ့် ဆောင်းပါးကို အခြေခံပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဆောင်းပါးကို ထပ်ဖြည့်စွက်ထားတာတွေလည်း ပါပါတယ်။ ဆောင်းပါးက နည်းနည်းရှည်တော့ ခွဲပြီး တင်ပါ့မယ်။ ဆောင်းပါးနဲ့အတူ ကျွန်တော်နိုင်ငံတကာဆုရခဲ့တဲ့ Photo Essay တွေကို လေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ မသိသေးတဲ့သူတွေ၊ စိတ်ဝင်စားသူတွေအတွက် အကျိုးရှိမယ် ထင်ပါတယ်။

“Photo Essay”
ပုံရိပ်ကဗျာ
Essay ဆိုတာကို အလွယ်ကူဆုံး ဘာသာပြန်ရရင် စာစီစာကုံး လို့ဆိုနိုင်ပါတယ်။သူ့ရဲ့သဘောက အကြောင်းအရာ အဖြစ်အပျက်တစ်ခုကို အစ၊ အလယ်၊ အဆုံး ရေးဖွဲ့ရတာပါ။ ဒါပေမယ့် Essay ဆိုတာ ပုံမှန်စကားပြေထက် တဆင့်ပိုတဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ အခုအခါမှာတော့ စိတ်ခံစားမှုသက်သက်ကို ပေါ်လွင်အောင်ရေးဖွဲ့တဲ့ Essay အရေးအသားတွေလည်းရှိလာပါပြီ။ “Photo Essay” ဆိုတာကလည်းအဖြစ်အပျက် အကြောင်းအရာ တစ်ခုကို အစ၊ လယ်၊ အဆုံးပြည့်စုံပေါ်လွင်အောင်ရိုက်ကူးတင်ပြရတာမျိုးပါ။ ဒါပေမယ့် ခံစားမှုကို ပုံရိပ်ထင်ရတဲ့ ဓါတ်ပုံတွေမှာတော့ စကားလုံးထောင်ပေါင်များစွာ ဖွင့်ဆိုခံစားနိုင်တဲ့ ရသတွေ၊ အလင်္ကလာတွေ ပါဝင်နေကြတယ်။ ဒါအပြင် အကြောင်းအရာကို အဓိကမထားတော့ပဲ စိတ်ခံစားမှု၊ တင်စားဖွဲ့ဆိုမှု၊ အနုပညာသက်သက်ကိုပဲ ရိုက်ကူးတင်ပြတဲ့ Photo Essay တွေလည်းရှိလာခဲ့ပါတယ်။ ဒီနေရာမှာ Photo Essay ဆိုရင် အကြောင်းတစ်ခုကိုသာအဓိကထားတဲ့ သူတွေရှိသလို၊ အနုပညာသက်သက်ကိုပဲ အဓိကထားသူတွေ၊ ဓါတ်ပုံအတတ်ပညာကိုပဲ အဓိကထားသူ အစရှိသည်ဖြင့် ကွဲပြားလာကြတယ်။ တကယ်တော့ အောင်မြင်တဲ့ Photo Essay တစ်ပုဒ်ဖြစ်ဖို့ ဆိုတာက ဒီအချက်တွေအားလုံးကို လိမ္မာပါးနပ်စွာ ပေါင်းစပ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “Photo Essay” ကို ပုံရိပ်ကဗျာ လို့ ကျွန်တော့်အနေနဲ့ အဓိပါယ် ဖွင့်ဆိုချင်ပါတယ်။ “Photo Essay” ဆိုတာ ပုံရိပ်တွေနဲ့ ဖွဲ့သီတဲ့ ကဗျာတစ်ပုဒ်ပါ။
အဖြစ်အပျက်အကြောင်အရာတစ်ခုကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ဆိုတာ ဓါတ်ပုံတစ်ပုံတည်နဲ့တော့ အမြဲတမ်းမလုံလောက်နိုင်ပါ။ တစ်ခါတစ်ရံမှာတော့ အကြောင်းအရာ အဖြစ်အပျက်တခုကို ဓါတ်ပုံတစ်ပုံထက်ပိုပြီး တင်ပြမှသာ အဖြစ်အပျက်အကြောင်းအရာကို ထိထိမိမိမြင်သာစေမှာပါ။ ဒါကြောင့်လည်း ဓာတ်ပုံတပုံထက်ပိုပြီး တင်ပြရတဲ့ "Photo Essay” ဆိုတာ ပေါ်ပေါက်လာခဲ့ရတာပါ။ “Photo Essay “ ဆိုတာ အနုပညာနဲ့ “Photo Journalism” ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အကြောင်းအရာ အဖြစ်အပျက်ကို ဦးစားပေးတဲ့ Photo Essay တွေထက် အနုပညာကို အားပြုဖန်တီးတဲ့ Photo Essay တွေကို ပိုပြီးနှစ်သက်ပါတယ်။ ဒါကတော့ ကျွန်တော် အခြေအနေနဲ့ ကျွန်တော် ရွေးချယ်မှုသာ ဖြစ်ပါတယ်။ အကြောင်းအရာ အဖြစ်အပျက်ကို ဦးစားပေးတဲ့ Photo Essay တွေမှာလည်း အနုပညာရသတွေ ထပ်ပေါင်းထည့်လို့ ရပါတယ်။
Photo Essay ဘယ်ကစတာသလဲ။ ၁၉၃၀ပြည့်နှစ်တွေမှာ ဂျာမနီတွေက မဂ္ဂဇင်းတွေကို ဓါတ်ပုံတွေသုံးပြီး ပုံနှိပ်ထုတ်ဝေလာခဲ့ကြပါတယ်။ အစပထမမှာ ဓါတ်ပုံတွေကို တစ်ပုံခြင်းတင်ပြလာရာကနေ နှစ်ပုံယှဉ်တွဲပြီးတင်ပြတဲ့အခါ ပိုပြီးပြည့်စုံလာတာကို သတိထားမိခဲ့ပါတယ်။ နောက်ပိုင်မှာတော့ ၃ပုံ၊ ၅ပုံ၊၁၀ပုံအစရှိသဖြင့် အဖြစ်အပျက်၊ အကြောင်းအရာတစ်ခုကို ပြည့်စုံသည်ထက် ပိုပြီးပြည့်စုံအောင် တင်ပြလာခဲ့ကြပါတယ်။ ဒါက “Photo Essay “ ရဲ့မူလဇစ်မြစ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သမိုင်းကြောင်း ဖြစ်နေလို့ အငြင်းပွားစရာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ Photo Essay ရဲ့မူလအစက အကြောင်းအရာ အဖြစ်အပျက် သရုပ်ဖော် ဓာတ်ပုံတွေကနေ စတင်တယ်ဆိုတာပါပဲ။
ပထမဆုံး ထင်ရှားကျော်ကြားတဲ့ “Photo Essay” ကတော့ ၁၉၇၂ မှာထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ Photo Essay ကတော့ အမျိုးသမီးတစ်ဦး ကလေးမီးဖွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ Moment of Life ဆိုတဲ့ ဒီ Photo Essay ကို ရိုက်ကူးခဲ့သူကတော့ Brian Lanker ဖြစ်ပါတယ်။ ဒီ “Photo Essay” မတိုင်ခင်မှာတော့ ကလေးတစ်ယောက် မွေးဖွားတဲ့ဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေမရှိခဲ့ပါဘူး။ သားဖွားခန်းဆိုတာမျိုးကလည်း ဓါတ်ပုံရိက်ဖို့ဆိုတာ ဝေးလို့ အမျိုးသားတွေဝင်တာကိုတောင် ဝင်ခွင့်ပြုတာမျိုး မဟုတ်ပါဘူး။ Brian Lanker ကတော့ ကလေးမီးဖွားတဲ့ ဖြစ်စဉ်ကို အစအဆုံး ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ “Photo Essay” ထွက်ပေါ်လာချိန်မှာတော့ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။ မိန်းမတယောက်ရဲ့ ကလေးမီးဖွားရတဲ့ ဒုက္ခ၊ လူသားတယောက် ကမ္ဘာလောကကြီးကို စတင်ဝင်ရောက်လာတဲ့ ဖြစ်စဉ် က တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှပါတယ်။ Brian Lanker ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အနုပညာရသမြောက်အောင် ရိုက်ကူးနိုင်မှုတွေကြောင့်လည်း ပါပါတယ်။ ဒီ Photo Essay ဟာ ၁၉၇၃ မှာ ဓါတ်ပုံဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်ဖြသ်တဲ့ ပူလစ်ဇာဆုကို တောင်ရရှိခဲ့ပါတယ်။
“Photo Essay” ဆိုတာ ကဗျာတစ်ပုဒ်လို သိမ်မွေ့နက်နဲသလို ရုပ်ရှင်ကားတစ်ကာလိုလည်း ကြည့်ရှုခံစားသူတွေကို အစမှအဆုံး ဆွဲဆောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုကောင်းမွန်ဖို့အတွက် “Photo Essay” မှာ အပိုင်းနှစ်ပိုင်းရှိလာပါတယ်။ ပထမတစ်ပိုင်းကတော့ အကြောင်းအရာပိုင်းဖြစ်ပါတယ်။ ကိုယ်တင်ပြရမယ့် အဖြစ်အပျက် အကြောင်းအရာက အများစုစိတ်ဝင်စားမယ့် ဒါမှမဟုတ် အကြိုးရှိပြီးသိသင့်၊ သိထိုက်တဲ့ အကြောင်းအရာဖြစ်ဖို့လိုပါတယ်။ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြသာနာတွေ အဖြစ်အပျက်တွေ၊ ပဋိပကတွေ၊ သမိုင်းမှာမှတ်တမ်းတင်ကျန်ရစ်မယ့် အဖြစ်အပျက်အကြောင်းအရာတွေ၊ ထူးခြားထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ ထူးခြားပြီးကွဲထွက်နေတဲ့ လူမှုဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ၊ ရှားပါးပျောက်ကွယ်သွားတော့မယ့် အရာတွေ အစရှိသည့်ဖြင့် ရွေးချယ်စရာအကြောင်းအရာတွေ များစွာရှိကြပါတယ်။
လူအများစု စိတ်ဝင်စားတဲ့ အကြောင်းအရာတွေအပြင် လူမှုဘ၀ နေ့စဉ်အဖြစ်အပျက်တွေထဲမှာ အမှတ်တမဲ့ဖြစ်နေတဲ့ အဖြစ်အပျက်အကြောင်းအရာမျိုးတွေကိုလည်း ရွေးချယ်နိုင်တာပါပဲ။ အဖြစ်အပျက်အကြောင်းအရာတစ်ခုကို ရွှေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့ ဒီအဖြစ်အပျက်အကြောင်းအရာအပေါ်မှာ သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်။ ဒါနဲ့ပက်သက်နေတဲ့ နောက်ခံပတ်ဝန်းကျင်၊ နေရာဒေသတွေ၊ လူပုဂ္ဂိုလ်တွေကိုပါ ပြည့်ပြည့်စုံစုံ သိထားဖို့ လိုအပ်ပါတယ်။သိအောင်လည်း အချိန်ပေးပြီးတော့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ ကိုယ်တိုင်နားမလည်းတဲ့ အကြောင်းအရာ အဖြစ်အပျက်ကို မရွေးချယ်ပါနဲ့။ ရိုက်ဖို့ မကြိုးစားပါနဲ့။ ကိုယ်တကယ် နှစ်သက်တဲ့ ၊ နားလည်းတဲ့ အကြောင်းအရာ အဖြစ်အပျက်ကိုသာ ရွေးချယ်ပါ။
ဒုတိယအပိုင်းကတော့ ဓါတ်ပုံရိုက်ကူးတင်ပြပုံ၊ အတတ်ပညာပိုင်းပဲဖြစ်ပါတယ်။ ကိုယ့်မှာဓါတ်ပုံပညာနဲ့ ဆိုင်တဲ့ဝမ်းစာပြည့်ဝနေဖို့လိုအပ်ပါတယ်။ နောက်ပြီး ဓါတ်ပုံပညာရပ်ဟာ အနုပညာနဲ့အတတ်ပညာကို ပေါင်းစပ်ထားတာပါ။ အတတ်ပညာပဲရှိပြီး အနုပညာမပါရင် သက်ဝင်တဲ့ပုံတွေမရနိုင်သလို၊ အနုပညာပဲရှိုပြီး အတတ်ပညာပိုင်းကို မကျွမ်းကျင်ရင် ဓါတ်ပုံပညာအရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုကို ပေါင်းစပ်ပြီး ကိုယ်တင်ပြတဲ့ “Photo Essay” ရဲ့ ဓါတ်ပုံတစ်ပုံချင်းစီတိုင်းမှာ အပြောင်မြောက်ဆုံး ဖန်တီးဖို့ လိုအပ်ပါတယ်။
ပထမဆုံးအချက်ကတော့ ကိုယ်တင်ပြမယ့် အဖြစ်အပျက်အကြောင်းအရာကို ဓါတ်ပုံတွေကြည့်ရုံနဲ့ နားလည်သဘောပေါက်သွားအောင် တင်ပြနိုင်ရပါမယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ကြည့်သူတွေ ပိုပြီးတော့ နားလည်သဘောပေါက်နိုင်ဖို့အတွက် “Photo Essay” ပါအဖြစ်အပျက်အကြောင်းအရာကို စာနဲ့ဖော်ပြပေးရတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဓာတ်ပုံသမားတွေ ဖြစ်ပြီး ဓာတ်ပုံပညာကို အဓိက ထားတာမို့ တတ်နိုင်သမျှ စာကိုနည်းနည်းပဲ ရေးရအောင် အားထုတ်ရပါမယ်။
အဖြစ်အပျက်တစ်ခုမှာ အစ၊ အလယ်၊ အဆုံးဆိုတာရှိပါတယ်။ ဒါကြောင့် “ Photo Essay” တစ်ပုဒ်ကို အနည်းဆုံးဓါတ်ပုံ ၃ပုံကနေ အများဆုံး ဓါတ်ပုံ ၁၅ပုံအထိသာတင်ပြသင့်ပါတယ်။ လူတစ်ယောက်က အဖြစ်အပျက်အကြောင်းအရာတစခုကို (၁၅) ပုံထက်ကျော်ပြီး၊ ကြည့်နေရရင် ငြီးငွေ့သွာမှာ သေချာပါတယ်။ ချွင်းချက်အနေနဲ့ ဘယ်ဟာကအစ၊ ဘယ်ဟာကအလယ်၊ ဘယ်ဟာကအဆုံးလို့တင်ပြဖို့မလိုတဲ့၊ ပြဖို့မဖြစ်နိုင်တဲ့ Phoyo Essay တွေလည်းရှိတတ်ပါတယ်။ ဒါကတော့ ချွင်းချက်ပါ။ အနုပညာနဲ့ ရသကို အဓိကထား တင်ပြတဲ့ Photo Essay တွေမှာ ဒါကိုတွေ့နိုင်ပါတယ်။
(ဆက်ရန်-----)
****** ဆရာ Kevin Moloney ၏ သင်တန်းပို့ချချက်များကို ကိုးကားသည်။
ကျော်ကျော်ဝင်း (X-Photographer)

No comments:

Post a Comment