Monday, October 30, 2017

“Photo Essay” ပုံရိပ်ကဗျာ အပိုင်း ၂

တင်ပြပုံအပိုင်းကို ပြောရမယ်ဆိုရင် ကိုယ်တင်ပြမယ့် ဓါတ်ပုံတွေထဲမှာ ပုံတစ်ပုံနဲ့တစ်ပုံ အကြောင်းအရာတူမနေဖို့၊ ထပ်မနေဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲကောင်းပါစေ အကြောင်းအရာတစ်ခုကို တပုံထက်ပို မပြပါနဲ့။ နှစ်ပုံမပြပါနဲ့။ ဥပမာ ကိုရင်လေးတွေရဲ့ နေ့စဉ်ဘ၀ကိုတင်ပြတဲ့ Phoyo Essay တစ်ပုဒ်ဆိုရင် ကိုရင်လေးတွေဘုရားဝတ်ပြုတာကို တပုံထက်ပို ရိုက်ပြတာမျိုး၊ ပုံနှစ်ပုံရိုက်ပြတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ပုံတွေက ဘယ်လောက်ပဲကောင်းနေနေ အကြောင်းအရာတခုကို တပုံပဲ ပြပါ။ ကိုယ်ပိုပြီး ကြိုက်တဲ့၊ ပိုကောင်းတယ်လို့ ယူဆတဲ့ တပုံကိုပဲ ရွေးပါ။ ကိုယ့်စိတ်ကြိုက်ဖန်တီးတဲ့ photo Essay ဆိုရင် ပုံအရေအတွက်ကို ကိုယ်တိုင်ကန့်သတ်လို့ ရပါတယ်။ ဒါပေမယ့် ဓာတ်ပုံပြိုင်ပွဲ ဆိုရင်တော့ ဓာတ်ပုံပြိုင်ပွဲတွေက ကန့်သတ်ထားတဲ့ ပုံအရေအတွက်အတိုင်းပဲ ကိုယ်က တင်ပြရမှာ ဖြစ်ပါတယ်။ တခါတရံမှာ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာက တအားကျယ်ပြန့်လွန်းနေတတ်ပါတယ်။ ဘယ်လောက်ပဲ ကျယ်ပြန့်လွန်းနေပါစေ ခင်ဗျအနေနဲ့ ၁၅ ပုံအထက်တော့ ပိုပြဖို့ မလုပ်သင့်ပါဘူး။
ကိုယ့် Photo Essay ထဲမှာ ဓာတ်ပုံတွေ တပုံနဲ့တပုံ ဓါတ်ပုံဖွဲ့စည်းမှု (Composition) တွေထပ်မနေအောင်ရိုက်ကူးသင့်ပါတယ်။ တစ်ပုံချင်းစီ ကွဲပြားခြားနားနေအောင် ရိုက်ရပါမယ်။ ဓါတ်ပုံရိုက်ချက်အကွာအဝေး၊ အနီးအဝေးအမြင်တွေလည်း မတူရအောင် ဂရုစိုက်ပါ။ ပုံမှန်ရိုက်နေကြ Eye Level မြင်ကွင်းတွေအပြင် နိမ့်ထောင့်၊ မြင့်ထောင် ရိုက်ချက်တွေ စုံလင်အောင်တင်ပြရပါမယ်။ အလျားလိုက် ရိုက်ချက်တွေ ချည်းပဲ ဆက်တိုက်တင်ပြနေတာမျိုးမလုပ်ပဲ ဒေါင်လိုက်ရိုက်ချက် တွေကိုပါ ပေါင်းစပ်ပေးရပါမယ်။ စံမှန်ဘီလူး၊ မြင်ကွင်းကျယ် မှန်ဘီလူးတွေ၊ အဝေးရိုက်မှန်ဘီလူးတွေအစရှိသဖြင့် မတူကွဲပြားအောင် သုံးပေးဖို့လည်း လိုအပ်ပါတယ်။ ဓါတ်ပုံကြည့်သူက ပုံသေကားချပ်ဆန်တဲ့ ဓါတ်ပုံတွေကို ဆက်တိုက် ကြည့်နေရမယ်ဆိုရင် စိတ်ဝင်းစားမှု လျော့သွားနိုင်ပါတယ်။ မတူကွဲပြားတဲ့ ဓာတ်ပုံတွေကိုတော့ ဆက်ကြည့်ရမယ်ဆိုရင်လည်း စိတ်ဝင်စားမှုကတော့ မြင့်တက်နေဦးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံတွေ တပုံနဲ့တပုံ မတူကွဲပြားနေရမယ်ဆိုတဲ့ နေရာမှာ သတိထားရမှာတစ်ချက်က စတိုင်နဲ့ အသွင်သဏ္ဏာန်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဓာတ်ပုံပညာရပ်တွေမှာ မတူညီတဲ့ စတိုင်နဲ့ အသွင်သဏ္ဏာန်တွေရှိကြပါတယ်။ ဥပမာ ရှုမျှော်ခင်းနဲ့ လူပုံတွေရိုက်ရာမှာတောင် စတိုင်နဲ့ အသွင်သဏ္ဏာန်တွေ မတူညီကြပါဘူး။ နောက်ပြီး ဓါတ်ပုံပညာရှင်တွေ၊ ဓါတ်ပုံသမားတွေမှာလည်း အများနဲ့မတူတဲ့ ကိုယ်ပိုင်စတိုင်နဲ့ အသွင်သဏ္ဏာန်တွေ၊ ဟန်တွေ သီးခြားရှိကြပါတယ်။ ဒီလိုမတူညီတဲ့စတိုင်တွေ၊ အသွင်သဏ္ဏာန်တွေကိုတော့ Photo Essay တစ်ပုဒ်တည်းမှာရောပြီးမတင်ပြသင့်ပါဘူး။
ဒါပေမယ့် ချွင်းချက်အနေနဲ့ကတော့ Frame တစ်ခုကို အသေချထားပြီး ပြောင်းလဲသွားတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို တင်ပြသွားတဲ့ Photo Essay တွေလည်းရှိပါသေးတယ်။ ဥပမာ အနေနဲ့ပြောရရင် အထင်ကရနေရာ၊ အဆောက်အဦး၊ သစ်ပင်စတဲ့ တစ်ခုခုကို ဓါတ်ပုံထဲမှာ Frame အသေယူထားပြီး ရာသီဥတုပြောင်းလဲသွားတာတွေ၊ နှစ်ကာလပြောင်းလဲသွားတာတွေ၊ အဖြစ်အပျက်ပြောင်းလဲသွားတာတွေကို တင်ပြသွားတဲ့ Photo Essay မျိုးတွေပါ။ ဥပမာထပ်ပေးရရင် ၁၂လရာသီ ရွှေတီဂုံစေတီတော်ဆိုတဲ့ Photo Essay မျိုးတွေပါ။
Photo Essay တစ်ပုဒ်မှာ စပြီးပြမယ့် ပထမဆုံးပုံက အရေးကြီးဆုံးဖြစ်ပါတယ်။ ပထမဆုံးပုံက ဆွဲဆောင်မှုရှိနေမှသာကြည့်သူက နောက်ပုံတွေဆက်ပြီး စိတ်ဝင်စားမှာဖြစ်ပါတယ်။ ကြည့်သူကိုဆက်ပြီး ကြည့်ချင်လာအောင် ဆွဲဆောင်ထားနိုင်မှလည်း ကိုယ့်ရဲ့Photo Essay က အောင်မြင်မှာဖြစ်ပါတယ်။ တချို့ Photo Essay တွေမှာတော့ အကောင်းဆုံးပုံနဲ့ အဆုံးသတ်ပေးလိုက်လို့ ပိုပြီးကောင်းသွားတာတွေ ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် အကောင်းဆုံးရိုက်ချက်၊ အကောင်းဆုံးပုံနဲ့စတင်ပြီး ဒုတိယအကောင်းဆုံးပုံနဲ့ Photo Essay ကို အဆုံးသတ်ပါ။ ဒုတိယတင်ပြမယ့်ပုံကတော့ “Photo Essay “ ပါအဖြစ်အပျက်ကြောင်းအရာ တစ်ခုလုံးကို ချုံငုံမိတဲ့ပုံဖြစ်သင့်ပါတယ်။ ကိုယ်ဘာကိုတင်ပြတော့မယ်ဆိုတာကို ကြည့်သူကိုထင်ထင်ရှားရှား သိသာစေတဲ့ ပုံမျိုးဖြစ်ပါတယ်။ ကိုယ့် Photo Essay အကြောင်းအရာအတွက် ယေဘုယျဆန်တဲ့ပုံမျိုးကို ဆိုလိုတာပါ။
ကိုယ့်ရဲ့ “Photo Essay” က ဘယ်အကြောင်းအရာအဖြစ်အပျက်မျိုးကိုပဲ တင်ပြတာဖြစ်ဖြစ် လူတစ်ယောက်ဒါမှမဟုတ် လူတွေရဲ့စိတ်ခံစားမှုအခြေနေကို ထင်ထင်ရှားရှားမြင်ရတဲ့ အနီးကပ်Portrait ပုံတစ်ပုံလည်း ထည့်ပေးသင့်ပါတယ်။ သူတို့ရဲ့မျက်လုံး၊ မျက်နှာပေါ်ကခံစားမှုကနေ တဆင့် ကိုယ့်ရဲ့တင်ပြခြင်တဲ့ အကြောင်းအရာကို ဆွဲခေါ်ပေးသွားရပါမယ်။ နောက်ပြီးအဓိကကျတဲ့ အရာတစ်ခုခုကို အနုစိတ်၊ အနီးကပ်ရိုက်ထားတာမျိုးတွေလည်း တစ်ပုံလောက်တော့ ထည့်ပေးသင့်ပါတယ်။ ပုံတိုင်းက အကြောင်းအရာနောက်ကိုပဲ လိုက်ပြီး ယေဘုယျဆန်တဲ့ ရိုက်ချက်တွေချည်းပဲ ဖြစ်နေဖို့ မလိုအပ်ပါဘူး။
ကိုယ်ရွေးချယ်ထားတဲ့ အကြောင်းအရာအပေါ်မှာ မှုတည်ပြီးတော့ တစ်ခါတစ်ရံကိုယ့် “Photo Essay” က သက်ငြိမ်ပုံတွေချည်းဖြစ်နေတာ။ တစ်ခါတစ်ရံမှာတော့ လှုပ်ရှားမှုတွေချည်းဖြစ်နေတတ်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် သက်ငြိမ်ပုံတွေချည်းပဲ ဆက်တိုက်ပြနေရင် ပျင်းရိသွားနိုင်သလို လှုပ်ရှားမှုပုံတွေချည်းပဲ ဆက်တိုက်ပြနေပြန်ရင်လည်း ကြည့်ရသူမှာ မောသွားနိုင်ပါတယ်။ အပြောင်းအလဲကိုလိုလားတောင်းတတတ်တာ လူ့စိတ်သဘာဝပါ။ ဒီတော့ ကိုယ့်ရဲ့ “Photo Essay “ က သက်ငြိမ်အကြောင်းအရာဖြစ်နေရင်တောင် လှုပ်ရှားမှုပါဝင်တဲ့ တစ်ပုံ၊ ရိုက်ချက်တခုလောက်တော့ ကြားထဲမှာ ထည့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ “Photo Essay ”က လှုပ်ရှားအသက်ဝင်တဲ့အကြောင်းအရာဖြစ်ခဲ့ရင်လည်း တည်ငြိမ်တဲ့ ပုံတစ်ပုံတော့၊ရိုက်ချက်တခုတော့ ပေါင်းထည့်ပေးလိုက်ပါ။
ကိုယ်ကိုတိုင်မကြိုက်တဲ့၊ မကောင်းတဲ့ပုံတစ်ပုံကိုတော့ ကိုယ့်ရဲ့ “Photo Essay”ထဲမှာ ရောမထည့်လိုက်ပါနဲ့။ ကိုယ်ကြိုးစားအားထုတ်သမျှ အရာအားလုံးဟာ အဲဒီဓါတ်ပုံတစ်ပုံကြောင့် ပျက်စီးသွားနိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံချင်းစီတိုင်းဟာ စိတ်ခံစားမှု Emotion၊ အကြောင်းအရာကို ထောက်ပံပေးနိုင်တဲ့ အချက်အလက်တွေ နဲ့ သတင်းအချက်အလက်တွေ information ပေးနိုင်ရပါမယ်။ ကိုယ့်ရဲ့ “Photo Essay “ ထဲမှာ ပါဝင်သမျှ ဓာတ်ပုံတိုင်းဟာ ချန်ထားခဲ့လို့မရတဲ့ ပုံမျိုးတွေပဲ ဖြစ်နေရအောင်တင်ပြပေးပါ။ဒါဆိုရင် ပြည့်စုံကောင်းမွန် အောင်မြင်တဲ့ Photo Essay တပုဒ် ဖြစ်လာမှာပါ။
ကိုယ်နောက်ဆုံးတင်ပြတဲ့ ဓါတ်ပုံက ကိုယ့်ရဲ့ “Photo Essay” ကိုပဲအဆုံးသတ်တဲ့ပုံဖြစ်ပါစေ။ ကြည့်သူရဲ့ စိတ်ခံစားမှု ၊ တွေးခေါ်မှုတွေကို အဆုံးသတ်သွားစေတဲ့ပုံမဖြစ်ပါစေနဲ့။ ကြည့်သူဆီမှာ ကိုယ့် Photo Essay ရဲ့ အဖြစ်အပျက်အကြောင်းအရာကိုလိုက်ပြီး ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊နှစ်သက်မှု၊ အလိုမကျမှုဖြစ်စေတဲ့ စိတ်ခံစားမှုတွေ ကျန်နေရစ်ခဲ့ပါစေ။ ဆက်ပြီး စဉ်းစားစရာတွေ၊ တွေးတေားစရာတွေ ချန်ထားခဲ့နိုင်တဲ့ပုံမျိုးဖြစ်ပါစေ။
ဓါတ်ပုံကောင်းတစ်ပုံတည်းရဖို့ကိုတောင်မှ စိတ်ရှည်ပြီး ဇွဲရှိဖို့လိုအပ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ Photo Essay တစ်ပုဒ်ဖြစ်လာဖို့ကတော့ ပိုပြီးတော့ စိတ်ရှည်သည်းခံဖို့၊ ဇွဲရှိဖို့ ၊အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ စိမ်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ အကျပ်တည်းတွေလည်း ကြုံနိုင်ပါတယ်။ ကိုယ်တင်ပြမယ့် အဖြစ်အပျက်အကြောင်းအရာပြည့်စုံဖို့အတွက် တစ်ခါတစ်ရံမှာတော့ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရတာတွေတောင် ရှိနိုင်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံသွားချိန်မှာတော့ ကိုယ့် Photo Essay ရဲ့ ရလဒ်ကလည်း အံ့မခမ်းဖြစ်လာမှာပါ။
ဒါတွေကတော့ “Photo Essay “ ကောင်းတစ်ပုဒ်အတွက် စံနှုန်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေကလည်း အကြောင်းမဲ့ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်လို ပေါ်ပေါက်လာရတာပါ။ နှစ်ပေါင်းများစွာ လေ့လာပြီး အစဉ်အဆက် သတ်မှတ်လာခဲ့ကြတာ၊ ပြင်ဆင်လာခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါတွေကို နားလည်သဘောပေါက်ထားဖို့တော့ လိုပါတယ်။ လောကမှာ ဘယ်အကြောင်းတရားနဲ့ သတ်မှတ်ချက်တွေမှာမဆို ချွင်းချက်ဆိုတာ ရှိကြပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေဆိုတာကို မသိပဲနဲ့တော့ ချွင်းချက်ဆိုတာတွေကို သိလာမှာ မဟုတ်ပါဘူး။ စည်းမျဉ်းသတ်မှတ်ချက်တွေကို သေသေချာချာ သိထားပြီဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် အကောင်းဆုံး ချွင်းချက်တွေကို ဖန်တီးနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားမှုအနုပညာနှလုံးသားကိုတော့ ဘောင်ခတ်ထားလို့ မရနိုင်ပါဘူး။
Photo Essay စစ်စစ်တွေကို လေ့လာကြပြီး Photo Essay စစ်စစ်တွေကို ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

*****ဆရာ Kevin Moloney ၏ သင်တန်းပို့ချချက်များကို ကိုးကားသည်။****
ကျော်ကျော်ဝင်း (X-Photographer )
ကျွန်တော်လေ့လာထားသမျှ ၊ နားလည်သမျှ ကို ပြန်မျှဝေတာပါ။ လိုအပ်ချက်တွေ၊ ချွတ်ချော်တာတွေ ရှိရင် မည်သူမဆို ဝေဖန်အကြုံပြုလို့ ရပါတယ်။

No comments:

Post a Comment