ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်ရဲ့
စံပယ်ဖြူကဏ္ဍအတွက် အစီအစဉ်လေးတစ်ခု လုပ်ပါတယ်။ ဘာလဲဆိုတော့ စံပယ်ဖြူမှာ
ပါဝင်လှုပ်ရှားနေသူ Volunteer တွေအတွက် ရည်ရွယ်တဲ့ အမေးအဖြေစကားဝိုင်းလေးပါ။
ဒီစကားဝိုင်းလေးကို ဆရာရဲ (ဒေါက်တာ ရဲမြင့်ကျော်၊ စာရေးဆရာ လကာင်္ရည်ကျော်)
နဲ့ ဆရာစိုး (ဒေါက်တာစိုးလွင်) တို့က ဦးဆောင်ပေးပါတယ်။ လူငယ်တွေက
ဘ၀တိုးတက်ရေး၊ ပရဟိတ၊ ဒါတွေနဲ့ပတ်သက်ပြီး မေးသမျှ မေးခွန်းတွေအပေါ် ဆရာတို့က
သူတို့ဖြတ်သန်းမှု၊ သူတို့ခံယူချက်၊ သူတို့အတွေ့အကြုံတွေကို
ဝေမျှပေးခဲ့ကြတာပါ။
အဲဒီမှာ ညီမလေးတစ်ယောက်က ထမေးပါတယ်။ လူတစ်ယောက်ဟာ အလုပ်တစ်ခုတည်းပဲ
လုပ်ရမှာလား၊ နှစ်ခု သုံးခုလုပ်လို့ မရဘူးလား၊ အောင်မြင်ဖို့ရော
မဖြစ်နိုင်ဘူးလား၊ ဆရာတို့က ဆရာဝန်အလုပ်၊ ကျောင်းဆရာအလုပ်အပြင်
စာရေးဆရာအဖြစ်ပါ အောင်မြင်နေကြသူတွေမို့ မေးချင်တာပါ တဲ့။
အဲဒီမေးခွန်းကို ကျောင်းဆရာဘ၀၊ ဆရာဝန်ဘ၀၊ စာရေးဆရာဘ၀၊ ၃ခုစလုံးမှာ
အောင်မြင်မှုရထားတဲ့ ဆရာရဲက ပြန်ဖြေခဲ့ပါတယ်။ ဒါလေးကို နားလည်သလို ရေးပါမယ်။
နှစ်ချက်ပါတဲ့။
ပထမတစ်ချက်က ကျယ်ပြန့်သော ဗဟုသုတ ရှိဖို့ လိုပါတယ်။
စုံထောက်ကြီး ဦးစံရှားဟာ ဆေးလိပ်ပြာကို တွေ့တာနဲ့ ဘယ်ဆေးလိပ်ကလဲ၊
ဘယ်တုန်းက ချသွားတာလဲ စသဖြင့် တန်းသိနိုင်ပေမယ့် ကမ္ဘာက နေကို ပတ်တယ်ဆိုတာ
သူမသိဘူးတဲ့။ ငယ်ငယ်ကတော့ ဆရာလည်း သဘောကျခဲ့ပေမယ့် ကြီးလာတော့ ဒါကို
သိပ်လက်မခံချင်တော့ဘူး။ နယ်ပယ်တစ်ခုမှာ Focus လုပ်တာ ကောင်းပါတယ်။ ဒါမှ
Specialist ဖြစ်မယ်၊ Professional ဖြစ်မယ်။ ဒါပေမယ့် အဲဒီတစ်ခုတည်း
သိရင်တော့ စီမံခန့်ခွဲမှုနေရာမျိုး၊ ခေါင်းဆောင်မှုနေရာမျိုး ရောက်ဖို့
ခက်သွားပါတယ်။ ဒါကြောင့် Focus လုပ်လွန်းတာကျ မကောင်းဘူးလို့ ဆိုရပါမယ်။
ဆရာဝန်တွေ စာရေးတယ်၊ ကျန်းမာရေးဆောင်းပါးမဟုတ်တဲ့ စာတွေရေးနိုင်တယ်ဆိုတာ
ကျယ်ပြန့်တဲ့ ဗဟုသုတရှိလို့ပါ။ ဒီအခါ သူ့မူရင်းအလုပ်အပြင်
ဒီစာရေးတဲ့အလုပ်မှာပါ လူတွေက လက်ခံလာတယ်။ ဆိုတော့ သူလည်း အောင်မြင်လာတယ်။
ပြောချင်တာက ဒါတွေဟာ ဆက်စပ်နေတယ်၊ လိုင်းခွဲကြည့်လိုက်ရင်တော့
ဆရာဝန်လိုင်း၊ ကျောင်းဆရာလိုင်း၊ စာရေးဆရာလိုင်း ဆိုပေမယ့် တကယ်တမ်းကတော့
ကျယ်ပြန့်တဲ့ ဗဟုသုတရှိခြင်းကနေပဲ ဒါတွေအကုန်ဖြစ်လာတာပါ။
နောက်ဥပမာဆိုရင် ကိုယ်က ရုပ်ရှင်မင်းသားဆိုပေမယ့် စိတ်ဝင်တစား
လေ့လာထားရင် ဒါရိုက်တာလည်း လုပ်လာနိုင်တယ်၊ ဇာတ်ညွှန်းလည်း ရေးလာနိုင်တယ်၊
သီချင်းလည်း ဆိုလို့ရလာနိုင်တယ်။ ဒါကြောင့် စိတ်ဝင်တစားရှိဖို့နဲ့
(ဟိုစပ်စပ် ဒီစပ်စပ်မကတဲ့) ထဲထဲဝင်ဝင် လေ့လာနိုင်မှုမျိုးပဲ လိုတာပါ။
နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မသနားပါနဲ့ တဲ့။
လူတွေက အောင်မြင်သူတစ်ယောက်၊ တော်တဲ့လူတစ်ယောက်ကို တွေ့တဲ့အခါ
သိပ်အားကျတယ်။ ဒါပေမယ့် သူ ဒီနေရာကို ဘယ်လိုရောက်လာသလဲ၊
ဘယ်လိုဖြတ်သန်းလာသလဲ၊ ဘာတွေပေးဆပ်ခဲ့ရသလဲ ဆိုတာတွေကိုတော့
အတုမယူမိတတ်ကြပါဘူး။
ဆရာတို့ ဒီလိုအခြေအနေ ရောက်လာဖို့အတွက် အခက်အခဲများစွာ
ဖြတ်ကျော်ခဲ့ကြရပါတယ်။ အဲဒီအခက်အခဲတွေက ဘာဖြစ်စေသလဲ ဆိုရင် ရင့်ကျက်မှုကို
ပေးတယ်၊ ခံယူချက်ကို မှန်စေတယ်။ စာရေးတဲ့အခါမှာလည်း အင်မတန် အသုံးကျလာတယ်။
စာတကာ့ စာတွေထဲမှာ ရင်ကိုအထိဆုံးစာဟာ ဘ၀ထဲကနေ လာတာပါ။ အတွေ့အကြုံပေါ်
အတွေးအမြင်ပေါင်းစပ်ပြီး ရေးတဲ့စာက သာမန်စာတစ်ပုဒ် မယှဉ်သာအောင်ကို
ပိုကောင်းပါတယ်။ လူက ရင့်ကျက်လာတာနဲ့အမျှ စာကလည်း အရည်အသွေးတက်လာပါတယ်။
ကိုယ့်ကိုယ်ကိုယ်သာ သနားနေရင် ညှာနေရင် ဒီလိုအနေအထားဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မသနားပါနဲ့။
ဆရာတော် မဟာဇနကာဘိဝံသ တရားဟောလိုက်၊ တရားမှတ်လိုက်၊ စာရေးလိုက်၊
တစ်နေကုန် ဆက်တိုက်လုပ်နေတော့ တပည့်တစ်ယောက်က လျှောက်ပါတယ်၊ ဆရာတော်
နားပါဦးလားဆိုတော့ ဆရာတော်ာက မိန့်တယ်၊ တရားဟောလို့ ပင်ပန်းလာတော့
တရားမှတ်လိုက်တာပေါ့၊ တရားမှတ်လို့ ညောင်းလာတော့ စာရေးလိုက်တာပေါ့ တဲ့။
သဘောကတော့ ဆရာတော်ရဲ့ အနားယူခြင်းဆိုတာ လဲလျောင်းတာ၊ အိပ်စက်တာ၊
ပျော်စရာရှာတာမျိုး မဟုတ်ပါဘူး။ ကိုယ်စိတ်ဝင်စားမှုတွေကို
ပြောင်းပြောင်းသွားလိုက်တာပါပဲ။
ကျွန်တော်တို့ ကြီးထွားဖို့ကို တားဆီးထားတဲ့ အကန့်အသတ် (Boundaries) တွေ
ရှိကြပါတယ်။ နှစ်မျိုးထပ်ခွဲရင် External နဲ့ Internal ဆိုပြီး ရှိပါတယ်။
မိဘက မပံ့ပိုးနိုင်တာ၊ ကိုယ်က နယ်မြို့လေးတစ်ခုမှာ
မွေးဖွါးကြီးပြင်းခဲ့ရတာ၊ နိုင်ငံက အလုပ်အကိုင်၊ ပညာရေးအခွင့်အလမ်း
မကောင်းတာ၊ ဒါတွေက ပြင်ပအကန့်အသတ်တွေပါ။ နောက်တစ်ခုက အတွင်းထဲမှာရှိတဲ့
အကန့်အသတ်တွေ၊ ဘာတွေလဲဆိုတော့ ငါပင်ပန်းနေပြီ၊ နားလိုက်ဦးမှ၊ ငါ
ဒီစာလေးကျက်ပြီး တော်ပြီပေါ့၊ ဒီအလုပ်မှာ အဆင်ပြေနေပြီပဲ၊ ကျန်တာ
ထပ်မလုပ်လည်း ရပါတယ်၊ စတဲ့ ကိုယ့်ကိုယ်ကိုယ် သနားညှာတာမှုတွေပဲ ဖြစ်ပါတယ်။
တစ်နေ့ ၂၄နာရီမှာ တစ်စက္ကန့်တောင် အလေ့အလွင့် မခံဘူးဆိုတာမျိုး
မဟုတ်ရင်တောင်မှ အဲဒီ မဖြစ်နိုင်ပါဘူး၊ တော်လောက်ပါပြီ ဆိုတဲ့ Internal
boundaries တွေကို တဖြည်းဖြည်း တွန်းထုတ်ကြည့်ဖို့ လိုပါတယ်။
တဖြည်းဖြည်းနဲ့ Growth ဖြစ်လာတာကို သတိထားမိပါလိမ့်မယ်။
တကယ်တော့ အလုပ်(၃)လုပ် လုပ်နိုင်တယ်ဆိုတဲ့သူက Superman မဟုတ်ပါဘူး။
အလုပ်တစ်လုပ်တည်းတောင် ထွန်းပေါက်အောင် မလုပ်နိုင်ကြတဲ့သူတွေ
များနေတာကြောင့် ထင်ပေါ်နေတာပါ တဲ့။ အမှန်တော့ အဲဒီလိုမျိုး ကိုယ်လည်း
ဖြစ်နိုင်တယ်၊ သူလည်း ဖြစ်နိုင်တယ်၊ အဲဒီအတွက် တားဆီးနေတဲ့ အကန့်အသတ်တွေကို
တွန်းထုတ်နိုင်ဖို့ပဲ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
No comments:
Post a Comment