Wednesday, October 18, 2017

Time Management

ဖေ့စ်ဘွတ်က စာဖတ်သူတစ်ယောက် ပြောသလိုပါပဲ။ ခေါင်းစဉ်အရ သာ နယ်ကလူငယ်လို့ တပ်ထားပေမဲ့ အမှန်တော့ လူငယ်တွေအားလုံးအတွက် ရည်ရွယ်ပါတယ်။ ရေးတဲ့ကိုယ်ကိုယ်တိုင်အတွက်လည်း ဒီစာတွေက သတိပေးနေသလိုပါပဲ။
လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာနံပါတ်(၅)ကတော့ အချိန်တွေ အလဟဿ ကုန်ဆုံးနေခြင်း ပါ။
ကြည့်လိုက်ရင် များသောအားဖြင့် လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ကုန်နေကြတယ်။ COC တိုက်တယ်၊ ဖေ့စ်ဘွတ်သုံးတယ်၊ ကိုရီးယားကားကြည့်တယ်၊ အဲဒီလို screen time ကလည်း တော်တော်လေး များနေတာ တွေ့ရတယ်။ ခဏတစ်ဖြုတ် ဆိုင်ထိုင်ကြတယ်၊ သူငယ်ချင်းမိတ်ဆွေတွေ ဆုံကြတယ်၊ ဒါကို နားလည်ပါတယ်။ အပန်းဖြေတဲ့အနေနဲ့ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာ၊ Information အတွက် ဖေ့စ်ဘွတ်သုံးတာ၊ ဒါတွေကိုလည်း လက်ခံပေးလို့ ရပါတယ်။ အများစုလည်း လုပ်နေကြတာပါပဲ။ ဒါပေမဲ့ အဲဒါတွေ အလွန်အကျွံ လုပ်နေမိလို့ တခြားတန်ဖိုးရှိတဲ့အလုပ်တွေ မလုပ်လိုက်ရမှာကိုသာ သတိထားကြစေချင်တာပါ။
အောင်မြင်သူအများစုဟာ အချိန်ကိုအကျိုးရှိရှိ အသုံးချခဲ့သူတွေချည်း ဖြစ်လို့ ဥပမာပြမယ်ဆို ပြစရာအများကြီးပါပဲ။ ဒီထဲကမှ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုရှုထောင့်က ကြည့်ရင်လည်း အတုယူစရာကောင်းတဲ့ လူတစ်ယောက်အကြောင်း ပြောပြလိုပါတယ်။
ဂျပန်ကားကုမ္ပဏီ Nissan အရှုံးပေါ်တော့ မဟာဗျူဟာမြောက် ခြေလှမ်းအဖြစ် Renault ကားကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ရပါတယ်။ Renault Nissan Alliance ဆိုပြီး ဖြစ်လာတယ်။ အဲဒီအခါ Nissan ကို ဦးဆောင်ဖို့အတွက် ၁၉၉၉ခုနှစ်မှာ Chief Operation Officer (COO) အသစ်အဖြစ် Renault က Carlos Ghosn ဆိုတဲ့သူ ရောက်လာပါတယ်။ ရောက်လာတဲ့အခါမှာ ကျွန်တော်အကောင်းဆုံးလုပ်ပါ့မယ်ဆိုတဲ့ General ဆန်တဲ့ စကားမျိုးမပြောဘဲ Nissan Revival Plan ဆိုပြီး ချပြတယ်။ အဲဒီထဲမှာ (၃)နှစ်အတွင်း လက်ရှိတင်နေတဲ့ အကြွေးရဲ့ ၅၀% ကျေစေရမယ် ဆိုတာအပါအ၀င် တိကျတဲ့ရည်မှန်းချက်(၃)ခု ပေးခဲ့တယ်၊ ဖြစ်မလာခဲ့ရင် အလုပ်ကနှုတ်ထွက်မယ်ဆိုတဲ့ကတိမျိုး ပေးပြီးမှ ဒီအလုပ်ကို လက်ခံခဲ့တာပါ။ အဲဒီလို ထက်မြက်တဲ့လူမျိုးဖြစ်လို့ (၃)နှစ်ပြည့်တဲ့အခါမှာ တကယ်လည်း အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။
သူ့ကို ဂျပန်မီဒီယာတွေက ကင်ပွန်းတပ်ပါတယ်၊ Mr. Seven Eleven ပါတဲ့။ မနက်(၇)နာရီကနေ ည(၁၁)နာရီထက် တောက်လျှောက်အလုပ်လုပ်တတ်သူမို့ပါ။ ကတိတွေ ပါးစပ်ထဲထွက်တာ လျှောက်ပေးပြီး အလုပ်မဖြစ်တဲ့သူမျိုး မဟုတ်ပါဘူး။ ပြောထားတဲ့စကားကိုတည်အောင် ကြိုးစားခဲ့သူ ဖြစ်ပါတယ်။
စက္ကန့်တိုင်း စက္ကန့်တိုင်းဟာ အရေးပါနေတယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမဲ့ တစ်နေ့တစ်နေ့ ကိုယ့်အတွက် အကျိုးဖြစ်ခဲ့တဲ့အချိန်ပမာဏ ဘယ်လောက်ရှိသလဲ ပြန်သုံးသပ်ကြည့်စေချင်တယ်။ အချိန်တွေ ဘယ်လိုကုန်ခဲ့သလဲ ကိုယ်တိုင်မှတ်တမ်းလေးရေးပြီး ပြန်ကြည့်လိုက်တဲ့အခါမှာ အံ့သြစရာကောင်းလောက်အောင် အချိန်တွေ လေလွင့်နေမှန်း သတိထားမိခဲ့ဖူးတယ်။ ကိုယ်ရော ဘယ်လိုလူလဲ၊ 7-11 လား၊ 9-12 လား၊ ဒါမှမဟုတ် အဲ့လိုကို ထိထိရောက်ရောက် အလုပ်ဖြစ်တဲ့အချိန်တွေရယ်လို့ လောက်လောက်လားလား ရှိမနေဘူးလား တစ်ခါလောက် သတိထား ကြည့်ကြစေချင်တယ်။
အချိန်ဆိုတာ ဆုံးရှုံးပြီးရင် ပြန်မရပါဘူး။ ပညာရေးအတွက် လေ့လာရပါမယ်၊ စီးပွါးရေးအတွက် အလုပ်ကြိုးစားရပါတယ်၊ လူမှုရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေလည်း လုပ်ရပါသေးတယ်၊ မိသားစုဘ၀ကိုလည်း ပစ်ထားလို့ မရပြန်သေးပါဘူး။ ဒီကြားထဲကမှ အပန်းဖြေဖို့ အချိန်လည်း ပေးရဦးမှာပါ။ သေချာပါတယ်၊ ဒါတွေအကုန်လုံးကို ဘယ်သူမှ တစ်ပြိုင်တည်းမလုပ်နိုင်ပါဘူး။ ဒီအတွက် ကိုယ့်အချိန်တွေကို အကောင်းဆုံးစီမံခန့်ခွဲတတ်ဖို့ အရေးကြီးလာပါတယ်။
အဲဒီလို ကိုယ့်အချိန်တွေ Productive ဖြစ်ဖို့ အားလုံးသိပြီးသား ဖြစ်နေလောက်မဲ့ အကြောင်းအရာလေးကို ပြန် remind လုပ်ချင်ပါတယ်။
ကိုယ့်အတွက် ပေါ်လာသမျှ အလုပ်တွေအားလုံးကို အုပ်စု(၄)စု ထဲ စာရင်းသွင်းကြည့်လိုက်ပါ။
အုပ်စု ၁- အရေးကြီးတယ်၊ ချက်ချင်းထလုပ်ရမယ် (ဥပမာ- ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်)
အုပ်စု ၂- အရေးတော့ကြီးတယ်၊ ချက်ချင်းလုပ်စရာမလိုသေးဘူး (ဥပမာ- မိသားစုကို အချိန်ပေးတာ၊ ပညာရပ်တစ်ခုကို လေ့လာတာ)
အုပ်စု ၃- ချက်ချင်းတော့ ထလုပ်ရမယ်၊ အရေးတော့မကြီးဘူး (ဥပမာ- ဧည့်သည်ကြိုရမှာ၊ လုပ်ငန်းခွင်မှာ ပေါ်ပေါ်လာတတ်တဲ့ အသေးအဖွဲအလုပ်လေးတွေ)
အုပ်စု ၄- အရေးလည်းမကြီးဘူး၊ ချက်ချင်းလည်းလုပ်စရာမလို (ဥပမာ- အပြင်လျှောက်လည်ဖို့ လာခေါ်တာ)
ကိုယ်လုပ်ရမဲ့အလုပ်တွေကို အဲဒီလို(၄)အုပ်စုခွဲပြီးရင် အုပ်စု ၁ ထဲက အလုပ်တွေကိုဆို ခုချက်ချင်းသာ ထလုပ်လိုက်၊ အချိန်မဆွဲပါနဲ့။
အုပ်စု ၂ ထဲက အလုပ်တွေကတော့ အရေးကြီးတယ်၊ ချက်ချင်းလုပ်စရာမလိုသေးတာကြောင့် ဘယ်တော့လုပ်မယ်ဆိုတာကို တိတိကျကျ သတ်မှတ်ထားလိုက်ပါ။ သတ်မှတ်ထားတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါ။
အုပ်စု ၃ အတွက်တော့ လုပ်နိုင်မဲ့သူ၊ လုပ်ပေးမဲ့သူကို လွှဲပေးလိုက်ပါ။
နောက်ဆုံးအုပ်စုကတော့ ငြင်းကိုငြင်းဆိုရမဲ့အလုပ်တွေလည်း ဖြစ်ပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့ဘ၀တစ်ခုကို ရဖို့ဆိုတာ တာဝန်ယူတတ်ဖို့လိုသလို၊ ငြင်းဆိုတတ်တဲ့အရည်အချင်းလည်း ရှိဖို့လည်း အရေးကြီးပါတယ်။
ဒါကြောင့် လူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့နံပါတ်(၅)ကတော့
အားလုံးမှာ တစ်နေ့ကို အချိန်(၂၄)နာရီစီပဲ ရပါတယ်။ သမ္မတမို့လို့ ပိုမရသလို၊ ကုန်တင်ကုန်ချလောက် လုပ်နေရတာပဲဆိုပြီးလည်း လျှော့မပေးပါဘူး။ အားလုံးတပြေးညီပဲ ရနေကြတာပါ။ ဒါပေမဲ့ အဲဒီအချိန်တွေကို ဘယ်လိုအသုံးပြုသလဲဆိုတာကပဲ ကိုယ်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဖတ်ခဲ့ဖူးတဲ့ အချိန်နဲ့ပတ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ကို နောက်ဆုံးအနေနဲ့ ဝေမျှလိုက်ပါရစေ
  • တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ
  • တစ်လရဲ့တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကို မေးကြည့်ပါ
  • တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ်ဂျာနယ်ရဲ့ အယ်ဒီတာကို မေးကြည့်ပါ
  • တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင်
ကလေး၆ယောက်ကို ကျွေးနေရတဲ့ နေ့စားအလုပ်သမားကို မေးကြည့်ပါ
  • တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင်
ဆုံစည်းဖို့စောင့်နေကြရတဲ့ ချစ်သူတွေကို မေးကြည့်ပါ
  • တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ
  • တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ
  • တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်
အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်ပါ
အချိန်ဟာ ထားတတ်ရင် ထားတတ်သလောက် တန်ဖိုးရှိပါတယ်

No comments:

Post a Comment