တကယ်တော့ ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာဟာ အင်မတန်မှကို
သိမ်မွေ့တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်တွေမှာ ရေးကြတယ်၊ စာအုပ်တွေမှာ
ရေးကြတယ်၊ ဘယ်လိုပဲရေးရေး၊ ဘယ်အရာကိုမှ လှေနံဓားထစ် ကျင့်သုံးလို့
မရပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ကလေးရဲ့ အနေအထားပေါ် မူတည်ပြီးပဲ
အကောင်းဆုံးဖြစ်အောင် ပျိုးထောင်သွားရတာပါ။
ဒီ ၂၁ ရာစုမှာတော့ လူတစ်ယောက် အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေဟာ
ပိုပြီးတော့ များလာပါတယ်။ အရင်က စာတတ်ပေတတ်ပုဂ္ဂိုလ်ဆို ကိုယ့်မိခင်ဘာသာစကား
ရေးတတ် ဖတ်တတ်တယ်ဆို လုံလောက်ပြီပေါ့။ ခုခေတ်ကျတော့ Global literacy
လို့ခေါ်တဲ့ ကမ္ဘာနဲ့ချီပြီး တွေးနိုင်ခေါ်နိုင်၊ ပြောနိုင်ဆိုနိုင်တဲ့
အစွမ်းအစ၊ Digital literacy လို့ပြောရမယ့် နည်းပညာတွေကို ဘယ်လောက်ထိ
ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလဲ ဆိုတာတွေ ထပ်တိုးလာပါတယ်။ ဒီနှစ်ခု
မရှိထားရင် အဲဒီလူကို စာတတ်တယ်လို့ ဒီခေတ်မှာ မသတ်မှတ်တော့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် လုပ်တော့
တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို မေးပါတယ်။ ခေတ်သစ်မှာ အောင်မြင်ဖို့ဆိုရင်
ဘယ်လိုအရည်အချင်းမျိုးတွေ လိုလာမလဲ။ ဒီအခါ ခေတ်သစ်အတွက် မရှိမဖြစ်
လိုအပ်လာမယ့် အရည်အသွေး ၁၀ ခုကို ခေါင်းဆောင်တွေကနေ
ထုတ်နှုတ်ပြောပြခဲ့ပါတယ်။ အဲဒါလေးတွေကို ဝေမျှပေးပါရစေ။
၁။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility)
အစားအသောက်၊ အ၀တ်အစား စတာတွေနဲ့ ပတ်သက်ပြီး ကလေးကို ဒါဆိုဒါမှ
ဆိုတာမျိုး အကျင့်မလုပ်နဲ့၊ အလိုမလိုက်ပါနဲ့။ ဘယ်လိုအခြေအနေမျိုးမှာမဆို
အံဝင်ခွင်ကျ နေနိုင်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှသာ
အချိန်တိုအတွင်း အပြောင်းအလဲတွေ ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ သူဟာ အလွယ်တကူ
အသားကျသူတစ်ယောက် ဖြစ်လာမှာပါ။
၂။ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Negotiation)
အဆော့မက်တဲ့ကလေး၊ ညဘက်ဆို မအိပ်တတ်တဲ့ကလေး၊ အစားမစားတဲ့ကလေးကို
ဘယ်လောက်ဆော့ခွင့်ပေးမယ်၊ ပြီးရင် အစားစားရမယ် ဆိုတာမျိုးလေး
ညှိနှိုင်းပေးပါ။ ငါ မိဘပဲ ဆိုတာမျိုးနဲ့ တစ်ဖက်သတ်မလုပ်ပါနဲ့။ ကြာတဲ့အခါ
ကလေးဟာ တစ်ဖက်သတ် ဆိုတာတွေနဲ့ ယဉ်လာပြီး သူကိုယ်တိုင်လည်း တစ်ဖက်သတ်လုပ်ရင်
လုပ်လာမယ်၊ သူများက သူ့ကို တစ်ဖက်သတ် လုပ်နေလည်း ငြိမ်ခံနေတဲ့ကလေးမျိုး
ဖြစ်လာနိုင်ပါတယ်။
၃။ ၀န်ဆောင်မှုပေးတတ်ခြင်း (Service orientation)
အိမ်ကို ဧည့်သည်တွေ လာတဲ့အခါ ကလေးကိုပါ ဧည့်ခံစေပါ။ အအေး၊
ကော်ဖီချပေးတာ၊ နှုတ်ဆက်စေတာ၊ ဒါမျိုးတွေ အလေ့အကျင့် လုပ်ခိုင်းပါ။ တကယ်တော့
ဝန်ဆောင်မှုဆိုတာ ကိုယ်ချင်းစာစိတ်ပါပဲ။ ငါသာ သူ့နေရာမှာဆို ဘယ်လိုမျိုးလေး
အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုပြီး တွေးတတ်တဲ့ အလေ့အထရှိနေဖို့ အဓိက
လိုတာပါ။ အဲဒီစိတ်လေး ငယ်ငယ်ကတည်းက ၀င်သွားရင် ကြီးလာတဲ့အခါ
ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေမယ်။ ပြုံးရွှင်ချိုသာစွာနဲ့ ဘယ်သူ့ကိုမဆို
နှုတ်ဆက်တတ်မယ်။ လူချစ်လူခင် များပါမယ်။
၎။ ဆုံးဖြတ်ချက်ချခြင်း (Decision making)
ကလေးကို ဒါ လုပ်၊ ဒီကို သွား ဆိုတာမျိုး မပြောဘဲ သူ့အရွယ်နဲ့ ကိုက်ညီတဲ့
ကိစ္စရပ်တိုင်းမှာ ဆုံးဖြတ်ချက်ချစေပါ။ အပြင်သွားဖို့ အကျီင်္ရွေးတယ်
ဆိုပါစို့။ မိဘက ဆင်ပေးလိုက်တာမျိုး မဟုတ်ဘဲ သူ့ကို ရွေးချယ်ခိုင်းပါ။
ဘာအရောင်၊ ဘာအကျီင်္၊ ပြီးတော့မှ သူ့ရွေးချယ်မှုရဲ့
နောက်ဆက်တွဲဖြစ်နိုင်တာတွေကို ကလေးဉာဏ်မီနိုင်သလောက် ရှင်းပြပါ။ ဒါဆို
နောက်ဆက်တွဲအကောင်းအဆိုးကို စဉ်းစားပြီး ဆုံးဖြတ်ချက် ချတတ်တဲ့ အလေ့အကျင့်
ရှိလာပါလိမ့်မယ်။
၅။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားခြင်း (Emotional intelligence)
EQ မြင့်ဖို့ကတော့ ခုနောက်ပိုင်းမှာ တအားကို ပြောလာကြတာ မိဘများလည်း
သိပြီးဖြစ်မှာပါ။ အဓိကက စိတ်ခံစားချက်တွေကို သိဖို့၊ ထိန်းနိုင်ဖို့ပါပဲ။
တိုတိုပြောရရင် စိတ်အလိုမလိုက်ဖို့ပေါ့။ ဒီနေရာမှာလည်း မိဘတွေအနေနဲ့
ကိုယ့်ကလေးကို ပျိုးထောင်ပေးတာမျိုး လုပ်နိုင်ပါတယ်။ မနက်စောစော ကလေးက
မထချင်ဘူးဆိုရင် အလိုလိုက်ပြီး ပြန်ပေးမအိပ်ပါနဲ့၊ ထခိုင်းပါ။ အဲဒီလို
ကိုယ့်စိတ်ကိုယ် နိုင်နင်းတဲ့ အလေ့အကျင့်လေး ငယ်ငယ်ကတည်းက
ပျိုးထောင်ပေးထားမှ ကြီးလာတဲ့အခါ EQ မြင့်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
၆။ အများနဲ့ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Coordinating with others)
မောင်နှမချင်း၊ ကလေးကလေးချင်း ပေးဆော့ပါ။ လိုအပ်ရင် မိဘကပါ
ဝင်ပြီးဆော့ပါ။ ဒါမှ ကလေးဟာ ညှိနှိုင်းတတ်သူ၊ မတူညီတာကို
သည်းခံတတ်သူတစ်ယောက် ဖြစ်လာမှာပါ။
၇။ လူအများကို စီမံခန့်ခွဲတတ်ခြင်း (People management)
ဒါကတော့ လူတွေကို ဘယ်လိုစည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်၊ ညှိနှိုင်းရမယ်၊
လူ့သဘော သဘာဝတွေအကြောင်း သိထားရမယ်။ ဒါကို ဆိုလိုတာပါ။ ဒီအတွက် ကလေးကို
ခေါင်းဆောင်စိတ် ရှိနေအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်
ပျိုးထောင်ထားဖို့ လိုပါတယ်။ ကလေးတွေအချင်းချင်း ဆော့နေတဲ့အခါ
သတိထားကြည့်ကြည့်ပါ။ ကိုယ့်ကလေးက ကလေးတွေအားလုံးကြားထဲ
ခေါင်းဆောင်တစ်ယောက်လို ပုံစံပေါက်နေပြီဆိုရင်တော့ ကိုယ့်ရဲ့
ပျိုးထောင်မှုဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။
၈။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
ပန်းချီသင်ပေးတာ၊ သိပ်ငယ်လွန်းရင်လည်း ပုံတွေဆွဲစေတာ၊ အရောင်လေးတွေ
ခြယ်တာ စတဲ့ ကစားနည်းတွေက ကလေးရဲ့ တီထွင်ကြံဆနိုင်စွမ်းကို
မြင့်တက်စေပါလိမ့်မယ်။
၉။ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်း (Critical thinking)
ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ဆိုတာ အင်မတန်မှကို
လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအရည်အသွေး မရှိရင် အလွယ်တကူ လိမ်ခံရမယ်။
လူ့အသိုင်းအ၀ိုင်းထဲ ရှင်သန်ဖို့ရာ မလွယ်ဘူး။ ကလေးဘ၀မှာတော့ သူတို့တွေဟ
အားလုံးကို သိချင်ကြတယ်။ မေမေ ဒါက ဘာလို့အဲ့လိုဖြစ်တာလဲ၊ ဖေဖေ နေက
ဘာလို့အရှေ့က ထွက်တာလဲ စတဲ့ မေးခွန်းတွေကို တတ်နိုင်သလောက် ဖြေပေးပါ။
အရှေ့က ထွက်ချင်လို့ ထွက်တာပေါ့ ဆိုပြီး စိတ်မရှည်ဘဲ ဖြေလိုက်ရင်၊
အမေးအမြန်းက ထူလိုက်တာ ဆိုတာမျိုး ပြစ်တင်မိရင် ကလေးက
အဲဒီလိုဆက်စပ်တွေးခေါ်တာတွေ မလုပ်တော့ဘဲ အချက်အလက်ကိုပဲ
အသေမှတ်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
၁၀။ ပြဿနာဖြေရှင်းခြင်း (Problem solving)
ကလေးအတွက် ပြဿနာဆိုတာ ဘာများဖြစ်မလဲ။ ခဲတံကျိုးသွားတာ၊ သူ
ကြိုက်တဲ့ပစ္စည်းတခုခု ပျက်စီးသွားတာ စတာတွေက သူ့အတွက် ပြဿနာတွေပေါ့။
ဒါတွေကို သူ ဘယ်လိုသဘောထားသလဲ၊ ရင်ဆိုင်ကျော်လွှားသလဲဆိုတာ အရေးကြီးပါတယ်။
အဲဒီအပြင် မိဘတွေအနေနဲ့ သူ့အတွက် ပြဿနာတွေလည်း ဖန်တီးပေးလို့ရပါသေးတယ်။
အဲဒါကတော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးစေတဲ့ အရုပ်ဆက်ကစားနည်းလို
နောက်ဆုံးသူလိုချင်တာ ရလာဖို့အတွက် လက်ရှိ ကြုံသလို ဆက်ထားတဲ့ အရုပ်တွေကို
သူဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ပုံစံနဲ့ သူ့ရဲ့ ပြဿနာဖြေရှင်းမှု အရည်အသွေးကို
ပျိုးထောင်ပေးလို့ရပါတယ်။
ဆယ်ကျော်သက်ချင်း တူပေမယ့်၊ လူ့လောကထဲ ရောက်တာ ၁၅ နှစ် ၁၆ နှစ်လောက်
ရှိသေးတာချင်း တူပေမယ့် တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊
စဉ်းစားတွေးခေါ်တတ်တယ်၊ လူတွေနဲ့ ပေါင်းသင်းတတ်တယ်၊ အမြင်ကျယ်တယ်၊
ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံးဖြေရှင်းနိုင်တယ်။ ဒါပေမယ့်
နောက်တစ်ယောက်ကတော့ လူကြီးပြောမှ လုပ်တတ်တယ်၊ လူကြီးပါမှ သွားရဲလာရဲတယ်၊
အပေါင်းအသင်း မ၀င်ဆံ့ဘူး၊ ဘာမဟုတ်တဲ့ ပြဿနာလေးအတွက် အကြီးအကျယ်
တုန်လှုပ်နေတယ်။
ဘာလို့ ဒီလိုတွေကွာခြားနေတာလဲ။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ ငယ်ငယ်က သူတို့မိဘတွေက သူတို့ကို ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲ ဆိုတာကြောင့်ပါပဲ။
ဒါကြောင့်မို့ မိဘများအနေနဲ့ ကိုယ့်ကလေးကို ခေတ်သစ်အတွက်
အဆင်သင့်ဖြစ်နေအောင် ခုကတည်းက အကောင်းဆုံး ပြုစုပျိုးထောင်နိုင်ကြစေဖို့
လိုအပ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
Tuesday, January 30, 2018
Monday, January 22, 2018
သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်
သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို
အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊
လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအ၀ိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ
ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား
အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ
မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့
ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။
ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခာ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခာ မကောင်းသူကတော့ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ အနိုင်ကျင့်စရာလို့ မြင်မယ်။ အကြမ်းဖက်စော်ကားမယ်။ ဘာလို့ဆိုတော့ ကလေးပဲ၊ ငါဘာလုပ်လဲ သိမှာမှမဟုတ်တာလို့ တွေးတာကိုး။ ဒါကြောင့်မို့ ကလေးတွေကို သိအောင် ပြောပြထားရမယ်။ ဒါမှ ဒီလိုလုပ်တာဟာ သူတို့ကို မကောင်းတဲ့အပြုအမူတစ်ခု လုပ်နေတာပါလား ဆိုတာ သိလိမ့်မယ်။
ဒါမှ လက်မခံဘဲ ငြင်းဆန်နိုင်လိမ့်မယ်။ ဒီအတွက် ကလေးတွေကို ဘာတွေ သင်ပေးထားဖို့ လိုမလဲ။
၁။ ရင်သား၊ တင်ပါးနဲ့ လိင်အင်္ဂါ စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ သီးသန့်ဆန်တဲ့ Private parts တွေ ဖြစ်တာကြောင့် ဘယ်သူပဲဖြစ်ဖြစ် အဲဒီနေရာတွေကို လာကိုင်ရင် လုံးဝလက်သင့်မခံဖို့ မှာထားပါ။ အဖေနှင့်အမေကလွဲပြီး ဘယ်သူကမှ အဲဒီအစိတ်အပိုင်းတွေကို အ၀တ်မပါဘဲ မမြင်သင့်ကြောင်း ပြောပြပါ။ ကလေးတချို့ဟာ ဒီလိုကိစ္စတွေ ကြုံရတဲ့အခါမှာ ဘာလုပ်လို့ လုပ်လိုက်မှန်းတောင် မသိကြပါဘူး။ အကြောင်းကတော့ လူကြီးတွေက ပြောပြမထားကြလို့ပါ။
၂။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ရဲ့ အဲဒီအစိတ်အပိုင်းတွေကို ဓါတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း ပြောထားပါ။ ကမ္ဘာမှာဆိုရင် ကလေးသူငယ်နဲ့ လိင်ဆက်ဆံရတာကို တပ်မက်တဲ့သူတွေဆီ အဲဒီဓါတ်ပုံတွေ ရောင်းချတာမျိုးက လိင်လုပ်ငန်းတစ်ခုအနေနဲ့ တွင်တွင်ကျယ်ကျယ်ကို ရှိပါတယ်။
၃။ အဲဒီလိုပဲ တစ်ဦးတစ်ယောက်ကနေ သူ့ရဲ့ အဲဒီလိုအစိတ်အပိုင်းတွေကို ကိုင်ကြည့်ဖို့ ကလေးကို ပြောလာရင်လည်း လက်သင့်မခံဖို့ ပြောထားပါ။ ဘာလို့ဆိုတော့ ကျူးလွန်သူတွေဟာ ကလေးကို အဲဒီလိုကိုင်ကြည့်ခိုင်းခြင်းဖြင့် အဓမ္မပြုကျင့်မှုကို စတင်တတ်ကြလို့ပါပဲ။
၎။ ဖြစ်သမျှအကြောင်း အကုန်အစင်ကို မိဘကို ထုတ်ဖော်ပြောခြင်းကသာ သူတို့အတွက် ဘေးကင်းမှာဖြစ်ကြောင်း ကလေးကို အသိပေးထားပါ။ လူကြီးကို ပြန်ပြောရင် သတ်ပစ်မယ်၊ ဒုက္ခပေးမယ်ဆိုပြီး ကျူးလွန်သူတွေဟာ ကလေးတွေကို ခြိမ်းခြောက်ထားတတ်ကြလို့ ဖြစ်ပါတယ်။
၅။ မူမမှန်တဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဒါမှမဟုတ် ဖြစ်နေတယ်လို့ ခံစားရရင် ချက်ချင်းရှောင်ထွက်ဖို့ အသိပေးပါ။ လူကြီးမိဘဆီ လျှို့ဝှက်ဆက်သွယ်နိုင်အောင်လည်း သင်ပေးထားပါ။ (ကလေးနဲ့မိဘသာ သိတဲ့ဆက်သွယ်မှုမျိုး ဥပမာ သီချင်းတစ်ပုဒ်ဆိုလိုက်တာ၊ ထူးခြားသောအသံတခုခု ပြုတာ) တအားရုန်းကန် အော်ဟစ်ပြန်ရင်လည်း ကလေးကို တခုခု အန္တရာယ်ပေးလိုက်မှာ စိုးရိမ်ရပြန်ပါတယ်။ ဒါကိုလည်း သတိထားစေချင်တယ်။
၆။ ကလေးဆီမှာ လျှို့ဝှက်ထားတာ ဘာတစ်ခုမှ ရှိမနေစေဖို့ မှာထားပါ။ နည်းနည်းကြီးတဲ့ ကလေးက ကလေးအချင်းချင်း ပြုလုပ်တာမျိုးရှိနိုင်ပြီး၊ နင် ငါနဲ့ကစားရတာ ပျော်ရင် ဒီကိစ္စကို လျှို့ဝှက်ထားကြေး ဆိုတာမျိုးနဲ့ ကလေးကို မှာထားတတ်ကြတယ်။
၇။ အခုသင်ပေးခဲ့သမျှတွေအားလုံးဟာ သူစိမ်းများနဲ့သာ သက်ဆိုင်တာမဟုတ်ဘဲ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့ ကလေးအချင်းချင်းမှာပါ အဲဒီလိုပြုမူမှုများ ရှိလာရင် လူကြီးမိဘကို အသိပေးဖို့လိုမှာဖြစ်ကြောင်း အသိပေးထားပါ။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ စစ်တမ်းအရ ကလေးသူငယ်အဓမ္မပြုကျင့်မှုတွေမှာ သူစိမ်းပြုကျင့်တာက ၇ ရာခိုင်နှုန်းသာ ရှိပြီး ကျန် ၉၃ ရာခိုင်နှုန်းမှာတော့ ရင်းနှီးသူတွေရဲ့ ပြုကျင့်ခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စစ်တမ်းရယ်လို့ ခိုင်ခိုင်မာမာ မရှိသေးပေမယ့် လတ်တလော တွေ့ရှိချက်တွေအရ ရင်းနှီးသူများကသာ ပြုကျင့်နေကြတာ များပါတယ်။ ဒါကြောင့်မို့ ကလေးမိဘတွေ၊ အုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးကို ဒီလို အသိပညာတွေ ပေးထားခြင်းဖြင့် ကလေးတွေအတွက် မှန်ကန်တဲ့ ကာကွယ်ပေးမှုတွေ လုပ်ထားကြဖို့ လိုပါတယ်။
ရေးသားသူ Dr. Phio Thiha

Saturday, January 6, 2018
Extrovert or Introvert.
လူနှစ်မျိုးရှိတယ်ဆိုတာ သိထားရပါမယ်။ တစ်မျိုးက extrovert တစ်မျိုးက introvert.
ကိုယ့်typeက Introvert လား extrovert လား သိထားရင် နည်းနည်းသက်သာတယ်။ ဘာလို့လဲဆိုတော့ introvert တွေကို လူတွေက သိပ်နားမလည်ကြဘူး။ သူတို့ အထင်က တစ်မျိုးဖြစ်လေလေ ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိလေလေ ဖြစ်တတ်လို့ပါ။
introvert က လူများများနဲ့ ရောလို့မရဘူး။ စကားများများ မပြောတတ်ဘူး။ လူအများစုဝေးကြပြီဆို သူက ဒေါင့်တစ်ဒေါင့်မှာ ကပ်ပြီး တိတ်တိတ်လေး ကြည့်နေတတ်တယ်။ သူတစ်ယောက်တည်း အဲလို ကြည့်နေရတာကို ကြိုက်တယ်။ သူ့ကို လူတွေစကားလာပြောရင် ဘာပြန်ပြောရမှန် ရုတ်တရက် မသိလို့ လူတွေစကားလာများတာကို စိတ်အနှောင့်အယှက်ဖြစ်တယ်။ ဒါပေမယ့် ခင်တဲ့ မင်တဲ့သူတွေကိုတော့ တစ်ခွန်းခြင်း အေးအေးဆေးဆေး အကြာကြီး ပြောနိုင်တယ်။
သူနဲ့ စကားပြောရမယ့်သူကို ရွေးသလို ပြောမယ့်အကြောင်းအရာကိုလည်း ရွေးတယ်။ စကားစုံအောင် မပြောတတ်ဘူး။ တောင်ရောက် မြောက်ရောက် မပြောတတ်ဘူး။ အာလာပသာလာပလည်း မပြောတတ်ဘူး။
စခြင်းနောက်ခြင်း လုပ်ခဲတယ်။ ရွှတ်နောက်နောက် မနေတတ်ဘူး။ သူများရွှတ်နောက်နောက်လုပ်ရင်လည်း သူနားမလည်နိုင်ဘူး။
လူတွေနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းတတ်တယ်။
သိပ္ပံပညာရှင်တွေ တွေးခေါ်ပညာရှင်ကြီးအာကာသယာဉ်မှုးတွေ ဆေးပညာရှင်တွေ တော်တော်များများက introvert တွေ။ သူတို့ introvert ဖြစ်လို့သာ တစ်ယောက်တည်း နာရီပေါင်းများစွာ ရက်ပေါင်းများစွာ နေပြီး အလုပ်လုပ်နိုင်တာ။ introvert မဟုတ်ရင် တစ်ယောက်တည်း အချိန်အကြာကြီး မနေနိုင်ဘူး။
extrovert က ကျတော့ အဲသလို မဟုတ်ဘူး။ extrovert က လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံနေရမှ။ သူငယ်ချင်းတွေ အပေါင်းအဖော်တွေနဲ့ တရုံးရုံးလုပ်နေရမှ။ သူ့မှာ သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ သူ့သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရတော့မယ်ဆိုရင်ကို အူတွေမြူးပြီး ပျော်နေတာ။ လူအသစ်တွေနဲ့ ခင်လွယ်မင်လွယ် ရင်းနှီးလွယ်တယ်။
introvert က သူငယ်ချင်း နည်းနည်းပဲထားတယ်။ ပြီးတော့ သူတို့က လူအသစ်တွေနဲ့ မပေါင်းချင်ဘူး။ လူဟောင်းတွေနဲ့ပဲ ရိုးရိုးပဲ ပေါင်းသင်းဆက်ဆံနေသွားချင်တာ။
extrovert ကို လူတွေက ပိုခင်ကြတယ်။ ဘာလို့လဲဆိုတော့ သူက စကားပြောနေရရင် ကြိုက်တဲ့သူဆိုတော့ လူတွေက သူနဲ့တွေ့ရင် မပျင်းရလို့လေ။
ဘာပြောရပြောရ ပြောနေရရင် ပြီးရော ကြိုက်တယ် ဆိုတဲ့သူဖြစ်နေတော့ သူက စမယ် နောက်မယ် သူ့အကြောင်းကိုယ့်အကြောင်း ဘာမှအရေးမကြီးတဲ့အကြောင်းလည်း ပြောတယ် ၊ လူတွေရဲ့ ခင်မင်မှုကိုရတာ ကြိုက်တယ် ဆိုတော့ introvert နဲ့ extrovert ယှဉ်လိုက်ရင် extrovert က လူချစ်လူခင်များပါတယ်။
introvert က အကြောင်းအရာရွေးတယ် ၊ ဒါအပြင် ပြောမယ်ကြံပြီးခါမှ တော်ပါပြီလေ မပြောလည်း ရတာပဲ ဆိုပြီး သူက ပါးစပ်ပိတ်သွားရော။ အဲဒီတော့ လူတွေ ဟင် သူက ငါတို့ကို မခင်ဘူး မခင်လို့ ဘာစကားမှ မပြောတာ မခင်လို့ ငါတို့နဲ့ မရောတာလို့ ထင်သွားတတ်တယ်နော်။ အမှန်တော့ သူက မခင်တာ မဟုတ်ဘူး ခင်ပါတယ် ၊ ဒါပေမယ့် introvert ဖြစ်နေတော့ သူက အတွင်းလှည့်ဖြစ်နေတယ်။ သူ့အတွင်းထဲကို ပြန်ပြန်လှည့်ကြည့်ပြီး သူ့အတွင်းထဲက မပြောပဲနေလို့ရရင် မပြောတော့ဘူး။
ပြောပြီး ပြီးရော ဆိုတဲ့သူလည်း မဟုတ်ဘူး ၊ ပြောပြီး ပြန်ပြန်စဉ်းစားတယ် ၊ အဲဒါက ဘယ်လို ၊ ဟိုဟာက ဘယ်လို စသဖြင့် ၊ ပြီးတော့ သူက အဲဒါတွေ အကုန်လုံးကို အစာချေသလို ပြန်ချေတယ်။ ပြန်တွေးပြီး အစာချေသလို ချေလိုက်ရမှကို သူက နေသာထိုင်သာ ရှိတယ်။
သူမှားသွားရင် သူ့အမှားသူ တနုံ့နုံ့နဲ့ တွေးမပြီးတော့ဘူး။ လူတွေအတွက် ဘာမှ seroius ဖြစ်စရာမလိုတာကို သူက ဖြစ်နေတော့ သူ့မှာ မပြီးနိုင်မစီးနိုင်ဖြစ်နေတာကို လူတွေက စိတ်မရှည်ဘူး။ သူများက ပြီးပြီ ၊ မေ့သွားပြီ ၊ သူက မပြီးသေးဘူး ပြောနေတုန်း ။ ကြာတော့ သူ့ကို အဲဒါကြီး မေ့လိုက်ပါတော့ကွာလို့ ပြောယူရတဲ့အထိပဲ serious ဖြစ်တတ်တယ်။
ဒီနေရာမှာ extrovert က အေးဆေးပဲ။ သူမှားသွားလည်း သိပ်စိတ်မပူဘူး။ ဘာလို့လဲဆိုတော့ သူ့ကို လူတွေက ဒီလောက်ကြီး seroius ဖြစ်နေမှာ မဟုတ်ဘူးလို့ သိထားလို့။ လူတွေကို သူကလည်း သိပ်serious ဖြစ်မနေဘူး။ အခင်အမင်ပျက်တယ် ဆိုတာ မပျော်တတ်တဲ့သူတွေကြားမှာ ဖြစ်ကြတာလို့ သူယုံကြည်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခင်ကြတယ်ဆိုရင် စ နောက် အမှားပါလည်း ခွင့်လွှတ်လိုက် အကြာကြီး သိပ်တွေးမနေနဲ့ ဆိုတဲ့သူမျိုး။
introvert က လူရွေးပေါင်းသလို သူတို့ခင်မိရင်လည်း တစ်သက်တာပဲ။ သူတို့တကယ်ခင်တဲ့သူ သူတို့ကို စိတ်ဆိုးမှာ သိပ်ကြောက်တတ်တယ်။ စိတ်ဆိုးသွားရင်လည်း သူတို့မှာ ဘာလုပ်ရမှန်း မသိအောင်ဖြစ်တတ်ကြတယ်။ ချော့တယ် ဆိုတာ သူတို့သိပ်မလုပ်တတ်ဘူး ။ ဒါပေမယ့် သူတို့ ချစ်တဲ့ခင်တဲ့သူအတွက် အနစ်နာခံရဖို့ ဝန်မလေးတတ်ပါဘူး။ လိုလိုလားလား အနစ်နာခံတတ်ကြပါတယ်။
ချစ်မိပြီဆို စွဲစွဲမြဲမြဲချစ်တဲ့သူမျိုးပါ။ စိတ်ပျက်လို့ ဟင်ခနဲ ဆိုလည်း လှည့်ကိုမကြည့်တော့ဘူးဆိုတဲ့သူတွေပါ။ သူတို့ကို နားလည်နိုင်တဲ့သူ ရှားလို့ တစ်ကိုယ်တည်း အထီးကျန်နေတတ်ကြတာလည်း များပါတယ်။
ကိုယ်ဟာ introvert တစ်ယောက်ဖြစ်နေရင် introvertတွေဟာ လူ့လောကမှာ နေရတာ အခက်တွေ့ရတာ ပိုများတယ် ဆိုတာ သဘောပေါက်ထားရမယ် အဲဒါ ဘာ့ကြောင့်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။
တကယ်တော့ introvert စစ်စစ် extrovert စစ်စစ် ဆိုတာ ဖြစ်ခဲပါတယ်။ နည်းနည်းရောနေတတ်တာချည်းပါ။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် introvert ဘက်များတယ် ဆိုရင်တောင် extrovert လေးနည်းနည်း ရှိပါသေးတယ်။ လူတွေနဲ့ ရောရောနှောနှော ရီရီမောမောလေး အချိန်အတိုင်းအတာလေး တစ်ခုထိတော့ နေလို့ရပါတယ် ၊ ပျော်ရမှာပါ။ အကြာကြီးသာ မရတာ။ ကိုယ့် Type ကိုကိုယ်သိပြီး အကောင်းဆုံးဖြစ်အောင် လုပ်ယူသွားလို့ရပါတယ်။ တစ်ခါတလေ introvert တစ်ယောက်က လိုအပ်ရင် extrovert ဖြစ်လို့ရသေးတယ်။ အမြဲတမ်းကြီးတော့ မဖြစ်နိုင်ဘူးပေါ့။ တချို့လည်း ငယ်တုန်းမှာ extrovert ဖြစ်ပြီး အသက်ကြီးလာတော့ introvert ဘက်ကို ပြောင်းလဲလာတာမျိုးလည်း ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ယောက်တည်းလည်း ပျော်မှဖြစ်မယ် ဆိုတာ သတိမမေ့ဖို့ အရေးကြီးပါတယ်။
ကိုယ့်အကြောင်းလေးကိုယ် သိထားပြီး ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် လူတွေနဲ့ ခင်ခင်မင် ပြောဆို ဆက်ဆံမိဖို့ အလေ့အကျင့် လုပ်သင့်ပါတယ်။ မကြောက်ပါနဲ့။ နည်းနည်းလည်း စိတ်ပင်ပန်းခံသင့်ပါတယ်။ သိပ်အများကြီးတော့ မခံပါနဲ့။ လူတချို့ဟာ ခင်စရာကောင်းပါတယ်။ သူတို့ကို စိတ်ထဲမှာထားပြီး လူလူချင်းဆက်ဆံရေးကို မြတ်နိုးပါ။
လူတွေကို ရိုးရိုးသားသား ခင်မင်မိလို့ ခံရမယ်ဆိုလည်း လူ့လောကမှာ လူတစ်ယောက်အနေနဲ့ ပြည့်ပြည့်ဝဝ နေသွားလိုက်ရချင်တဲ့သူအတွက် အဲဒီအတွက်ခံလိုက်ရဖို့ ဘာမှ တွန့်ဆုတ်နေစရာမရှိပါဘူး။ လူတွေကို မရိုးမသားနဲ့ ဟန်လုပ်ပြီး မဆက်ဆံမိဖို့ပဲ လိုတာပါ။
ဆက်ဆံရေးဟာ အနုပညာတစ်မျို့းပါ။ ပညာတစ်မျိုးပါ။
ဒီဆက်ဆံရေးနဲ့ပဲ ပျော်ရွှင်မှုတွေ ရရတာ စိတ်ချမ်းသာမှုတွေ ရရတာ နွေးထွေးလုံခြုမှုတွေ ရရတာ နော်။
ဒီဆက်ဆံရေးတွေကြောင့်ပဲ မေတ္တာတွေ စေတနာတွေ ဖြစ်ခွင့်ရနေတာနော်။
မွန်မြတ်တဲ့ ကောင်းမွန်တဲ့ လှပတဲ့ ဆက်ဆံရေးဟာ စိတ်ဓာတ်ကို ရင့်ကျတ်စေပါတယ် ... ဂုဏ်သိက္ခာတွေကို ဖြစ်ထွန်းစေပါတယ်။

Subscribe to:
Posts (Atom)