အဖေနာမည်-
Dick Hoyt
သားနာမည်
- Rick Hoyt
ဒီသားအဖ
နှစ်ဦးဟာ တာဝေးအပြေးသမားတွေဖြစ်တယ်။
(၂၅)နှစ်အတွင်းမှာ
စုစုပေါင်း မိုင် ၃၇၇ဝကို သူတို့ပြေးခဲ့ပြီးပါပြီ။ (၇၈)ကြိမ်မြောက်
သုံးခုစပ်မာရသွန်၊ (၆၄)ကြိမ်မြောက်မာရသွန်၊ (၂၄)ကြိမ်မြောက်၊ နာမည်ကြီး Boston
မာရသွန်၊ (၂ဝ)ကြိမ်မြောက် Duathlons.........
သား
Rick ဟာ စကားမပြောတတ်သလို လမ်းလဲမလျောက်တတ်သူပါ။ ၁၉၆၂နှစ်မှာ သူ့ကို
မွေးဖွားတုန်းက လည်ပင်းမှာ ချက်ကြိုးပတ်ပြီး မွေးလာခဲ့မိတဲ့အတွက်
ဦးနှောက်အောက်စီဂျင် မရဘဲဖြစ်ခဲ့တယ်။ သားဟာ လူသေတယောက်လို ဖြစ်နေပါပြီ။
ဘာမှမျှော်လင့်မနေပါနဲ့တော့လို့ ဆရာဝန်က သူတို့ လင်မယားကိုပြောခဲ့ပါတယ်။ သားဟာ
ဘီးတပ် ကုလားထိုင်ပေါ်မှာပဲ တစါသက်လုံး စံမြန်းရတော့မှာပါ။
သား
၈လ အရွယ်ရောက်တော့ Dickနဲ့ သူ့ဇနီး Judy ကို “မပြော၊ မလှုပ်နိုင်တဲ့သားကို
ကုသရေးငှာနကိုပဲ ပို့လိုက်ပါလို့” ဆရာဝန်က ပြောခဲ့တယ်။ ဒါကို သူတို့လင်မယားက
သဘောမတူခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထဲမှာသူတို့ သွားလာလှုပ်ရှားနေတာကို
သားဖြစ်သူက မမှိတ်မသုန် စိုက်ကြည့်နေတတ်လို့ပါပဲ။ (၁၁)နှစ် အရွယ်ရောက်တော့ သားကို
(Tufts University) ရဲ့အင်ဂျင်နီယာ ငှာနကို သူတို့ ပို့ခဲ့ကြတယ်။ အကြောင်းက သားနဲ့
သူတို့ကြားမှာ အဆက်အသွယ် လုပ်ပေးနိုင်တဲ့အရာများ ရှိနိုင်မလားလို့
သွားရောက်မေးမြန်းခြင်းဖြစ်တယ်။ ရရှိလာတဲ့ အဖြေကတော့ “မဖြစ်နိုင်ဘူး...
သူ့ရဲ့ဦးနှောက်က သေနေပြီ” ပဲဖြစ်တယ်။
“သားကို
ရယ်စရာတွေ ပြောပြရအောင်”လို့ အဖေဖြစ်သူက အကြံပေးခဲ့တယ်။ သူတို့ ရယ်စရာတွေပြောတော့
သားက ရယ်လာပါတယ်။ ဒါဟာ သူ့ဦးနှောက် လုံးဝမသေကြောင်းကို သက်သေပြတာပဲလို့ သူတို့
ယုံကြည်ခဲ့တယ်။ သူ့ရဲ့ချိနဲ့တဲ့ ဦးနှောက်အတွေးတွေကို ချရေးနိုင်ဖို့
အထူးကွန်ပြူတာတစ်လုံးကို သူတို့ ဖန်တီးခဲ့ကြတယ်။ နောက်ဆုံးမှာ ပြင်ပနဲ့Rick
ဆက်သွယ်လို့ ရခဲ့ပါတယ်။
Rick
(၁၅)နှစ် အရွယ်ရောက်တော့ အတန်းထဲက ကျောင်းသားတစ်ဦး မတော်တဆ သေဆုံးသွားခဲ့တယ်။
သေဆုံးသွားတဲ့ ကျောင်းသားအတွက် အပြေးပြိုင်ပွဲ လုပ်ပြီးရန်ပုံငွေတွေ
ကောက်ခံခဲ့တယ်။ “အဖေ သားလဲ ဝင်ပြိုင်ချင်တယ်” လို့ ကွန်ပြူတာပေါ်ကနေ တဆင့် Rick
ပြောခဲ့တယ်။
အဖေလုပ်သူ
Dick ဟာ အားကစားသမားတဦး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သားရဲ့ဆန္ဒကြောင့် သူဟာအဲဒီပွဲမှာ
ဝင်ပြိုင်ခဲ့တယ်။ သားရဲ့တွန်းလှည်းကို တွန်းပြီး (၅)မိုင်ခရီးကို တာဝင်တဲ့အထိ
သူပြေးခဲ့တယ်။ ပြိုင်ပွဲပြီးတော့ သားကအဖေ့ကို ....“သားကိုယ်သား ဒုက္ခိတလို့ မထင်တာ
ဒါဟာ ပထမဆုံးအကြိမ်ပဲ” လို့ပြောခဲ့တယ်။ ဒီစကားတစ်ခွန်းက အဖေဖြစ်သူကို
တော်တော်လေးတုန်လှုပ်သွားစေခဲ့တယ်။ သားကို အဲဒီလို ဒုက္ခိတလို့
မထင်တဲ့စိတ်တွေပေးမယ်လို့ သူဆုံးဖြတ်လိုက်တယ်။
Bostonမြိုရရဲ့မာရသွန်ကိုဝင်ပြိုင်ဖို့ သူပြင်ဆင်ခဲ့တယ်။
“စာရင်း
လက်မခံပါ” ဒါဟာ ပြိုင်ပွဲဝင်ဖို့ စာရင်းသွားသွင်းတော့ အပြောခံလိုက်ရတဲ့ စကားတစ်ခွန်းဖြစ်တယ်။
သူတို့သားအဖဟာ တစ်ဦးတစ်ယောက်တည်း ပြေးတာမဟုတ်တဲ့ အတွက်၊ မသန်စွမ်းသူများ
ပြိုင်ပွဲလဲ မဟုတ်တဲ့အတွက် အငြင်းခံလိုက်ရတာပါ။ စာရင်းမသွင်းဘဲ ပြေးသူတွေကြားမှာ
သူတို့လိုက်ပြေးခဲ့တာ နှစ်အတော်ကြာခဲ့ပါတယ်။ နောက်ဆုံး မာရသွန်တစ်ခုမှာ
သူတို့စာရင်းသွင်းလို့ရခဲ့တယ်။ အပြေးသန်တဲ့အတွက် နောက်တစ်နှစ်မှာ ပြုလုပ်မဲ့
Boston မာရသွန်မှာ သူတို့ ပါဝင်ခွင့်ရခဲ့တယ်။ အဖေ့ရဲ့ ကြီးမားတဲ့မေတ္တာနဲ့
သားရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရေကူးသင်ခဲ့တယ်။ စက်ဘီးစီးသင်ခဲ့တယ်။
နောက်တော့ သားအဖနှစ်ဦးဟာ သုံးခုစပ် မာရသွန်ကိုတောင် ဝင်ပြိုင်ခဲ့တယ်။ တစ်ခါက
အမေရိကားကို ဖြတ်ပြီး မိုင်(၃၇၃၅) ခရီးရှည်ကို စက်ဘီးတစ်စီးနဲ့
သူတို့အတူဖြတ်ခဲ့ကြတယ်။
အဲဒီအချိန်က
စပြီး “Team Hoyt ”ဆိုတဲ့နာမည်နဲ့ အဖေက သားရဲ့လှည်းကို တွန်းပြီး မာရသွန်ပွဲတွေမှာ
သူတို့ ပါဝင်ပြေးခဲ့ကြတယ်။ ဘာကြောင့် အဖေတစ်ဦးတည်း ပြိုင်ပွဲမဝင်ခဲ့တာလဲလို့
လူတွေက မေးတော့ “ကျွန်တော် တစ်ယောက်တည်းဆိုရင် ပြိုင်ပွဲမဝင်ဘူး”
လို့ပြန်ဖြေခဲ့တယ်။ ပြိုင်ပွဲတွေမှာ သူပါဝင်ခဲ့တဲ့အကြောင်းက သူတို့
အတူပြေးနေတုန်း၊ ရေကူးနေတုန်း၊ စက်ဘီးစီးနေတုန်းမှာ သားရဲ့မျက်နှာက ပေါ်လာတဲ့
အပြုံးကြောင့်ပါတဲ့။
အခုအချိန်မှာ
(၄၄)နှစ် ရှိပြီဖြစ်တဲ့ Rick ကတော့ Boston College's ရဲ့ကွန်ပြူတာ စမ်းသပ်ခန်းမှာ
မသန်မစွမ်းသူများအတွက် အလုပ် လုပ်နေပါပြီ။ (၆၆)နှစ် ရှိပြီဖြစ်တဲ့ Dick ကတော့
Massachusetts ပြည်နယ်မှာ နေထိုင်နေပါတယ်။
သားရဲ့လိုအင်ဆန္ဒကို
ဖြည့်ဆည်းပေးတဲ့ ဖခင်တစ်ဦးရဲ့ကြီးမားတဲ့မေတ္တာနဲ့ မသန်စွမ်းသူ ဖြစ်ပါရက်နဲ့ ဘဝကို
အရှုံးမပေးဘဲ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတဲ့ သားရဲ့ဇာတ်လမ်းလေးပါ။
ဒီစာအဆုံးမှာ ကျွန်မ မျက်ရည်ဝဲမိပါတယ်။
http://www.teamhoyt.com/
http://www.youtube.com/watch?v=cxqe77-Am3w
ဒီစာကို
၂ဝဝ၆ ခုနှစ်မှာ ရေးခဲ့တဲ့အတွက် ခုနှစ်၊ အသက် အပြောင်းအလဲတွေ ရှိပါတယ်။ June 19
မှာကျရောက်တဲ့ ဖခင်များနေ့မှာ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မေတ္တာစိတ်ကြီးမားတဲ့
ဖခင်များကို ဂုဏ်ပြုပါတယ်။
No comments:
Post a Comment