စက်ဘီးစီးတယ်ဆိုတာ ကျန်းမာရေးကောင်းမွန်ဖို့အတွက်၊
စိတ်လက်ပေါ့ပါးလန်းဆန်းစေဖို့ အတွက်၊ ကမ္ဘာကြီးကို ရှုထောင့်တစ်မျိုးကနေ
မြင်နိုင်ဖို့အတွက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေဖို့အတွက်
စသဖြင့်.. စသဖြင့် ရည်ရွယ်ချက်တွေ အများကြီး ရှိပါတယ်။
တစ်ကယ်တော့
စက်ဘီးနဲ့ ခရီးရှည်ထွက်ဖို့ဆိုတာ ကိုယ်က အရင်ဆုံးကျန်းမာကြံ့ခိုင်နေဖို့
လိုသလို၊ ခရီးစဉ်တစ်လျောက် ကျန်းမာကြံ့ခိုင်နေဖို့လဲ ပိုလို့အရေးကြီးပါတယ်။
ခရီးရှည်လို့ဆိုရာမှာ အနည်းဆုံး ရက်ပေါင်း (၃၀) လောက်
ဆက်တိုက်သွားတာမျိုးကိုဆိုလိုတာပါ။ ဒါကြောင့် စက်ဘီးနဲ့ ခရီးထွက်ရင်
ကျန်းမာကြံ့ခိုင်ရေးအတွက် သိသင့်တဲ့ အခြေခံအချက် (၁၀) ချက်ကို
လိုက်နာသင့်ပါတယ်။
၁။ အရင်ဆုံး လေ့ကျင့်ပါ
ခရီးရှည်တစ်ခုစတင်ဖို့
အစီအစဉ်ရှိတယ်ဆိုရင် အရင်ဆုံး ပုံမှန်လေ့ကျင့်ခန်းလုပ်ထားဖို့ လိုပါတယ်။
ကိုယ်အသုံးပြုမယ့် ဘီးရဲ့ လက်ကိုင်အနေအထား၊ ဖင်ထိုင်ခုံ စတာတွေနဲ့ ကိုယ်နဲ့
လိုက်လျော ညီထွေ ဖြစ်နေဖို့လိုပါတယ်။ အထူးသဖြင့် ဖင်ထိုင်ခုံတွေဟာ
ကိုယ့်အတွက် သက်တောင့်သက်သာ ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် စက်ဘီးနဲ့ကိုယ်
အသားကျအဆင်ပြေနေစေဖို့ စက်ဘီးစီးလေ့ကျင့်ခန်းတွေ ပုံမှန် လုပ်သင့်တယ်။
အကြံပြုလိုတာကတော့ တစ်ရက်ကို ၁၀ မိုင်နှုန်းလောက်နဲ့ တစ်ပါတ် ၃ ရက်လောက်
ပုံမှန်နင်းသင့်ပြီး တစ်ပါတ် ကို တစ်ရက်တော့ Day Return Trip မိုင် ၅၀
ပါတ်လည်လောက် သွားသင့်ပါတယ်။ အနည်းဆုံး ဒီလို ပုံမှန် ၃ လ
နီးပါးလေ့ကျင့်ခဲ့မယ်ဆိုရင်တော့ ခရီးရှည် မိုင် ၁၀၀၀ လောက်အတွက်
တစ်လ၀န်းကျင်အတွင်းသွားနိုင်ဖို့ အဆင်ပြေနိုင်ပါမယ်။ တချို့ကတော့
ကြိုတင်လေ့ကျင့် စရာမလိုဘူးလို့ ယူဆကြပါတယ်။ သွားရင်းလာရင်း အသားကျ
အဆင်ပြေသွားမယ်လို့ ယူဆကြပုံပါပဲ။ ခရီးမထွက်ခင်ထဲက စနစ်တကျ
စက်ဘီးစီးနင်းခြင်းပညာအခြေခံနဲ့ မှန်ကန်တဲ့ စက်ဘီးဖွဲ့စည်းပုံ အနေအထားတို့
ရှိရင်တော့ ကြိုတင်လေ့ကျင့်စရာမလိုဘူးဆိုတဲ့ အယူအဆ မှန်ကောင်း
မှန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
အနည်းငယ်ကျန်းမာရေးကောင်းသူအတွက်ဆိုရင်တောင် စနစ်တကျစက်ဘီး နင်းမယ်ဆိုရင်
ခရီးရှည်ထွက်နိုင်တဲ့ သက်လုံ ရရှိနိုင်ပါတယ်၊ ဒါပေမယ့်
မြီးညှောင်ရိုးတွေနာကျင်ခြင်း၊ ပုခုံးနှင့် လက်ဖနောင့်နာကျင်ခြင်း၊
ဇတ်ကြောတတ်ခြင်း တို့ သက်သာနိုင်ဖို့တော့ ကြိုတင်ပုံမှန် လေ့ကျင့်ခြင်းက
အကောင်းဆုံးပါပဲ။
၂။ ရေများများသောက်ပါ
ရေအသက်တစ်မနက်ဆိုတဲ့စကားအတိုင်း ရေဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်ရေမဆာ
ခင်မှာ သောက်ပါ။ စက်ဘီးနဲ့ ခရီးသွားရင် အနည်းဆုံး ရေဗူး နှစ်ဗူး (နှစ်လီတာ)
တော့ ဆောင်သွားပါ။ ရေဗူးလွယ်အိတ်တွေလဲ ရှိပါတယ်။ နောက်တစ်ကြိမ်
ရေပြန်ဖြည့်နိုင်မယ့် အကွာအဝေးကို ချင့်ချိန်ပြီး ယူသွားနိုင်ရင်
ပိုကောင်းပါတယ်။ လူသူဝေးတဲ့ အရပ်တွေသွားမယ်ဆိုရင်တော့ အရေးပေါ် ရေသန့်
ကရိယာတွေ ဆောင်သွားနိုင်ရင် ပိုကောင်းပါတယ်။ စက်ဘီးသမားတစ်ယောက်ဟာ
စက်ဘီးနဲ့ ခရီးထွက်နေချိန်မှာ ချွေးအရမ်းမထွက်ဘူးဆိုရင်တောင် ရေ (၆)
လီတာလောက် သောက်ဖို့လိုအပ်ပါတယ်။ ရေသန့်ဗူးဝယ်ဖြည့်ခြင်းကတော့ ကောင်းပါတယ်
တည်ငြိမ်တဲ့ ရေအရေအသွေးရနိုင်တဲ့အတွက် သောက်ရေကြောင့်
ဝမ်းပျက်ဝမ်းလျောဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။။ ဒါပေမယ့်
သဘာဝချစ်မြတ်နိုးလို့ စက်ဘီးစီးတဲ့သူတွေအတွက်တော့ စိတ်ထဲ
ခိုးလိုးခုလုဖြစ်စရာကိစ္စတစ်ခု ဖြစ်စေတာမို့ အားမပေးပါဘူး။
သောက်ရေသီးသန့်အတွက်ဆိုရင်တောင် တစ်ရက်ကို ရေသန့်ဗူးခွံ (၆) ခု
ပတ်ဝန်းကျင်ကို အမှိုက် ဖြစ်စေပါပြီ။ ရေသန့်ဗူးအများစုက ပတ်ဝန်းကျင်ကို
အထိခိုက်ဆုံးဖြစ်တဲ့ ပလက်စတစ်နဲ့ ပြုလုပ်ထားတာမဟုတ်ပါလား။ ဒါကြောင့်
အတတ်နိုင်ဆုံး ရောက်ရာဒေသက ရေကို ရေစစ်အသုံးပြုပြီး
ပြန်ဖြည့်အသုံးပြုစေချင်ပါတယ်။
၃။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အစားအစာစားပါ
ပုံမှန်အားဖြင့်တော့ စက်ဘီးနဲ့ ခရီးသွားမယ်ဆိုရင် တစ်နေ့ကို ကယ်လိုရီ ၆၀၀၀
လောက် ပျမ်းမျှ ကုန်ပါတယ်။ ဒါကြောင့် ကယ်လိုရီ များများရနိုင်မယ့်
အစားအသောက်တွေ စားဖို့လိုပါမယ်။ စက်တပ်ယာဉ်တွေအတွက် စက်သုံးဆီလိုအပ်သလို
စက်ဘီးသမားတွေအတွက်လဲ ကယ်လိုရီဟာ စက်သုံးဆီနဲ့ အလားသဏ္ဌန်တူပါတယ်။
ကျွန်တော်တို့ မြန်မာတွေစားလေ့ရှိတဲ့ ထမင်းကလည်း ကယ်လိုရီ ကြွယ်ဝပါတယ်။
အကြိုက်ဆုံးနဲ့ အလွယ်ကူဆုံး ၀ယ်ရ သယ်ရ အဆင်ပြေတဲ့ အစားအစာက ငှက်ပျောသီးပါ။
ငှက်ပျောသီးက ကယ်လိုရီကြွယ်ဝသလို အင်အားအတွက် အထောက်အကူဖြစ်တဲ့
ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းလည်း ကြွယ်ဝပါတယ်။ မြန်မာနိုင်ငံမှာတော့
စက်ဘီးသမားအများစုက နောက်ကျောဘက်အိတ်ကလေးတွေထဲမှာ
ငှက်ပျောသီးဆောင်သွားလေ့ရှိပါတယ်။ နောက်ထပ် ကယ်လိုရီကို အလွယ်ကူဆုံး
သယ်ယူဖို့ အသက်သာဆုံးနဲ့ အများဆုံး ဖြည့်စည်းပေးနိုင်မယ့် အစားအစာတွေက
ပဲဝေဖာ၊ နှမ်းဝေဖာ၊ သစ်စေ့၊ ချောကလက်နက်၊ ပဲနီလေး၊ စတာတွေပါပဲ။ နောက်ပြီး
အားကစားသမားတွေ အတွက် သီးသန့်ထုတ်ထားတဲ့ Energy Bars တွေလည်း
မြန်မာနိုင်ငံမှာ အလွယ်တကူ ရရှိနိုင်နေပါပြီ။
၎။ မမျှော်မှန်းနိုင်တဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ပါ
နွေရာသီမှာ ခရီးထွက်မယ်ဆိုရင်တော့ တတ်နိုင်သလောက် စောစောထွက်ဖို့
အကြံပြုပါရစေ။ နေအရမ်း ပြင်းလာရင် အရိပ်ကောင်းကောင်းတစ်ခုမှာ နားလိုက်တာ
အကောင်းဆုံးပါပဲ။ နေ့လယ် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ
အေးဆေးနားနေရင်း ညနေပြန်နင်းဖို့ အားမွေးတာပေါ့။ နောက်ပြီး UV
အကာအကွယ်ပေးတဲ့ ၀တ်စုံတွေ၊ လိုရှင်းတွေ မျက်မှန်တွေ အသုံးပြုဖို့လိုပါမယ်။
ဆောင်းရာသီမှာ ခရီးထွက်မယ်ဆိုရင်တော့ နေရောင်အစပြုချိန်မှ
စနင်းတာကောင်းမယ်။ နှင်းကြောင့် ပတ်ဝန်းကျင်ကို
ရှင်းရှင်းလင်းလင်းမမြင်ရတာထက် အရှိန်ပြင်းပြင်းမောင်းလာမယ့် ယာဉ်တွေမြင်သာ
အောင် နှင်းကွဲမီးတွေလိုအပ်ရင်ထွန်းသင့်ပါတယ်။ နောက်ပြီး နေမ၀င်ခင်
တစ်နာရီလောက်မှာ နားခိုမယ့်နေရာ ရောက်နေသင့်ပါပြီ။ နေ၀င်တာမြန်သလို
အအေးဒဏ်ကလဲ ကြီးစိုးလာနိုင်လို့ အိပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ချိန်မရှိရင်
သက်တောင့်သက်သာ အိပ်ဖို့ အဆင်မပြေနိုင်လို့ နောက်နေ့တွေ အတွက်
အင်အားလျော့ပါးစေပါတယ်။ မိုးတွင်းကာလ ခရီးထွက်မယ်ဆိုရင်တော့
စက်ဘီးနင်းဖို့လုပ်ထားတဲ့ မိုးကာအကျီတွေဝတ်သင့်ပြီး Tour Bag တွေနဲ့
အပိုစက်ကရိယာတွေအတွက် မိုးစိုခံဖြစ်ဖို့ အရေးကြီး ပါတယ်။
လေပြင်းတိုက်ခိုက်ခြင်းဟာ စက်ဘီးသမားတွေအတွက် အကြီးမားဆုံး
အနှောက်အယှက်ပါပဲ။ အထူးသဖြင့် လေဆန်ကိုနင်းရချိန်မှာဆို မသက်သာလှပါဘူး။
အကောင်းဆုံးက လေပြင်းကျချိန်မှာ ခိုင်ခံတဲ့အမိုးအကာအောက်
ဝင်ရောက်နားခိုခြင်းဟာ အကောင်းဆုံးပါပဲ။ ခိုင်ခံတဲ့ အဆောက်အဦ
ရှာမတွေ့ဘူးဆိုရင် မြေကျင်း၊ ရေမရှိတဲ့မြောင်းအဟောင်းတွေဟာ အကောင်းဆုံး
နားခိုရာပေါ့။ စက်ဘီးသမားအများစုဟာ စက်ဘီးစီးနေရင်း ရာသီဥတုကြောင့်
နေမကောင်းတာ ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် နားနေချိန်မှာတော့
လုံခြုံနွေးထွေးစွာ နေနိုင်ဖို့ အထူးအရေးကြီးပါတယ်။
၅။ သန့်ရှင်းရေးပြုလုပ်ပါ။
စက်ဘီးနဲ့ ခရီးထွက်တာဆိုတော့ကာ အမြဲတမ်း ရေချိုးခန်းထဲမှာ
ချိုးဖို့မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတလေ ချောင်းထဲမှာ၊ တစ်ခါတလေ
ကန်ထဲမှာ၊ တစ်ခါတလေ အများသုံး ရေကန်တွေထဲမှာ ဖြစ်နိုင်ပြီး တစ်ခါတစ်လေဆို
ရေပါတ်ပဲတိုက်တဲ့ အနေအထားတောင် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့လုံး
စက်ဘီးစီးလာရတော့ ချွေးတွေ ဖုန်တွေနဲ့ ညစ်ပေနေမှာ အသေအချာပါပဲ။ ကိုယ်လက်
သန့်ရှင်းမှု မရှိရင် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းမရှိသလို
ကျမ်းမာရေးအတွက်လည်း ဆိုးကျိုးများနိုင်လို့ တတ်နိုင်သလောက် ရေချိုး
သန့်ရှင်းရေး လုပ်ဖို့လဲ လိုပါတယ်။ မိမိကိုယ်တိုင်သာမက မိမိရဲ့ စက်ဘီး၊
အသုံးအဆောင်တွေကိုလဲ တတ်နိုင်သမျှ ပြန်လည် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
အထူးသဖြင့် ဘရိတ်တွေပြန်စစ်ခြင်း၊ ချိန်းဆီထိုးခြင်း၊
ကယ်ရီယာနပ်တွေစစ်ဆေးခြင်း၊ တာယာတွေစစ်ဆေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
၆။ တောင်ပေါ်ရောဂါအတွက် ပြင်ဆင်ထားပါ။
အကယ်လို့ စက်ဘီးနဲ့ ခရီးသွားမယ့်သူဟာ မြေပြန့်သားဖြစ်ပြီး
တောင်ပေါ်ဒေသတွေကို စက်ဘီးစီးဖို့ ပြင်ဆင် ထားတယ်ဆိုရင်တော့ ဒီအချက်ကို
လိုက်နာပေးပါ။ အထူးသဖြင့် ပေ ၇၀၀၀ ကျော်တဲ့ဒေသတွေကို စက်ဘီးနင်းမယ်ဆိုရင်
တောင်ပေါ်ရောဂါတွေ ခံစားရတတ်ပါတယ်။ တောင်ပေါ်ရောဂါဆိုတာက Altitude Sickness
လို့ခေါ်ပြီးတော့ လက္ခဏာတွေကတော့ အသက်ရှုကျပ်၊ မောပန်း၊ မအီမသာ၊
နှလုံးခုန်မမှန်၊ ပျို့အန်ခြင်း စတဲ့ ဝေဒနာတွေဖြစ်ပါတယ်။ သာမန်အားဖြင့်တော့
အခိုက်အတန့်သာ ဖြစ်လေ့ရှိပြီး ခဏအနားယူလိုက်လို့ ဒေသနဲ့ အသားကျသွားရင်
ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဝေဒနာက ဆိုးလာပြီဆိုရင်တော့ ရက်အနည်းငယ်လောက်
ဒေသနဲ့ အံ့ဝင်ဂွင်ကျဖြစ်သွားအောင် အနားယူခြင်း သို့မဟုတ်
အမြင့်ပေနည်းတဲ့နေရာကိုရွှေ့ပြောင်းခြင်းတို့ အမြန်ဆုံးပြုလုပ်သင့်ပါတယ်။
လိုအပ်ရင် ဆေးသောက် ဆေးခန်းသွားတာမျိုးလုပ်ပေးပါ။ ကဖင်းဓါတ်ပါတဲ့
အစားအစာတွေ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ပါ။ ရေများများသောက်ပါ။
လေများများလည်ခြင်းကလဲ ရောဂါသက်သာစေပါတယ်။
၇။ မပင်ပန်းခင် အနားယူပါ။
စက်ဘီးနဲ့ခရီးသွားပြီးဆိုရင်တော့ စက်ဘီးသမားတိုင်းဟာ အနားယူဖို့ လိုအပ်မှာ
အသေအချာ ပါပဲ။ အမြဲတမ်းသတိထားဖို့က သင်ဆက်သွားဖို့၊ ထပ်ခံစားဖို့
ခရီးတွေကျန်နေသေးတယ်ဆိုတာပါပဲ။ အဲ့အတွက် လုံလောက်တဲ့ အနားယူမှု လိုအပ်ပါတယ်။
ဘယ်အချိန်မှာ အနားယူမလဲ၊ သင် ပင်ပန်းလာပြီ၊ ကိုယ်လက်တွေ တောင့်လာပြီလို့
မထင်ခင်လေးမှာ အနားယူဖို့ကြိုးစားပါ။ ကိုယ်လက်တွေ ကိုက်ခဲလာမှ
အရမ်းပင်ပန်းလာမှ အနားယူမယ်ဆိုရင် ကောင်းမွန်စွာ အနားယူလို့
ရမှာမဟုတ်တာတော့ သေချာပါတယ်။ စက်ဘီးနဲ့ခရီးသွားခြင်းဆိုတာဟာ သွားချင်တဲ့
ပန်းတိုင်ရောက်တာနဲ့ ခရီးစဉ်ပြီးဆုံးတာမဟုတ်ပါဘူး။ ဘေးအန္တရာယ်ကင်းကင်း
အိမ်ပြန်ရောက်မှသာ ပန်းတိုင်ပြန်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ မဖြစ်ဖြစ်
အောင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်ဟာကောင်းပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ
ကြိုးစားရုန်းကန်တာ မကောင်းပါဘူး။ ဒါကြောင့် အရေးကြီးဆုံးက မပင်ပန်းခင်
အနားယူလိုက်ပါ။
၈။ အရေးပေါ်ဆေးပစ္စည်းတွေ ယူသွားပါ။
သင်ခရီးသွားချိန်မှာ အချိန်မရွေး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အနည်းဆုံးတော့ အရက်ပျံ၊ ဆေးနီလေး၊ ပိတ်စကျဲကျဲ၊ ပါတ်တီးစ၊ ဒဏ်ကြေလိမ်းဆေး၊
အကြောကပ်ပလာစတာ၊ ဆေးပလာစတာ၊ ရှုဆေး စတာတွေ ဆောင်သွားဖို့ လိုပါလိမ့်မယ်။
နောက်ပြီး စက်ဘီးနဲ့ ခရီးရှည်ထွက်တဲ့သူတိုင်း ဖြစ်လေ့ရှိတာကတော့ ၀မ်းပျက်၊
ဝမ်းလျောခြင်းပါပဲ။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် ဆေးဝါးတွေ
ကြိုတင်ယူသွားသင့်ပါတယ်။ သွားမယ့်ဒေသမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေ၊
ဒုက္ခပေးလေ့ရှိတဲ့ အင်းဆက်ပိုးမွှားတွေအကြောင်း ကြိုတင်စုံစမ်းပြီး
သင့်တော်တဲ့ဆေးဝါးတွေ ဆောင်ယူသွားခြင်းကလည်း ခရီးစဉ်ချောမွေ့ဖို့
အထောက်အကူကောင်းတစ်ခုပါပဲ။ ကိုယ့်ကျန်းမာရေး တင်မကပဲ စက်ဘီးကျန်းမာရေးအတွက်
ကျွတ်အပို၊ ကျွတ်ဖာတဲ့ ပစ္စည်းကရိယာ၊ ချိန်းဆီ၊ Multi Maintenance Tools
လေးတွေ ယူသွားဖို့ မမေ့ပါနဲ့။
၉။ အကြောလျော့ပါ။
အကောင်းဆုံး
အမြန်ဆုံး အကြောလျော့ခြင်းက အပျင်းကြောဆန့်ခြင်းပါ။ အကြောလျော့
လေ့ကျင့်ခန်းကို စက်ဘီး စမနင်းခင်နဲ့ စက်ဘီးစီးနားချိန်တွေမှာ အနည်းဆုံး
အချိန် ငါးမိနစ်လောက် ပေးပြီးလုပ်သင့်ပါတယ်။ ကြိုတင်အကြောလျော့ထားခြင်းနဲ့
နားချိန်မှာ အကြောလျော့ခြင်းက ကိုယ်လက် ကိုက်ခဲခြင်းအတွက် အကောင်းဆုံး
ဖြေဆေး၊ ကြိုတင်ကာကွယ်ဆေးတွေပါပဲ။ စက်ဘီးခရီးစဉ်မစတင်မီ
ကိုယ်နဲ့လိုက်ဖက်မယ့် အကြောလျော့ခြင်းပုံစံမျိုး လေ့လာထားတာ
အကောင်းဆုံးပါပဲ။ သိပ်အရေးမကြီး ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ
အကြောလျော့လေ့ရှိတဲ့သူက ဒဏ်ရာရသက်သာလေ့ရှိပါတယ်။
၁၀။ ခံစားရင်ခုန်ပျော်ရွှင်ပါ
စက်ဘီးနဲ့ ခရီးထွက်ပြီဆိုထဲက သင်ဟာ လောကကြီးကို အပြုသဘောနဲ့ မြင်တတ်တဲ့သူ
တစ်ယောက်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ ဒါကြောင့် ခရီးစဉ်အတွင်းမှာ
အရာရာကို အပြုသဘောနဲ့ မြင်ပါ၊ ကြည့်ပါ၊ ခံစားပါ။
စက်ဘီးဖြင့်ခရီးရှည်ထွက်ခြင်းဟာ ကာယစွမ်းအားသာမက စိတ်ပိုင်းဆိုင်ရာ
အရည်အသွေးတွေပါ ကြံ့ခိုင်သန်မာဖို့ လိုသလို
စက်ဘီးဖြင့်ခရီးရှည်ထွက်ခြင်းကြောင့်လဲ ကာယစွမ်းအား ဥာဏစွမ်းအားတွေ
တိုးတတ်လာစေပါတယ်။ စက်ဘီးနဲ့ ခရီးထွက်ခြင်းမှာ တစ်နေ့ ဘယ်လောက်ထိ သွားမယ်၊
ဘယ်နေရာမှာ နားမယ်၊ ဘယ်နေရာထိရောက်ရမယ်ဆိုတဲ့ အစီအစဉ်တွေ အတိုင်းသွားတာထက်
ကျွန်တော်ကတော့ နင်းနိုင်သလောက်နင်းမယ်၊ ရပ်ချင်တဲ့နေရာ ရပ်မယ်၊
နားချင်တဲ့နေရာနားမယ်၊ သဘာဝကို ခံစားမယ်၊ သဘာဝနဲအတူ နေထိုင်မယ်၊
အဲ့လိုစိတ်ဓါတ်တွေနဲ့ ခရီးထွက်တာ ပိုပြီးနှစ်သက်ပါတယ်။ လွတ်လပ်မှုနဲ့အတူ
သဘာဝတရားကြီးကို စီးမျောချင်ပါတယ်ဆိုမှ နေ့စဉ်တိကျတဲ့အစီအစဉ်တွေကြား မှာ
မွန်းကျပ်မနေချင်တာကတော့ သဘာဝကျမယ်ထင်ပါတယ်။
ကဲ မိတ်ဆွေ….
စဉ်းစားပါ…..
ဘ၀မှာ ကိုယ့်အတွက်၊ မိသားစုအတွက်.. လေးလေးနက်နက် အလုပ်တွေလုပ်ပါ.. ကြိုးစားပါ…
တစ်ခါတစ်လေ.. ကိုယ့်ပါတ်ဝန်းကျင်အတွက်.. ကိုယ့်နိုင်ငံအတွက်.. ကမ္ဘာမြေကြီးအတွက် ကြီးကြီးကျယ်ကျယ်တွေ လုပ်ပါ..
ဒါပေမယ့်…
တစ်ချိန်ချိန်မှာတော့ သဘာဝကြီးကို ခံစားပြီး.. သဘာဝကြီးထဲကို စီးဆင်းနိုင်ပါစေ.. ပေါ့ပါးတဲ့ လေးနက်မှုတွေနဲ့အတူ စက်ဘီးစီးကြပါစို့
ref. internet
No comments:
Post a Comment