Career ဆိုတာ အလုပ်တစ်ခု (Job) ဆိုတာထက် ပိုပါတယ်။ အသက်မွေးမှု
လို့ဘာသာပြန်ရမလားပဲ။ သူက Lifelong ဖြစ်ပါတယ်။ ကျောင်းပြီးခါစ
လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုရင် ပညာရေးမှာ ထူးချွန်ခဲ့ဖို့
အရေးကြီးသလို၊ လုပ်ငန်းခွင်မှာ အကောင်းဆုံးလုပ်ကိုင်နိုင်ဖို့လည်း
လိုပါတယ်။ ပညာကို စာတွေ့အဓိက သိလာပြီးသား လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ထဲ
စ၀င်တော့မယ်ဆိုရင် ထပ်ဆောင်းအရည်အသွေးတွေ လိုလာတယ်။ အဲဒါတွေသာ ရှိထားရင်
ကိုယ်ဟာ ဘယ်တက္ကသိုလ်ကပဲ ဆင်းလာလာ၊
သက်ဆိုင်ရာဘယ်လိုအလုပ်မျိုးအတွက်ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
အဲဒါကို Career readiness လို့ ခေါ်ပါတယ်။
အဲဒီလိုအနေအထားတစ်ရပ်
ဖြစ်နေဖို့ ဘာအရည်အသွေးတွေ လိုအပ်လဲ။ အတိအကျ ဘာတွေပါလို့ ပြောရခက်ပါတယ်။
ဒါပေမယ့် ဒီအချက်(၁၀)ချက်ရှိထားရင်တော့ သူများထက် တစ်ပန်းသာပါလိမ့်မယ်။
၁။ ကျိုးကြောင်းဆင်ခြင် တွေးခေါ်နိုင်စွမ်း (Critical thinking)
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence
based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊
ဆုံးဖြတ်တတ်ကြတယ်။ စာလည်းတအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ
စဉ်းစားတတ်ကြပါတယ်။ ကျွန်တော့်တုန်းက ဘယ်လို ဆိုပြီး စည်းလွတ်ဝါးလွတ်တွေ
ဆွေးနွေးနေကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ
စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ အရှင်းဆုံးပြောရရင်
ဒါကိုဒီလိုလုပ် ဆိုရုံနဲ့ မရပ်ဘဲ ဘာလို့ဒီလိုလုပ်ရသလဲ မေးတတ်
စဉ်းစားတတ်ဖို့ပါ။ ကိုယ်လုပ်သမျှအလုပ်တိုင်းမှာ အကြောင်းရင်းရှိဖို့
လိုပါတယ်။
၂။ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem solving)
မှန်းထားတာကနေ သွေဖည်သွားတာမှန်သမျှဟာ ပြဿနာပါပဲ။ အဲဒါတွေကို မှန်းထားတဲ့ဆီ
ဘယ်လောက်ပြန်ဆွဲတည့်နိုင်သလဲ ဆိုတဲ့ အရည်အသွေးမျိုး ဖြစ်ပါတယ်။
ပြဿနာမကြုံဖူးတဲ့သူဆို မရှိပါဘူး။ လူတိုင်းကြုံရပါတယ်။ ဒါကြောင့်
ကိုယ်တစ်ယောက်တည်း ကွက်ဖြစ်နေတာမဟုတ်လို့ တည်တည်ငြိမ်ငြိမ်နဲ့
အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ လိုပါတယ်။
၃။ ဖန်တီးနိုင်စွမ်းနဲ့ လိုက်လျောညီထွေ အလုပ်လုပ်နိုင်စွမ်း (Creativity and Adaptability)
ခေတ်က ဘာမှမသေချာတော့ပါဘူး။ အမြဲပြောင်းလဲနေပါတယ်။ အဲဒီအခါ တစ်သမတ်တည်း
လုပ်ခြင်းထက် ဖန်တီးနိုင်စွမ်း ရှိဖို့ လိုလာပါတယ်။ ဒီခေတ်မှာ ဥပမာတွေ
မြောက်များစွာ တွေ့ဖူးကြမှာပါ။ ဘယ်တော့မှ မပြိုလဲလောက်ဘူး ထင်ထားတဲ့
ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ကျရှုံးကုန်ကြတာ တစ်ခြားကြောင့် မဟုတ်ပါဘူး။
အပြောင်းအလဲကို သတိမပြုမိလိုက်လို့ပါ။
၎။ သတင်းအချက်အလက် ရှာဖွေအသုံးပြုနိုင်မှု (Information literacy)
သတင်းခေတ်မှာ အချက်အလက်တွေ ဘယ်လောက်ရှာနိုင်သလဲ၊ စုထားနိုင်သလဲဆိုတာ
ဘယ်လောက်ထိ အရေးပါတယ် ပြောနေစရာတောင် မလိုပါဘူး။ ဖေ့စ်ဘွတ်ဆိုတာလည်း
သတင်းအတွက် အထောက်အကူပြုတာပဲ။ ဒါပေမယ့် တက်လာသမျှ ယုံနေလို့တော့ မရဘူး။
ဆန်းစစ်ဖို့၊ အတည်ပြုဖို့တော့ လိုမယ်။ နောက်တစ်ခုက
သတင်းတွေအများကြီးသိနေပေမယ့် ပြန်အသုံးမချတတ်ဘူးဆို အလကားပါပဲ။ ဥပမာ
အစိုးရသစ်လက်ထက် ဆရာဝန်တွေ ထပ်တိုးခေါ်မယ်ဆိုတဲ့သတင်း သိလိုက်ပြီဆိုပါတော့၊
ဒီမှာတင် ရပ်လိုက်ရင် အလကားပါပဲ။ အဲဒီလိုခေါ်လိုက်ရင် ဆရာဝန်တွေအပေါ် မှီပြီး
လုပ်နေတဲ့ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လုပ်ငန်း ဘာတွေဖြစ်လာနိုင်သလဲ၊
ကိုယ့်ဆီက ၀န်ထမ်းဆရာဝန်တွေကို ဘယ်လိုဆွဲဆောင်ထားမလဲ၊
သူတို့အလုပ်ထွက်သွားခဲ့ရင် ငါတို့ ဘာတွေပြင်ဆင်ထားနိုင်မလဲ၊ ဒါမျိုး
ပြန်အသုံးချနိုင်မှ သတင်းဟာ တန်ဖိုးရှိတာပါ။
၅။ ဆက်သွယ်ပြောဆိုခြင်း (Communication)
ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဟာ သူ့ဘ၀တိုးတက်ဖို့အတွက် လှေကားတစ်စင်း
အပိုင်ရထားလိုက်သလိုပါပဲ။ Stanford Research Institute ကနေ ဖော်ပြဖူးပါတယ်။
“ဘယ်အလုပ်မှာမဆို ရသမျှငွေကြေးအားလုံးရဲ့ ၁၂.၅%ဟာ လုပ်ငန်းပိုင်းဆိုင်ရာ
ပညာကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့ ၈၇.၅ ရာခိုင်နှုန်းကတော့ လူတွေနဲ့
ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းကြောင့် ဖြစ်ပါတယ်”
လုပ်ငန်းခွင်မှာ ကြုံရတတ်တဲ့ ပြဿနာတော်တော်များများဟာလည်း
အဲဒီဆက်သွယ်ပြောဆိုမှု အားနည်းတာကနေ စတာပါပဲ။ မဖြစ်မနေ လိုလာပြီဖြစ်တဲ့
ဘာသာစကားကျွမ်းကျင်မှုကတော့ ဒီထဲ ပါလိမ့်မယ်။
၆။ စီမံခန့်ခွဲမှု အရည်အချင်း (Management)
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင်
လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့
အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ
စီမံခန့်ခွဲမှုပါပဲ။
ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical
skill ရှိရုံနဲ့ရပါတယ်။ စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့
အနည်းဆုံး လူတွေနဲ့တွဲဖက်အလုပ်လုပ်တတ်တဲ့ Human skill တော့ ရှိနေအောင်
ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို
ရဖို့ခက်နိုင်ပါတယ်။
၇။ ပူးပေါင်းဆောင်ရွက်မှု (Collaboration)
တစ်ယောက်တည်း လုပ်လို့ရတဲ့အလုပ် သိပ်ရှားပါတယ်။ လူတွေက တခါတလေ တွေးတယ်။
ညစ်လိုက်မယ် ထစ်ထားလိုက်မယ် အဲဒါမှ တစ်ဖက်ကို သူအသာရမပေါ့။ အမှန်တော့
လုပ်ဖော်ကိုင်ဖက်တင် အခက်တွေ့တာ မဟုတ်ပါဘူး။ သူလည်း ရှုံးနိမ့်သွားတာပါပဲ။
Collaboration ပျက်သွားလို့ပါ။
ပုံပြင်လေးတစ်ပုဒ်ရှိတယ်။
လူ(၃)ယောက်က လှေတစ်စီးကို စီးလာကြသတဲ့။ ရေလယ်ခေါင်ရောက်တော့
အလယ်မှာထိုင်နေတဲ့ တစ်ယောက်က လှေဝမ်းဗိုက်ကို ဖောက်နေတယ်။ အဲဒါနဲ့
ကျန်တဲ့နှစ်ယောက်က တားတာပေါ့။ ရေတွေဝင်လာလိမ့်မယ်ဆိုတော့ အဲဒီလူက
ပြန်ပြောတယ်၊ ငါထိုင်နေတဲ့နေရာအောက်ကို ငါ့ဟာငါ ဖောက်တာ မင်းတို့နဲ့
ဘာဆိုင်သလဲ တဲ့။
မဟုတ်ပါဘူး။ ဆိုင်ပါတယ်။ ဘာလို့ဆိုတော့
သူတို့(၃)ယောက်ဟာ တစ်လှေတည်းစီးလာကြတာမို့လို့ပါပဲ။
တစ်ယောက်ရဲ့အသက်ယှဉ်ရပ်တည်မှုဟာ ကျန်တဲ့နှစ်ယောက်နဲ့လည်း သက်ဆိုင်တယ်။
ဒါကြောင့် အဖွဲ့အစည်းတွေမှာလည်း အဲဒီစိတ်လေး မွေးနိုင်ဖို့လိုတယ်။
သူမှားတာလေ၊ သူတို့လွဲတာလေ လက်ညှိုးထိုးပြောမနေပါနဲ့၊ တစ်ယောက်မှားရင်
တစ်ဖွဲ့လုံးရှုံးနိမ့်တာပါပဲ။
၈။ ကိုယ့်အသိစိတ်နဲ့ ဆောင်ရွက်ခြင်း (Self direction)
ခပ်ရှင်းရှင်းပြောရရင် ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို
ဖျောက်ကြရမယ်။ ဒါကလည်း ငယ်ငယ်က လေ့ကျင့်သင်ကြားခဲ့ရတဲ့ ပုံစံနဲ့
အများကြီးသက်ဆိုင်ပါတယ်။ ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို
ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း
ပုံသွင်းပေးထားတယ်။ တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို
ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ
အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊
ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။ အဲဒီလိုနဲ့
လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က
ရလာပါတော့တယ်။ ဒီခေတ်မှာ အထက်ကခိုင်းမှ၊ တာဝန်ပေးမှ လုပ်တတ်တဲ့သူဟာ
တစ်ဆင့်ထက်တစ်ဆင့် တက်လာဖို့ ခက်ပါတယ်။
၉။ ပရော်ဖက်ရှင်နယ်ပီသမှု (Professionalism)
လုပ်ငန်းခွင်မှာ ကိုယ့်အောက်ကလူကို Customer ရှေ့ အော်ငေါက်မယ် ဆဲဆိုမယ်၊
အဖွဲ့ရဲ့ မကောင်းကြောင်းတွေ၊ အဖွဲ့ရဲ့လျှို့ဝှက်ချက်တွေကို နောက်တစ်ဖွဲ့ကို
ပြန်ပြောမယ်၊ Social media ပါ် ရေးမယ်၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါ။
အလုပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိကြပါတယ်။
အဲဒါတွေကို တလေးတစား လိုက်နာတတ်တဲ့သူမှ ရေရှည်အောင်မြင်မှု ရနိုင်ပါတယ်။
၁၀။ အကောင်းမြင်စိတ် (Positive Attitude)
လူတစ်ယောက် ရှုံးနိမ့်မှာလား အောင်မြင်မှာလားကို အဓိက အဆုံးအဖြတ်ပေးတာ အဲဒီ Attitude ပါ။ လူတိုင်းမှားဖူးတယ်။
အမှားကနေ သင်ခန်းစာယူ ရှေ့ဆက်မလား၊ ဆက်မှားမလား၊ နောင်တတွေရ စိတ်ထိခိုက်ပြီး လက်မြှောက်သွားမလား ဆိုတာ တစ်ခုတည်းပေါ်ပဲ မူတည်တယ်။
အဲဒါ ကိုယ့်ခံယူချက်ပါပဲ။
ဒေါက်တာဖြိုးသီဟ
Wednesday, October 18, 2017
အသင်းကောင်းတို့မည်သည်
John
C.Maxwell ရဲ့ Teamwork ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့တဲ့အချိန်မှာ
အသင်းကောင်းတစ်သင်းရဲ့ လက္ခဏာများ (The Characteristics of A Good Team)
ဆိုတဲ့ ခေါင်းစဉ်လေးကို တော်တော်သဘောကျမိပါတယ်။ အသင်းအဖွဲ့ဆိုတာက
၂ယောက်နဲ့အထက် ရှိရင် အသင်းတစ်သင်းရယ်လို့ ခေါ်လို့ရပြီဆိုတော့
၎ယောက်တည်းရှိတဲ့ ကိုယ့်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ လူ ၁၁ ယောက်ရှိတဲ့
ဘောလုံးအသင်းမှာပဲဖြစ်ဖြစ်၊ လူသန်း၆၀ ရှိတဲ့
ကိုယ့်တိုင်းပြည်အနေနဲ့ပဲဖြစ်ဖြစ်၊ စဉ်းစားကြည့်လို့ရတယ်၊
အသုံးပြုလို့ရပါတယ်။ ဒီနေရာမှာ သူရေးထားတဲ့ အချက်၁၀ချက်ကို
ဘာသာပြန်တဲ့အနေနဲ့ မဟုတ်ဘဲ ကိုးကားတဲ့ပုံစံနဲ့ပဲ ပြန်ရေးသွားပါမယ်။
(1)The team members care for one another
အသင်းကောင်းတစ်သင်းဖြစ်ဖို့ ပထမဆုံး လိုအပ်တာကတော့ ကိုယ့်အသင်းသားအချင်းချင်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိကြဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြမယ်၊ တိုက်ခိုက်နေကြမယ်၊ အမှားစောင့်နေကြမယ်ဆိုရင်တော့ အဲဒီအသင်းဟာ ဘယ်လိုနည်းနဲ့မှ အောင်မြင်တဲ့အသင်းတစ်သင်း ဖြစ်မလာနိုင်ပါဘူး။
တီဗွီအစီအစဉ်တစ်ခုမှာ အမေရိကန်က ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ဈာပနအခမ်းအနားကို ကျင်းပနေကြပါတယ်။ အဲဒီမှာ စစ်သားတစ်ယောက်ကို အင်တာဗျူး လုပ်ပါတယ်။ အဲဒီစစ်သားက ဒဏ်ရာရလို့ ဆေးရုံတက် ဆေးကုသမှု ခံယူနေရတဲ့အချိန်မှာတောင် တိုက်ပွဲဖြစ်လို့ စစ်ထွက်ရပြီဆိုတဲ့ အသံလည်း ကြားရော၊ ဆေးရုံကနေ ခိုးဆင်းပြီး တိုက်ပွဲမှာ လိုက်ပါသွားခဲ့သူ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အသက်မသေခဲ့ပေမဲ့ ထပ်မံပြီးတော့ ဒဏ်ရာရရှိလာခဲ့သူပါ။ အဲဒါနဲ့ သူ့ကို ဘာလို့များ အဲလိုလုပ်ရတာလဲလို့ မေးတော့ သူက ပြန်ဖြေပါတယ်၊
ခင်ဗျား လူတွေနဲ့ အလုပ်တွဲလုပ်၊ အတူတူနေကြည့်တဲ့အခါမှာ သိလာပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အသက်ရှင်သန်မှုတွေဟာ တစ်ယောက်ပေါ်တစ်ယောက် မူတည်နေတယ် ဆိုတာကိုလေ တဲ့။
ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို သွားသတိရပါတယ်၊ တစ်ခါတုန်းက ရေမကူးတတ်တဲ့ လူ(၃)ယောက် လှေလေးတစ်စီးကို လှော်ခတ်လာကြပါသတဲ့။ ရေလယ်ခေါင်ရောက်တော့ အလယ်မှာထိုင်နေတဲ့သူက ငါးလေးတွေဝင်လာအောင် ဆိုပြီး သူထိုင်နေတဲ့အောက်က လှေရဲ့ဝမ်းဗိုက်ကို အပေါက်ဖောက်ဖို့ ကြိုးစားပါတော့တယ်၊ အဲဒါနဲ့ သူနဲ့အတူ ပါလာသူတွေက ဒီလိုမလုပ်ဖို့ တားကြပါတယ်၊ အဲဒီအခါမှာ သူက ငါ့ဟာငါ ငါထိုင်နေတဲ့အောက်ကနေရာမှာ အပေါက်ဖောက်တာ မင်းတို့နဲ့ ဘာဆိုင်လဲ တဲ့။ ဟုတ်ပါတယ်၊ သူနေရာမှာပဲ သူအပေါက်ဖောက်တာပါ၊ ဒါပေမဲ့ အဲဒီအပေါက်ကနေ ရေတွေဝင်လာလို့ သေပွဲဝင်ရမယ်၊ ဒုက္ခရောက်၇မယ်ဆိုရင်တော့ လှေပေါ် ပါလာတဲ့သူတွေ အကုန်ဒုက္ခရောက်ကြရမှာပါပဲ။
တကယ်တော့ ကျွန်တော်တို့တွေ အားလုံးဟာ ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုတဲ့ လှေကြီးကို အတူတူ စီးနေကြသူတွေပါ။ လှေရဲ့အထက်ပိုင်းမှာ ဖြစ်နေတာတွေက ငါနဲ့မဆိုင်ဘူး၊ လှေရဲ့ ခြေရင်းပိုင်းမှာ ဖြစ်နေ ပျက်နေ ဒုက္ခရောက်နေကြတာတွေကလည်း ငါနဲ့အဝေးကြီး ဆိုပြီး လုပ်နေလို့ မရပါဘူး၊ အကြောင်းကတော့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်တော်တို့တွေအားလုံး ဒီလှေကြီး ပျက်စီးသွားတာနဲ့ (အလယ်ကပဲ ပျက်ပျက်၊ အထက်ကပဲ ပျက်ပျက်) ဒုက္ခတွေအတူတူ ရောက်ကြမှာမို့လို့ပါပဲ။ ဘာလို့ဆိုတော့ အသင်းသားတစ်ယောက်ရဲ့ အသက်ရှင်သန်မှုက တခြားအသင်းသားတွေပေါ်မှာ မူတည်နေတာကိုး။
(2) The team members know what is important
အဖွဲ့အစည်းတိုင်းမှာတော့ ဘယ်လောက်ပဲသေးသေး၊ ဘယ်လောက်ပဲကြီးကြီး ရည်မှန်းချက်ဆိုတာတော့ ရှိတတ်ကြပါတယ်။ ဘောလုံးအသင်းတွေဆို နှစ်ကုန်ရင် ဖလားရဖို့၊ ကုမ္ပဏီတွေဆိုလည်း တစ်နှစ်ကိုဘယ်လောက်မြတ်ဖို့ စသဖြင့်ပေါ့။ အဲဒီရည်မှန်းချက်ကို လူတိုင်း အသင်းသားတိုင်း သိထားရပါမယ်။ အဲလိုသိထားမှလည်း ကြိုးစားချင်စိတ် ရှိမယ်၊ ကြိုးစားရကောင်းမှန်းလည်း သိပါမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်းမှာ ကိုယ်တန်ဖိုးထားတဲ့အရာတွေကလည်း ရှိနေပြန်ပါတယ်။ တစ်ခါတစ်ရံမှာကျတော့ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကိုယ်တန်ဖိုးထားတဲ့ အ၇ာတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်ပါတယ်။
ဘောလုံးအသင်းတွေ နိုင်ရင်ပြီးရော၊ ဂိုးရရင်ပြီးရော၊ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်လှဲချပြီး ပင်နယ်တီယူတာ၊ ဒိုင်အလစ်မှာ လက်နဲ့ပုတ်သွင်းတာ၊ အဲဒီလို ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်တွေနဲ့ လုပ်နေကြရင်ေ၇ာ ဒါက တကယ်အောင်မြင်တာလား။
ပြောချင်တာကတော့ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နေတဲ့ တစ်ချိန်တည်းမှာ ကိုယ့်အဖွဲ့ရဲ့ တန်ဖိုးထားရတဲ့အရာတွေ၊ ဂုဏ်သိက္ခာတွေကိုလည်း ထိန်းသိမ်းစောင့်ေ၇ှာက်သွားဖို့ လိုပါတယ်။ အဲဒါကိုမှ တကယ့်ကို အဆင့်အတန်းမြင့်တဲ့ အသင်းကောင်းတစ်သင်းလို့ ခေါ်ဆိုနိုင်မှာပါ။
(3) The team members communicate with one another
အသင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုအပြည့် ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆွေးနွေးကြရပါမယ်။ အဲဒီအတွက် အကြောက်အရွံ့ကင်းတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း အပြန်အလှန် အကြံဉာဏ်ပေးနိုင်၊ ဝေဖန်နိုင်မှာပါ။ အသင်းသားတွေဟာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ စိတ်နဲ့ ကိုယ်သိထားတွေကိုလည်း ဝေမျှဖလှယ်ကြရမယ်၊ ပြစ်တင်ဝေဖန်တာမျိုး မဟုတ်ဘဲ အတွေးစိတ်ကူး အိုင်ဒီယာတွေကို ဆွေးနွေးအဖြေရှာကြရပါမယ်။
(4) The team members grow together
ဒီအချက်နဲ့ ပတ်သက်လို့ John C.Maxwell ကတော့ သူ့အတွေ့အကြုံတွေကို ဒီလိုရေးပြထားပါတယ်။ သူ့အဖွဲ့အစည်း တိုးတက်လာဖို့ကို သူက ပထမအဆင့်အနေနဲ့ တစ်လကို တစ်ကြိမ်လောက် ဆွေးနွေးပွဲတွေ လုပ်တယ်၊ စာတွေဖတ်ကြတယ်၊ ဝေမျှကြတယ်။ အဲဒီကနေ ဘယ်သူက ဘယ်မှာတော်တယ် ဆိုတာ အကြမ်းဖျင်း သိလာရတယ်ပေါ့။ နောက်တစ်ဆင့်အနေနဲ့ Project လေးတွေ ဆွဲပြီး Groupwork လုပ်ခိုင်းတယ်။ နောက်ဆုံးကျမှ conferenceတွေ seminar တွေ၊ workshopတွေကို လွှတ်ပြီး လေ့လာခိုင်းတယ်၊ ပြီးရင် အပြန်အလှန် သင်ယူစေတယ်။ အတွေ့အကြုံဖလှယ်ခြင်း တစ်နည်းအားဖြင့် သင်ယူခြင်း-သင်ပေးခြင်း ဆက်ဆံရေးက သူ့အဖွဲ့ကို တိုးတက်စေခဲ့ပါတယ်။
တိုင်းပြည်တစ်ပြည်အနေနဲ့ စဉ်းစားရင်တော့ ပညာရေးစနစ်ပေါ့။ စနစ်တကျ ပြောင်းလဲပြုပြင်ရပါမယ်။ အခြေခံပညာရေးစနစ်ကောင်းဖို့ လိုသလို တက္ကသိုလ်ပညာရေး၊ အဆင့်မြင့်ပညာရေးကိုလည်း အာရုံစိုက်ထားကြရပါမယ်။ ကိုယ့်ဆီက တော်တဲ့ တတ်တဲ့သူတွေကို ပိုတော် ပိုတတ်လာအောင် နိုင်ငံခြားပညာတော်သင် လွှတ်တာတွေ၊ လေ့လာရေးခရီး လွှတ်တာတွေ လုပ်ကြရပါမယ်။ ပညာရှင်တွေ နေပျော်သော၊ ပညာကိုမြတ်နိုး တန်ဖိုးထားသော တိုင်းပြည်ဖြစ်ဖို့လည်း လိုပါသေးတယ်။
(5) There is a team fit
အသင်းအဖွဲ့တစ်ခုဟာ တစ်ယောက်ကိုတစ်ယောက်ကို ချစ်ခင်ကြမယ်၊ တူညီတဲ့ပန်းတိုင်တစ်ခုဆီကိုလည်း အတူတူသွားနေကြမယ်၊ အဲလို အလုပ်အတူတူ လုပ်နေကြရင်းနဲ့ ကိုယ့်အဖွဲ့ထဲမှာ ဘယ်သူကတော့ အားသာတယ်၊ ဘယ်သူကတော့ ဘယ်နေရာမှာ အားနည်းတယ်ဆိုတာ သိလာပါတယ်။ အဲဒီနောက်တော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အခြေခံပြီး အဖွဲ့ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်ကြရပါမယ်။ ခင်ဗျားကတော့ ဒီင်္နေရာမှာ ကျွန်တော့်ထက် ပိုတော်တယ်၊ ခင်ဗျား ဦးဆောင်ပါ ရယ်လို့ အတ္တစွဲကင်းကင်းနဲ့ ပြောနိုင်ရမယ်။ အားလုံးထဲမှာ တစ်ယောက်ရဲ့ အ၇ည်အချင်းက ကျန်သူတွေထက် သိသိသာသာ ခေါင်းတစ်လုံး ပိုမြင့်နေတယ်ဆိုရင် သူ့ကို နေရာပေး အလေးထား ဆက်ဆံကြရမှာပေါ့။ သူလုပ်လိုက်ရင်တော့ သူတော့ နာမည်ပိုကြီးသွားမယ်၊ သူ့ပါတီ ပိုလူကြိုက်များသွားမယ်၊ သူ သမ္မတဖြစ်သွားရင် ငါတို့တော့ စားပေါက်ပိတ်ပြီ စသဖြင့် အတ္တကြီးပြီး အမျိုးမျိုး ပိတ်ပင်နေကြမယ်ဆိုရင်တော့ အဲဒီအသင်းက အောင်မြင်ဖို့၇ာ မလွယ်တော့ဘူးပေါ့။
(6) The team members place their individual rights beneath the best interest of the team
အသင်းသားတွေဟာ ကိုယ့်ရဲ့အခွင့်အရေး ကိုယ့်ရဲ့ကိုယ်ကျိုးနဲ့ အဖွဲ့အစည်းရဲ့ အောင်မြင်မှု ယှဉ်လာခဲ့ပြီဆို၇င် ကိုယ့်အဖွဲ့အောင်မြင်ဖို့ကိုပဲ ဦးစားပေးရပါမယ်။ ကိုယ့်အတ္တကို ရှေ့တန်းတင်နေတဲ့သူတွေ များနေသရွေ့ အဲဒီအဖွဲ့အစည်းက အောင်မြင်နိုင်ဖို့ မလွယ်ပါဘူး။ ဘောလုံးအသင်းတွေမှာဆိုရင် ကိုယ် ဂိုးသွင်းဘုရင်ဖြစ်ဖို့ထက် ကိုယ့်အသင်းဆုဖလား ရဖို့က ပိုအရေးကြိးသလိုပဲပေါ့။ ဒီလိုခံယူထားတဲ့ ဘောလုံးသမားက ကိုယ်ဂိုးသွင်းခွင့် ရရင်တောင် ကိုယ့်ထက် ပိုပြီး အခွင့်သာနေတဲ့သူကို ဘောလုံးပို့ပေးပါတယ်၊ နာမည်ကြီးချင်စောနဲ့ ကန်မသွင်းပစ်ပါဘူး။
တကယ်တော့ တကယ့်အသင်းကောင်းတစ်သင်းက အသင်းသားတွေဟာ သူ ဂိုးသွင်းမယ် ငါဂိုးသွင်းမယ်ဆိုပြီး လုမနေကြပါဘူး။ အခွင့်ပိုသာတဲ့သူက သွင်းလိုက်ရုံပါပဲ။ အဲဒီအတွက်လည်း အားလုံးက ၀ိုင်းပံ့ပိုးပေးကြပါတယ်။ ဘယ်သူပဲသွင်းသွင်း၊ ငါတို့အသင်း ဂိုးရတာပဲ၊ ဘယ်သူသွင်းတယ်ဆိုတာက အရေးမကြီးဘူး၊ ငါတို့အသင်း အနိုင်ရဖို့သာ အရေးကြီးဆုံးဆိုတဲ့စိတ်ဟာ ချန်ပီယံအသင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့စိတ်ဓါတ်ပါပဲ။
(7) Each team member plays a special role
ကိုယ့်အသင်း ကိုယ့်အဖွဲ့ အောင်မြင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်ဝါသနာပါရာ အလုပ်တွေကို လုပ်ရင်း ပါဝင်စွမ်းဆောင်ကြရပါတယ်။ တစ်နိုင်ငံလုံး ဆရာဝန်တွေချည်း ဖြစ်နေလို့မရပါဘူး၊ ဈေးသည်တွေ၊ စီးပွါးေ၇းပညာရှင်တွေလည်း ရှိရပါဦးမယ်။ ကာယလုပ်သား၊ ဉာဏလုပ်သား၊ သူ့အခန်းကဏ္ဍနဲ့သူ အပြန်အလှန် လေးစားမှုအပြည့်နဲ့ ဆောင်ရွက်ကြရပါမယ်။ နောက်ပြိး ကိုယ်ကစားချင်တာ အားသန်တာက တစ်နေရာ၊ ကိုယ့်အသင်းလိုအပ်နေတာက တစ်နေရာဖြစ်နေရင်လည်း အသင်းရဲ့လိုအပ်ချက်အရ ကျရာနေရာမှာ အားတက်သရောနဲ့ စွမ်းစွမ်းတမံ ကစားပေးဖို့ လိုအပ်ပါတယ်။
(8) An effective team has a good bench
ဒါကတော့ အသင်းတော်တော်များများ မေ့နေတတ်တဲ့ အပိုင်း၊ အဲဒီလိုပဲ အောင်မြင်တဲ့ အသင်းတော်တော်များများက အာရုံစိုက်ကြိုးပမ်းနေကြတဲ့ အပိုင်း။ ဘာလဲဆိုတော့ ဘောလုံးစကားနဲ့ ပြောရင် အရံခုံတန်း၊ ရှင်းအောင်ထပ်ပြောရရင် လူငယ်သွေးသစ်။ လူတွေက ကွင်းထဲဝင်ကစားနေကြတဲ့ ကစားသမား ၁၁ယောက်ကိုပဲ အာရုံစိုက်ကြတယ်၊ သူတို့ခြေစွမ်းပြနိုင်ဖို့၊ သူတို့ဒဏ်ရာ အနာတရကင်းဖို့။ တကယ်တမ်းတော့ အရံခုံတန်းမှာ ထိုင်နေတဲ့ ကစားသမားတွေကလည်း အရေးကြီးတာပါပဲ။ ပထမကစားသမားတွေ အသက်အရွယ်ကြီးရင့်လာခဲ့၇င်၊ ခြေစွမ်းမပြနိုင်တော့ရင်၊ ဒဏ်ရာရသွားခဲ့၇င် သူတို့တွေကပဲ ၀င်ပြီး အစွမ်းပြကြရမှာ၊ သူတို့တွေကို မေ့ထားလို့မဖြစ်ဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူက ဘယ်လောက်ပဲ တော်နေပါစေ၊ ဘယ်လောက်ကမ္ဘာ့အဆင့်မီ ဖြစ်နေပါစေ၊ သူ့နေရာမှာ အစားထိုးနိုင်တဲ့ ခေါင်းဆောင်ကောင်းပေါ်မလာသေးဘူးဆိုရင်တော့ ဒီအဖွဲ့ရဲ့ ရှေ့အလားအလာက မဖြောင့်ဖြူးသေးဘူး ဆိုရမှာပါပဲ။
(9) The team members know exactly where the team stands
အသင်းသားတွေအားလုံးဟာ ကိုယ့်အသင်းရဲ့ အခြေအနေမှန်ကို သဘာပေါက်ထားဖို့ လိုပါမယ်။ ပွဲပြီးဖို့က ဘယ်နှမိနစ်လိုသေးတယ်၊ ဘယ်နှဂိုးရှုံးနေတယ်၊ ကိုယ့်အသင်းမှာ ဘယ်သူတွေ ဒဏ်ရာရနေတယ်၊ ပြိုင်ဘက်တွေက ဘယ်လိုပြင်ဆင်နေကြတယ်၊ ကိုယ်က ဘာတွေလုပ်ရင် ကောင်းမယ် စသဖြင့် သိထားမှ ဒီပွဲကို ဘယ်လိုအနိုင်ကန်ရမယ်ဆိုတာ သိမှာမဟုတ်လား။ LDC စာရင်းဝင် တိုင်းပြည်လို့ ပြောတာကို နားမခံနိုင်တာ၊ ဘယ်သူ့လက်ထက်မှာ ဘာတွေပျက်သွားတယ်ဆိုတာတော့ ထုတ်မပြောဘဲ တံတားကြီးတွေ ဆည်ကြီးတွေ ဘယ်နှစင်းဆောက်ပြီးပါပြီ ဆိုတာမျိုးတွေ၊ သတင်းစာထဲ ပါရုံ လိုအပ်သည်များကို မှာကြားနေတာမျိုးတွေ ဆက်လုပ်နေလို့တော့ မရပါဘူး။
(10) The team members are willing to pay the price
နောက်ဆုံးတစ်ချက်ကတော့ အသင်းသားတွေအားလုံးမှာ ကိုယ့်အသင်းအတွက်ဆို စွန့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိရှိရပါမယ်။ တိုက်ပွဲတစ်ပွဲမှာ စစ်သားအင်အား ဘယ်လောက်ရှိရှိ၊ လေယာဉ်တွေ ဘယ်နှစင်းသုံးသုံး၊ တိုက်သင်္ဘောတွေ ဘယ်လောက်အင်အား ကောင်းကောင်း တကယ်တိုက်ပွဲဝင်ရမဲ့ စစ်သည်တွေက သေရဲတိုက်ရဲတဲ့ စိတ်ဓါတ် မရှိဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ ဒီတိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ပါဘူး။
ဒီလိုပါပဲ၊ ဘယ်လောက်ပဲ သဘာဝသယံဇာတတွေ ပေါတယ်ပြောပြော၊ နိုင်ငံတကာက ဘယ်လောက်ကူညီကူညီ၊ ကိုယ့်တိုင်းပြည်က လူတွေကိုယ်တိုင်က တိုးတက်လိုစိတ် မရှိဘူး၊ တိုင်းပြည်အတွက် အနစ်နာခံလိုတဲ့စိတ်၊ ဆောင်ရွက်ပေးလိုစိတ် မရှိဘူး၊ ကိုယ်ကျိုးပဲကြည့်နေကြမယ်ဆို၇င်တော့ အဲဒီတိုင်းပြည် အောင်မြင်ဖို့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါပဲ။
ဒီအချက်တွေကို သင်ခန်းစာယူရင်း လူ၎ယောက်လောက်ရှိတဲ့ မိသားစုဘ၀တွေကနေ မြို့တစ်မြို့၊ တိုင်းတစ်တိုင်း၊ ပြည်နယ်တစ်ခု၊ နောက်ဆုံး တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ပါ အသင်းကောင်းတစ်သင်းအဖြစ် ကျွန်တော်တို့တွေ ရပ်တည်သွားကြဖို့ လိုပါတယ်။

အသင်းအဖွဲ့စိတ်ဓါတ်ဆိုတာ
(၁)
တစ်ခါက ကျန်းမာရေးဟောပြောပွဲလုပ်ဖို့ ရွာတစ်ရွာကို သွားခဲ့ကြတယ်။ Hard to reach လို့သတ်မှတ်ထားတဲ့ သွားလာရန်ခက်ခဲသော ဝေးလံသီခေါင်သော ရွာလေးပေါ့။ သွားဖို့ကားဈေးနှုန်းတွေ စုံစမ်းကြပြီးတဲ့အခါ ဈေးပိုသက်သာတဲ့ ကားဆရာတစ်ယောက်ကို ရွေးလိုက်ကြတယ်။ တကယ့်တကယ်လည်း သွားရော၊ ကားသမားက ဒီလမ်းကို တစ်ခါမှမမောင်းဖူးဘူး ဖြစ်နေတယ်၊ သွားရတာ အရမ်းကိုအဆင်မပြေ ဖြစ်သွားပြီး လမ်းဆင်းလျှောက်တဲ့အခါ လျှောက်၊ တွန်းသင့်တဲ့အခါ တွန်း နဲ့ လူတွေအတော်ပင်ပန်းကုန်ကြတယ်။ ဒီအခါမှာ အပြစ်တင်မိကြရော၊ စောစောကတည်းက ငါပြောတဲ့လူနဲ့သာ သွားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး တဲ့။
(၂)
ကျွန်တော်တို့မြန်မာတွေဟာ အသင်းအဖွဲ့စိတ်ဓါတ် မရှိကြဘူးလို့ တော်တော်များများက ပြောကြတယ်။ တကယ်ပြန်ကြည့်တော့လည်း ဟုတ်ပါတယ်၊ ပါတီပဲထောင်ထောင်၊ စီးပွါးရေးပဲလုပ်လုပ်၊ အနုပညာပဲလုပ်လုပ်၊ အဖွဲ့တွေထောင်ပြီး သိပ်မကြာဘူး၊ ကွဲကြ ပြဲကြတာပဲ။ အပြစ်တင်စရာတွေက ပတ်ပတ်လည် ဖြစ်နေလို့လား မသိဘူး၊ တခုခုဆို အပြစ်အရင်တင်တတ်တဲ့ အကျင့်က အရိုးထဲပါ စွဲနေပြီ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်မယ်၊ အပြန်အလှန်လေးစားမှု မရှိဘူး၊ မတူတာကို သည်းခံတတ်တဲ့ စိတ်လည်း မရှိဘူး။ နှစ်ဖက်စလုံး အကျိုးရှိတဲ့ win-win ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် အပြုတ်တိုက်တဲ့ win-lost ကို ပိုအားသန်ကြတယ်။ ပိုလိုချင်ကြတယ်။
(၃)
တကယ်တော့ Group လို့ခေါ်တဲ့ လူအုပ်စုနဲ့ Team လို့ခေါ်တဲ့ အသင်းအဖွဲ့ဆိုတာက တူမလိုလိုနဲ့ အတော်ကွဲပြားပါတယ်။ ဆိုပါစို့၊ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်ရှိတယ်၊ Marketing သမားရှိတယ်၊ receptionist ရှိတယ်၊ admin သမားရှိတယ်၊ အားလုံးက သူတို့အလုပ်မှာသူတို့ သူမတူအောင် တစ်ဖက်ကမ်းခပ် တော်ကြတယ်၊ ဒါပေမဲ့ အသင်းတစ်ခုရယ်လို့ ဖြစ်မနေတော့ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် အကဲခတ်နေကြတယ်၊ အမှားကို စောင့်ကြည့်နေကြတယ်၊ မှားလိုက်တာနဲ့ အပြစ်တင်လို့ ဝေဖန်လို့ မဆုံးဘူး၊ ပြီးရင် အဲဒါကို ငါ သူ့အပေါ် အနိုင်ရသွားပြီ ဆိုပြီး ပျော်နေတတ်ကြတယ်၊ ဂုဏ်ယူနေတတ်ကြတယ်။ အဖွဲ့အောင်မြင်တာထက် သူမှားပြီး ငါမှန်တယ် ဆိုတဲ့သက်သေကို ပိုလိုချင်ကြတယ်။ အဖွဲ့ရဲ့အကျိုးစီးပွါးထက် ပုဂ္ဂိုလ်ရေးကဏ္ဍကို ပိုဦးစားပေးကြတယ်။ သူတို့တွေရဲ့ လုပ်အားက ၁+၁ = ၂ ပဲ။ အဲဒါမျိုးကိုတော့ လူတွေစုထားလို့ လူအုပ်စုတစ်စုလို့ ခေါ်နိုင်ပေမဲ့ အသင်းတစ်ခုလို့တော့ သတ်မှတ်လို့မရဘူး။ ဒီလိုလူမျိုးတွေရှိနေခြင်းအားဖြင့် အဲဒီအဖွဲ့အစည်းဟာလည်း ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူး။
(၄)
အသင်းအဖွဲ့ဆိုတာကတော့ လူအုပ်စုတစ်စုပါပဲ၊ ဒါပေမဲ့ ဘယ်လိုgroupလဲဆိုတော့ ငါတို့ဟာ “တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ” ဆိုတဲ့ စိတ်ဓါတ်မျိုး ကိုယ်စီရှိနေကြတဲ့ groupတစ်ခု။ ပုံပြင်တစ်ပုဒ် ရှိတယ်၊ တစ်ခါတုန်းက မြစ်ထဲမှာ လှေတစ်စင်းကို လူ၃ယောက် လှော်ခတ်လာတယ်၊ တစ်နေရာရောက်တော့ လှေရဲ့အလယ်မှာ ထိုင်နေတဲ့လူက သူထိုင်နေတဲ့အောက်ကို အပေါက်ဖောက်လေရဲ့၊ အဲဒါနဲ့ ရှေ့နဲ့နောက်မှာ ထိုင်နေကြတဲ့ လူတွေက ပြောတယ်၊ ဟေ့လူ ဘာလုပ်တာလဲ၊ ရေတွေဝင်လာမှာပေါ့ လို့ဆိုတော့ အဲဒီလူက ပြန်ပြောတယ်၊ ဘာဖြစ်လဲ၊ ငါ့နေရာ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ တဲ့။ ဆိုင်ပါတယ်၊ ဘာလို့ဆိုတော့ သူတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေကိုး။ တစ်ယောက်ရဲ့အသက်ရှင်ရပ်တည်မှုဟာ တစ်ခြားတစ်ယောက်နဲ့လည်း ပတ်သက်နေပါတယ်။ တစ်ယောက်ရဲ့အမှားက တစ်သင်းလုံးကို ကျရှုံးစေနိုင်ပါတယ်။ အဲဒီလိုခံယူထားကြတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အမှားစောင့်မနေကြတော့ဘူး။ အကောင်းဆုံးဖြစ်မဲ့အဖြေကို အားလုံးဝိုင်းရှာကြတော့တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာထက် အဖွဲ့ကောင်းဖို့က ပိုအရေးကြီးလာတယ်။ ကိုယ်နဲ့မတူတဲ့ဆုံးဖြတ်ချက်တစ်ခုကို အများသဘောတူညီမှုနဲ့ ချပြီးသွားတဲ့အချိန်မှာလည်း ငါပြောသလိုမှ မလုပ်ကြတာလို့ ပြောနိုင်လာမှာကိုတောင် မလိုချင်တော့ဘူး။ အဖွဲ့အစည်းရဲ့အကျိုးအတွက် ငါပြောတာမှန်ဖို့ထက် ငါတို့အခု ဆုံးဖြတ်လိုက်တဲ့ဟာ မှန်ဖို့ပဲ ပိုဦးစားပေးမိတော့တယ်။
(၅)
အမျိုးသမီးဟော်ကီအသင်းအကြောင်း ရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကား ကြည့်ဖူးပါတယ်။ အတိုချုပ်ပြောရရင် အစက တစ်ယောက်တစ်မျိုးစီနဲ့ ပြန့်ကျဲနေတဲ့ အသင်းကို နည်းပြအဖြစ် သရုပ်ဆောင်တဲ့ မင်းသားက ပြန်စုစည်းလိုက်တယ်၊ အသင်းပုံစံကျသွားတယ်၊ တဖြည်းဖြည်းနဲ့ နိုင်ပွဲတွေဆက်လာခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်လာတယ်။ ကစားသွားတဲ့ ပွဲစဉ်တစ်လျှောက်မှာ သူတို့အသင်းက တိုက်စစ်မှူးနှစ်ဦးက အပြိုင်အဆိုင် ဂိုးတွေသွင်းကြတယ်၊ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်လာဖို့လည်း အပြိုင်ရေပန်းစားလာကြတယ်၊ အဲဒီတော့ သူတို့စိတ်ထဲမှာလည်း ကြိတ်ပြိုင်နေကြတယ်၊ တစ်ယောက်က ရထားရင် နောက်တစ်ယောက်ကို မပေးဘူး၊ သူ့ဟာသူပဲ ဂိုးသွင်းသွင်းလိုက်တယ်။ ဗိုလ်လုပွဲမပြိုင်ခင် တစ်ညမှာတော့ နည်းပြက သူတို့နှစ်ယောက်ကို ခေါ်ပြောတယ်။ မင်းတို့နှစ်ယောက် ကစားနေပုံတွေကို တစ်ဖက်အသင်းက မြင်နေမှာပဲ၊ အဲဒါကို အခွင့်အရေးယူကြမှာပဲ၊ မင်းတို့ပြင်မှရမယ်၊ မင်းတို့ဟာ ငါတို့အသင်းရဲ့ အားအထားရဆုံး ကစားသမားတွေဖြစ်သလို ငါတို့အသင်းရှုံးနိမ့်ရမဲ့ တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်တယ် တဲ့။ နည်းပြက အဲ့လိုပြောသွားပေမဲ့လည်း မရပါဘူး။ တကယ်ကစားတော့ တစ်ယောက်နဲ့တစ်ယောက် မပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေကြတယ်။ ဟိုဘက်အသင်းက တစ်ဂိုးသွင်းထားလိုက်ပြီ၊ နောက်ဆုံးမိနစ်ရောက်လာတယ်၊ အဲဒီအချိန်မှာပဲ သူတို့အသင်း ဂိုးသွင်းဖို့ အခွင့်အရေးရတယ်။ တစ်ယောက်က သယ်လာတယ်၊ ဂိုးသမားနဲ့ ရင်ဆိုင်တွေ့တယ်၊ ဟိုဘက်မှာ ပြေးလိုက်လာတာက သူနဲ့ပြိုင်ဘက်လိုဖြစ်နေတဲ့ ကစားသမား၊ ထိုးပေးလိုက်တာနဲ့ သေချာတယ်၊ ဂိုးပြီ။ ဂိုးသမားကတော့ အပိုင်တွက်ထားလိုက်တယ်၊ သူ ဟိုဘက်ကို ပေးမှာမဟုတ်ဘူး ဆိုပြီး သူသွင်းရင် ဖမ်းဖို့အတွက် ပြင်ဆင်ထားလိုက်တယ်၊ အဲဒီအချိန်မှာပဲ ဒီကစားသမားက ဟိုဘက်ကို လှမ်းပေးလိုက်တယ်၊ အဲဒီမှာတင် သူတို့ချေပဂိုးရသွားတယ်၊ နောက်ဆုံး အနိုင်ရသွားပါတယ်။ သူတို့အသင်းအနိုင်ရခြင်းရဲ့ လျို့ဝှက်ချက်ကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း အဲဒါဟာ ငါတို့အသင်းအနိုင်ရတာပဲ ဆိုတာကို အဲဒီကစားသမားက သဘောပေါက်သွားလို့ပါပဲ။
(၆)
အောင်မြင်မှုတိုင်း အောင်မြင်သူတိုင်းရဲ့နောက်ကွယ်မှာ ပံ့ပိုးပေးသူ၊ ပေးဆပ်အနစ်နာခံသူတွေဆိုတာ ရှိကြရစမြဲပဲ။ မြန်မာပြည်လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍ အရေးပါသလို၊ လူမသိ သူမသိနဲ့ အသက်ပေးသွားရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း မေ့ထားလို့ မရဘူး။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ဂိုးသွင်းလိုက်တဲ့ တိုက်စစ်မှူးကို ချီးကျူးဖို့လိုသလို ဂိုးမပေးရအောင် စွမ်းစွမ်းတမံ ကာကွယ်ပေးသွားတဲ့ ဂိုးသမားကိုလည်း အသိအမှတ်ပြုပေးရမယ်။ အသိအမှတ်ပြုမှုတွေ မခံရတဲ့အခါ၊ အောင်ပွဲတွေမှာ လျစ်လျူရှုခံ ရပါများလာတဲ့အခါ တော်ရုံအသင်းအဖွဲ့စိတ်ဓါတ် ရှိပါတယ်ဆိုသူတွေတောင် ကြာတော့ စိတ်ပျက်လာတတ်တယ်။ လူဆိုတာ အတ္တရှိတဲ့ သတ္တ၀ါပဲကိုး။ အဲဒီအတွက် ချီးကျူးခံရတဲ့သူတွေအနေနဲ့ ငါ တော်လို့ဒီလိုဖြစ်တာပဲ ဆိုတာထက် ကိုယ့်ကို ပံ့ပိုးပေးလိုက်တဲ့ နောက်ကွယ်ကလူတွေကို အသိအမှတ်ပြုပေးဖို့လည်း လိုပါတယ်။
(၇)
Group ဆိုတာ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုတဲ့ အစုအဖွဲ့ပါ။
Team ဆိုတာကတော့ ငါတို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ လို့ ခံယူထားကြတဲ့ လူအစုအဖွဲ့ပါ။
Team work ဆိုတာက ၁ နဲ့ ၁ ပေါင်းတာပဲ ဆိုပေမဲ့ သူတို့နှစ်ဦးရဲ့ ပေါင်းစည်းမှုကြောင့် ထွက်လာတဲ့ ရလဒ်က ၂ ထက် ပိုနေတာကို ခေါ်ပါတယ်။ (1+1 = >2)
Team spirit ဆိုတာကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း ငါတို့အသင်း အနိုင်ရတာပဲ၊ အဲဒီလိုပဲ၊ ငါတို့ထဲက ဘယ်သူပဲမှားမှား အဲဒါဟာ ငါတို့အသင်း ရှုံးနိမ့်တာပဲ လို့ စွဲစွဲမြဲမြဲ ခံယူထားတာကို ဆိုလိုပါတယ်။
ပြောရရင် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အလိုအပ်ဆုံးဟာ အဲဒီအသင်းအဖွဲ့စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်မှုဆိုတာ
Share1K
Knowledge နဲ့ Skill ဘာကွာသလဲဆိုရင် Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ Knowing how to do ဘယ်လိုလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပါတယ်။ ဥပမာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်မဲ့လူဟာ ဘယ်ဒေသမှာတော့ ဘာရောဂါတွေ ဖြစ်နေတယ်၊ ဘာလုပ်ဖို့ လိုတယ် စသဖြင့် ပေါ်လစီချပေးနိုင်ဖို့ လိုပါတယ်။ သူချပေးလိုက်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို အသေးစိတ်သိတဲ့၊ တတ်ကျွမ်းနားလည်တဲ့ Specialist များက အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
Leaders do the right things. Others do the things right.
ခေါင်းဆောင်များဟာ မှန်ကန်တဲ့အလုပ်၊ တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်များကို လုပ်ကြရသူတွေ ဖြစ်ပြီး၊ နောက်လိုက်များကတော့ ကိုယ်လုပ်ရမဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြရတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့သူတွေဟာ ကိုယ့်နားမှာ လူတော်တွေ တစ်နည်းအားဖြင့် ပြောရရင် Specialist တွေ ၀န်းရံနေအောင် လုပ်ထားနိုင်ဖို့ လိုပါတယ်။ နေရာဖယ်ပေးရမှာ စိုးပြီး လူတော်ကို ကြောက်နေလို့ မရပါဘူး။ လူတော်တွေ မွေးထုတ်ပေးနိုင်ရမယ်၊ လူတော်တွေကို ချစ်တတ်ရမယ်၊ ချီးမြှင့်မြှောက်စားရမယ်၊ နောက်ပြီး ကိုယ့်နောက်မှာ အမြဲတမ်းရှိနေအောင်လည်း စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဟာ သူ့ဟာသူ ဘယ်လောက်ကြီးပဲ တော်နေပါစေ၊ သူ့နောက်မှာ လူတော်အစုအဖွဲ့ မရှိရင် ဘယ်လိုမှ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။
တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ပစ္စည်းတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးကို လိုချင်တဲ့နေရာ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားရသလိုပါပဲ။ ခေါင်းဆောင်ဟာ ဒီလှည်းကြီးကို လမ်းမှန်ပေါ်မှာ ရှိနေအောင် ဦးဆောင်လမ်းညွှန်ပေးရသူ ဖြစ်ပါတယ်။ ကိုယ်တိုင် ၀င်တွန်းနေလို့ မရပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူဟာ ဘယ်လမ်းကသွားရင် အနီးဆုံးဖြစ်မယ်ဆိုတဲ့ လမ်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် မရှိမဖြစ် လိုလာတာက နောက်လိုက်တွေထက် ပိုဝေးဝေးမြင်နိုင်တဲ့ စွမ်းအား။ နောက်တစ်ခုက ကိုယ်တစ်ယောက်တည်း မြင်နေလို့လည်း မရသေးဘူး၊ ကိုယ်မြင်သလို နောက်လိုက်တွေလည်း မြင်လာအောင်၊ ကိုယ်ခံယူသလို၊ ကိုယ်မျှော်မှန်းထားသလို သူတို့တွေ တစ်ထပ်တည်း ခံယူလာအောင် မျှော်မှန်းလာအောင် ဆက်သွယ်ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ့်နောက်လိုက်တွေဟာ ဒီအလုပ်လုပ်ရတဲ့အတွက် စိတ်ကျေနပ်မှု ရှိမှာပါ။ လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့ တက်ကြွနေတော့မှာပါ။
ခေါင်းဆောင် ဆိုတာဟာ ရာထူးတစ်ခု မဟုတ်ပါဘူး။ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာ ပါဝါ၂မျိုး၂စား ရှိပါတယ်။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ဖြစ်လာတဲ့ Positional power နဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ရလာတဲ့ Personal power တွေပဲ ဖြစ်ပါတယ်။ Positional power အရ သူတို့မှာ အပြစ်ပေးပိုင်ခွင့်ရှိတယ်။ အမိန့်ပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီပါဝါတွေဟာ ရာထူးပျောက်သွားတဲ့နေ့မှာ သူတို့လည်း ပျောက်ဆုံးသွားတတ်ပြီး နောက်လိုက်တွေအပေါ်မှာလည်း ကြီးမားတဲ့လွှမ်းမိုးမှု ဖြစ်မလာပါဘူး။ ရှေ့တင်တော့ မကောင်းတတ်လို့ နာခံနေပေမဲ့ နောက်ကွယ်မှာကျ သူကတော့ လှည်းပေါ်မှာ ထိုင်နေတယ်၊ ငါတို့ကျတော့ နောက်ကနေ ပင်ပန်းတကြီး တွန်းနေရတယ် ဆိုပြီး ပြောကြမှာပါ။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်မှာ အရေးကြီးတာက Personal power ဖြစ်ပါတယ်။
အဲဒီမှာမှ ကိုယ့်ရဲ့ အရည်အချင်းကြောင့် ရလာတဲ့ Expert power နဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်၊ ခံယူချက်ကောင်းတာတွေကြောင့် နောက်လိုက်တွေစိတ်ထဲ ချစ်ခင်နှစ်သက်ပြီး လိုက်တုပချင်လာစေတဲ့ Referent power ဆိုပြီး ထပ်ရှိပါသေးတယ်။ ခေါင်းဆောင်ဆိုတာဟာ နောက်လိုက်တွေအပေါ်မှာ လွှမ်းမိုးနိုင်ရပါမယ်၊ အဲဒီအတွက် ငါက ဘာရာထူး နင်က ဘာအဆင့်လုပ်နေလို့ မရပါဘူး။ စစ်မှန်တဲ့ လွှမ်းမိုးမှုဆိုတာဟာ ရာထူးကနေ မလာပါဘူး။ အရည်အချင်းကနေသာ လာပါတယ်။ အသက်ငယ်ငယ်နဲ့ ရာထူးတစ်ခု ရထားတဲ့အခါမှာ (အဖေ့ကုမ္ပဏီမှာ သားက အလိုလိုနေရင်း မန်နေဂျာဖြစ်လာကြတဲ့အခါမျိုးမှာ) ဖြစ်တတ်ကြတဲ့ “ကိုယ့်ထက်လုပ်ငန်းခွင်အရင်ရောက်နေတဲ့သူတွေဆီက လေးစားမှု မရဘူး” ဆိုတဲ့ကိစ္စဟာ ဒါကြောင့်ပါ။ Personal power ရလာအောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီပါဝါသာရှိနေရင် ဘယ်သူကမှ ကိုယ့်ကို လှည်းလာမတွန်းလို့ ဆိုပြီး အပြစ်တင်နေမှာ မဟုတ်သလို၊ ကိုယ်က လာတွန်းပေးမယ်ဆိုရင်တောင် အားလုံးက ၀ိုင်းတားကြမှာပါ။ ဘာလို့ဆိုတော့ ဒီခေါင်းဆောင်နေရာမှာ သူသာ မရှိရင် ဒီလှည်းကြီးဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးလို့ အားလုံးက သဘောပေါက်ထားကြလို့ပါပဲ။
နေပူပူထဲမှာ ဒီလှည်းကြီးကို တွန်းနေရတယ်၊ လှည်းပေါ်မှာ ထိုင်နေတဲ့ခေါင်းဆောင်ကတော့ သူတို့လှည်း ဘယ်နေရာရောက်နေပြီ၊ ဘယ်လောက်ဝေးသေးတယ်၊ ဘယ်လောက်ဆက်သွားရဦးမယ် မြင်နေပေမဲ့ နောက်ကတွန်းနေရတဲ့ နောက်လိုက်တွေကတော့ ဒါတွေမြင်မနေရပါဘူး။ ကြာလာတဲ့အခါကျတော့ လုပ်သာလုပ်နေရတယ် ဘာမှလည်း မထူးပါဘူးဆိုပြီး စိတ်ဓါတ်ကျလာတတ်ပါတယ်။ အဲဒီအတွက် ခေါင်းဆောင်လုပ်တဲ့သူဟာ သူတို့မျှော်မှန်းထားတဲ့ အနာဂတ်ရည်မှန်းချက်ကို အမြဲတမ်းသက်ဝင်လှုပ်ရှားနေအောင် လှုံ့ဆော်ထားနိုင်ဖို့ လိုပါတယ်။ အဲဒါမှ ကိုယ်တကယ်မျှော်မှန်းထားတဲ့ နေရာကို အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Leadership ဆိုတဲ့ ခေါင်းဆောင်မှုကို အနှစ်ပြန်ချုပ်ရရင်
ခေါင်းဆောင်မှုဆိုတာဟာ အဖွဲ့အစည်းတစ်ရပ်ကို ကျစ်လျစ်ခိုင်မာစွာနဲ့ စနစ်တကျဖြစ်အောင် လမ်းညွှန်ပေးပြီး ရည်မှန်းချက်တစ်ခု အောင်မြင်အောင် လုပ်ဆောင်ပေးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
ဒီအတွက် ခေါင်းဆောင်လုပ်မဲ့သူဟာ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ Knowledge ရှိဖို့ လိုပါတယ်။ ဝေးဝေးမြင်နိုင်ဖို့ Vision ရှိဖို့ လိုတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ် (Change)။
အဲဒီ Vision ကို နောက်လိုက်တွေပါသိအောင် စည်းရုံးပြောဆိုနိုင်ဖို့ လိုပါတယ် (Sharing the vision)။ အပြောအဟော ကောင်းရမယ် (Leadership communication)။ နောက်လိုက်တွေရဲ့ စိတ်ဓါတ်ကို တက်ကြွနေစေရပါမယ် (Motivation)။
အဲဒီ Vision ကိုလည်း အမြဲတစေ အသက်ဝင်နေအောင် လှုံ့ဆော်နိုင်ရပါမယ် (Inspiration)။
အဲဒီ Vision ကို အကောင်အထည်ဖော်ပေးမဲ့ လူတော်အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားရပါမယ်။ နောက်လိုက်တွေအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရမယ် (Influence)။ အဲဒီအတွက် ကိုယ့်မှာ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ဖို့ လိုပါတယ်၊ Personal power ရှိရပါမယ်။
ဒါကြောင့် ခေါင်းဆောင်မှုဆိုတာဟာ Change Motivation Inspiration နဲ့ Influence ဆိုတဲ့ ဒေါက်တိုင်(၄)ခုကို အခြေပြုပြီး အကောင်အထည်ဖော်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
Shares 1K
လေးစားရတဲ့
ဆရာတစ်ယောက်က ပြောဖူးတယ်၊ ကမ္ဘာကို ကိုင်လှုပ်နေတာ Generalist တွေပါ တဲ့။
နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ခေါင်းဆောင်တွေဟာ ပညာရပ်တစ်ခုတည်းကို
ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ Specialist တွေမဟုတ်ကြပါဘူး။
ကဏ္ဍအားလုံးကို နားလည်သဘောပေါက်ပြီး ကိုယ့်အဖွဲ့အစည်း ကိုယ့်နိုင်ငံအတွက်
အကောင်းဆုံးဖြစ်မဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေကြတဲ့ Generalist တွေ
ဖြစ်ပါတယ်။Knowledge နဲ့ Skill ဘာကွာသလဲဆိုရင် Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ Knowing how to do ဘယ်လိုလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပါတယ်။ ဥပမာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်မဲ့လူဟာ ဘယ်ဒေသမှာတော့ ဘာရောဂါတွေ ဖြစ်နေတယ်၊ ဘာလုပ်ဖို့ လိုတယ် စသဖြင့် ပေါ်လစီချပေးနိုင်ဖို့ လိုပါတယ်။ သူချပေးလိုက်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို အသေးစိတ်သိတဲ့၊ တတ်ကျွမ်းနားလည်တဲ့ Specialist များက အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
Leaders do the right things. Others do the things right.
ခေါင်းဆောင်များဟာ မှန်ကန်တဲ့အလုပ်၊ တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်များကို လုပ်ကြရသူတွေ ဖြစ်ပြီး၊ နောက်လိုက်များကတော့ ကိုယ်လုပ်ရမဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြရတဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့သူတွေဟာ ကိုယ့်နားမှာ လူတော်တွေ တစ်နည်းအားဖြင့် ပြောရရင် Specialist တွေ ၀န်းရံနေအောင် လုပ်ထားနိုင်ဖို့ လိုပါတယ်။ နေရာဖယ်ပေးရမှာ စိုးပြီး လူတော်ကို ကြောက်နေလို့ မရပါဘူး။ လူတော်တွေ မွေးထုတ်ပေးနိုင်ရမယ်၊ လူတော်တွေကို ချစ်တတ်ရမယ်၊ ချီးမြှင့်မြှောက်စားရမယ်၊ နောက်ပြီး ကိုယ့်နောက်မှာ အမြဲတမ်းရှိနေအောင်လည်း စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဟာ သူ့ဟာသူ ဘယ်လောက်ကြီးပဲ တော်နေပါစေ၊ သူ့နောက်မှာ လူတော်အစုအဖွဲ့ မရှိရင် ဘယ်လိုမှ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။
တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ပစ္စည်းတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးကို လိုချင်တဲ့နေရာ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားရသလိုပါပဲ။ ခေါင်းဆောင်ဟာ ဒီလှည်းကြီးကို လမ်းမှန်ပေါ်မှာ ရှိနေအောင် ဦးဆောင်လမ်းညွှန်ပေးရသူ ဖြစ်ပါတယ်။ ကိုယ်တိုင် ၀င်တွန်းနေလို့ မရပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူဟာ ဘယ်လမ်းကသွားရင် အနီးဆုံးဖြစ်မယ်ဆိုတဲ့ လမ်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် မရှိမဖြစ် လိုလာတာက နောက်လိုက်တွေထက် ပိုဝေးဝေးမြင်နိုင်တဲ့ စွမ်းအား။ နောက်တစ်ခုက ကိုယ်တစ်ယောက်တည်း မြင်နေလို့လည်း မရသေးဘူး၊ ကိုယ်မြင်သလို နောက်လိုက်တွေလည်း မြင်လာအောင်၊ ကိုယ်ခံယူသလို၊ ကိုယ်မျှော်မှန်းထားသလို သူတို့တွေ တစ်ထပ်တည်း ခံယူလာအောင် မျှော်မှန်းလာအောင် ဆက်သွယ်ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ့်နောက်လိုက်တွေဟာ ဒီအလုပ်လုပ်ရတဲ့အတွက် စိတ်ကျေနပ်မှု ရှိမှာပါ။ လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့ တက်ကြွနေတော့မှာပါ။
ခေါင်းဆောင် ဆိုတာဟာ ရာထူးတစ်ခု မဟုတ်ပါဘူး။ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာ ပါဝါ၂မျိုး၂စား ရှိပါတယ်။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ဖြစ်လာတဲ့ Positional power နဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ရလာတဲ့ Personal power တွေပဲ ဖြစ်ပါတယ်။ Positional power အရ သူတို့မှာ အပြစ်ပေးပိုင်ခွင့်ရှိတယ်။ အမိန့်ပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီပါဝါတွေဟာ ရာထူးပျောက်သွားတဲ့နေ့မှာ သူတို့လည်း ပျောက်ဆုံးသွားတတ်ပြီး နောက်လိုက်တွေအပေါ်မှာလည်း ကြီးမားတဲ့လွှမ်းမိုးမှု ဖြစ်မလာပါဘူး။ ရှေ့တင်တော့ မကောင်းတတ်လို့ နာခံနေပေမဲ့ နောက်ကွယ်မှာကျ သူကတော့ လှည်းပေါ်မှာ ထိုင်နေတယ်၊ ငါတို့ကျတော့ နောက်ကနေ ပင်ပန်းတကြီး တွန်းနေရတယ် ဆိုပြီး ပြောကြမှာပါ။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်မှာ အရေးကြီးတာက Personal power ဖြစ်ပါတယ်။
အဲဒီမှာမှ ကိုယ့်ရဲ့ အရည်အချင်းကြောင့် ရလာတဲ့ Expert power နဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်၊ ခံယူချက်ကောင်းတာတွေကြောင့် နောက်လိုက်တွေစိတ်ထဲ ချစ်ခင်နှစ်သက်ပြီး လိုက်တုပချင်လာစေတဲ့ Referent power ဆိုပြီး ထပ်ရှိပါသေးတယ်။ ခေါင်းဆောင်ဆိုတာဟာ နောက်လိုက်တွေအပေါ်မှာ လွှမ်းမိုးနိုင်ရပါမယ်၊ အဲဒီအတွက် ငါက ဘာရာထူး နင်က ဘာအဆင့်လုပ်နေလို့ မရပါဘူး။ စစ်မှန်တဲ့ လွှမ်းမိုးမှုဆိုတာဟာ ရာထူးကနေ မလာပါဘူး။ အရည်အချင်းကနေသာ လာပါတယ်။ အသက်ငယ်ငယ်နဲ့ ရာထူးတစ်ခု ရထားတဲ့အခါမှာ (အဖေ့ကုမ္ပဏီမှာ သားက အလိုလိုနေရင်း မန်နေဂျာဖြစ်လာကြတဲ့အခါမျိုးမှာ) ဖြစ်တတ်ကြတဲ့ “ကိုယ့်ထက်လုပ်ငန်းခွင်အရင်ရောက်နေတဲ့သူတွေဆီက လေးစားမှု မရဘူး” ဆိုတဲ့ကိစ္စဟာ ဒါကြောင့်ပါ။ Personal power ရလာအောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီပါဝါသာရှိနေရင် ဘယ်သူကမှ ကိုယ့်ကို လှည်းလာမတွန်းလို့ ဆိုပြီး အပြစ်တင်နေမှာ မဟုတ်သလို၊ ကိုယ်က လာတွန်းပေးမယ်ဆိုရင်တောင် အားလုံးက ၀ိုင်းတားကြမှာပါ။ ဘာလို့ဆိုတော့ ဒီခေါင်းဆောင်နေရာမှာ သူသာ မရှိရင် ဒီလှည်းကြီးဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးလို့ အားလုံးက သဘောပေါက်ထားကြလို့ပါပဲ။
နေပူပူထဲမှာ ဒီလှည်းကြီးကို တွန်းနေရတယ်၊ လှည်းပေါ်မှာ ထိုင်နေတဲ့ခေါင်းဆောင်ကတော့ သူတို့လှည်း ဘယ်နေရာရောက်နေပြီ၊ ဘယ်လောက်ဝေးသေးတယ်၊ ဘယ်လောက်ဆက်သွားရဦးမယ် မြင်နေပေမဲ့ နောက်ကတွန်းနေရတဲ့ နောက်လိုက်တွေကတော့ ဒါတွေမြင်မနေရပါဘူး။ ကြာလာတဲ့အခါကျတော့ လုပ်သာလုပ်နေရတယ် ဘာမှလည်း မထူးပါဘူးဆိုပြီး စိတ်ဓါတ်ကျလာတတ်ပါတယ်။ အဲဒီအတွက် ခေါင်းဆောင်လုပ်တဲ့သူဟာ သူတို့မျှော်မှန်းထားတဲ့ အနာဂတ်ရည်မှန်းချက်ကို အမြဲတမ်းသက်ဝင်လှုပ်ရှားနေအောင် လှုံ့ဆော်ထားနိုင်ဖို့ လိုပါတယ်။ အဲဒါမှ ကိုယ်တကယ်မျှော်မှန်းထားတဲ့ နေရာကို အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Leadership ဆိုတဲ့ ခေါင်းဆောင်မှုကို အနှစ်ပြန်ချုပ်ရရင်
ခေါင်းဆောင်မှုဆိုတာဟာ အဖွဲ့အစည်းတစ်ရပ်ကို ကျစ်လျစ်ခိုင်မာစွာနဲ့ စနစ်တကျဖြစ်အောင် လမ်းညွှန်ပေးပြီး ရည်မှန်းချက်တစ်ခု အောင်မြင်အောင် လုပ်ဆောင်ပေးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။
ဒီအတွက် ခေါင်းဆောင်လုပ်မဲ့သူဟာ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ Knowledge ရှိဖို့ လိုပါတယ်။ ဝေးဝေးမြင်နိုင်ဖို့ Vision ရှိဖို့ လိုတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ် (Change)။
အဲဒီ Vision ကို နောက်လိုက်တွေပါသိအောင် စည်းရုံးပြောဆိုနိုင်ဖို့ လိုပါတယ် (Sharing the vision)။ အပြောအဟော ကောင်းရမယ် (Leadership communication)။ နောက်လိုက်တွေရဲ့ စိတ်ဓါတ်ကို တက်ကြွနေစေရပါမယ် (Motivation)။
အဲဒီ Vision ကိုလည်း အမြဲတစေ အသက်ဝင်နေအောင် လှုံ့ဆော်နိုင်ရပါမယ် (Inspiration)။
အဲဒီ Vision ကို အကောင်အထည်ဖော်ပေးမဲ့ လူတော်အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားရပါမယ်။ နောက်လိုက်တွေအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရမယ် (Influence)။ အဲဒီအတွက် ကိုယ့်မှာ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ဖို့ လိုပါတယ်၊ Personal power ရှိရပါမယ်။
ဒါကြောင့် ခေါင်းဆောင်မှုဆိုတာဟာ Change Motivation Inspiration နဲ့ Influence ဆိုတဲ့ ဒေါက်တိုင်(၄)ခုကို အခြေပြုပြီး အကောင်အထည်ဖော်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
လက်ဖက်ရည်ဆိုင် အတွေးအခေါ်
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကြီးကြပ်ကွပ်ကဲမှု (Supervision) ကောင်းတဲ့အခါ
– ချထားသမျှ ရေနွေးအိုး၊ ဆေးလိပ်ဗူး၊ ဒါတွေကုန်နေတယ် ဆိုတာ မရှိဘူး
– Customer ဝင်လာတာကို ကြိုတဲ့သူမရှိတာ၊ မှာဖို့အတွက် စားပွဲထိုးကို အော်ခေါ်နေရတာ၊ ဒါတွေမဖြစ်ဘူး
– မှာထားပြီး အစားအသောက်တွေ တော်တော်နဲ့ရောက်မလာတာ၊ မှာတာနဲ့လာချတာ တလွဲဖြစ်တာ၊ မှာတာကို မမှတ်မိလိုက်တာ၊ ဒါတွေလည်း အဖြစ်နည်းမယ်
– ပိုက်ဆံတလွဲ တွက်သွားတာတွေလည်း မရှိဘူးပေါ့၊၊

~ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စီမံခန့်ခွဲမှု (Management) ကောင်းတဲ့အခါ
– စားပွဲထိုးတွေက အလုပ်ကို ဖိဖိစီးစီး လုပ်နေမယ်
အဖျော်ဆရာတွေ အကြော်ဆရာတွေ လက်မှန်မယ်၊ အစားအသောက်တွေ အရသာမှန်မယ် (Man)
– ဂျုံပြတ်သွားလို့၊ မီးစက်မရှိလို့ ဟိုဟာမရဘူး၊ ဒီဟာမရဘူး ဆိုတာမျိုးတွေ မဖြစ်ဘူး( Material)
– ဆိုင်ရဲ့ ဝင်ငွေထွက်ငွေ၊ အမြတ်အရှုံး တိတိကျကျ သိရမယ် (Money)
– ပိုက်ဆံတွက်တဲ့ စနစ်၊ အစားအသောက်မှာတဲ့ စနစ်၊ Customer က Feedback ပြန်ပေးလို့ရတဲ့ စနစ်တွေ ခိုင်ခိုင်မာမာ ရှိမယ် (Method)

~ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ခေါင်းဆောင်မှု (Leadership) ကောင်းတဲ့အခါ
–
ဆိုင်မှာရနိုင်တဲ့ အစေားအသောက်တွေ ပိုစုံလာမယ်၊ အစားအစာတင်မက
တခြားတွဲဖက်လို့ရတာတွေ၊ ဂျာနယ်၊ စာအုပ်၊ ဖုန်းငွေဖြည့်ကဒ်၊ ဒါတွေပါ ရလာမယ်
– ဆန်းသစ်တဲ့ အိုင်ဒီယာတွေ၊ စနစ်တွေ ရောက်လာမယ်
– နေရာအကွက်အကွင်းကောင်းတဲ့ နေရာတွေမှာ ဆိုင်ခွဲတွေ တိုးဖွင့်လာနိုင်မယ်
– နောက်ပြီး ကိုယ့်ဆီက စားပွဲထိုးလေးတွေ အဆင့်ဆင့်တိုးတက်လာပြီး ကြီးကြပ်သူအဆင့်၊ မန်နေဂျာအဆင့်၊ နောက်ဆုံး ကိုယ်တိုင်ပါ စီးပွါးရေးတစ်ခုကို ဦးဆောင်လုပ်နိုင်တဲ့အဆင့်အထိ ဖြစ်လာမယ်၊၊

သဘောကတော့
ကြီးကြပ်မှုသည် နေ့စဉ်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်တယ်၊ အသေးစိတ်တယ်
စီမံခန့်ခွဲမှုသည် လူ၊ ငွေ၊ ပစ္စည်း၊ နည်းလမ်း၊ ဒါတွေကို အသုံးချပြီး ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်တယ်
ခေါင်းဆောင်မှုကတော့
အမြင်ကျယ်ကျယ်နဲ့ အပြောင်းအလဲတွေ ဖော်ဆောင်တယ်၊ နောက်လိုက်တွေကို
လှုံ့ဆော်မှုပေးတယ်၊ လွှမ်းမိုးနိုင်တယ်၊ အပြောင်းအလဲမှာ
လိုက်ပါဆောင်ရွက်စေတယ်၊ နောက်ပြီး နောက်ထပ်ခေါင်းဆောင်တွေကိုလည်း
မွေးထုတ်ပေးတယ်၊၊
တချို့ဆိုင်တွေ Supervision နဲ့ Management ကောင်းတယ်၊ လာတဲ့ customer တွေ သဘောတအားကျတယ်၊ အောင်မြင်တယ်၊၊
ဒါပေမယ့် Leadership အားနည်းတဲ့အခါ အပြောင်းအလဲလုပ်နိုင်စွမ်း နည်းတယ်၊ အဲဒီအခါ အရင်းအနှီးများများ၊ အိုင်ဒီယာဆန်းဆန်းနဲ့ ဆိုင်တွေလည်းပေါ်လာရော ကိုယ့်ဈေးကွက်ဝေစုကို ပေးလိုက်ရတော့တယ်၊၊

တချို့ဆိုင်ကျ Leadership ကောင်းတယ်၊၊
ဒါပေမယ့် စီမံခန့်ခွဲမှု အားနည်းလေတော့ ဆိုင်ကြီးကတော့ ခမ်းနား၊ နေရာက ကောင်း၊ စားတဲ့လူကျတော့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတတ်တယ်၊၊

အဲဒီလို လက်ဖက်ရည်ဆိုင်လုပ်ငန်းတစ်ခု အောင်မြင်ဖို့တောင် ကြီးကြပ်မှု၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုတို့ အရေးကြီးသေးတယ်ဆိုရင်
နိုင်ငံတစ်ခု တိုးတက်ဖို့အတွက်ဆို ပိုလို့တောင် အရေးကြီးပါဦးမယ်၊၊

ဒါကြောင့်လည်း ဒီပညာတွေကို တခုတ်တရ သင်ကြ၊ လေ့လာကြ၊ ဆွေးနွေးနေကြတာပဲ ဖြစ်ပါတယ်၊၊
နောက်ပြီး
ဒီအရည်အသွေးတွေဟာ လူတိုင်းအတွက် အရေးကြီးပါတယ်၊၊ ကိုယ်က ဆရာဝန်၊
ကုမ္ပဏီဝန်ထမ်း၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဘာပဲလုပ်လုပ်ပါ၊ ဒါတွေက မဖြစ်မနေ
လိုအပ်ပါတယ်၊၊
သက်ဆိုင်ရာကျွမ်းကျင်မှု
ရှိထားရင် အလုပ်တစ်ခု သေချာတယ်ဆိုပေမယ့် ရာထူးခပ်ကြီးကြီး ရချင်တယ်၊
ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်နိုင်ငံမှာ အပြောင်းအလဲတွေ
အများအပြား ဖြစ်စေချင်တယ်ဆိုရင်တော့ ကိုယ့်မှာ ဒီအရည်အသွေးတွေ
ရှိနေဖို့အတွက် ကြိုးစားထားရပါလိမ့်မယ်၊၊
ဒေါက်တာဖြိုးသီဟ
အလားအလာရှိတဲ့ခေါင်းဆောင် ဆိုတာ
လက်ရှိအဖွဲ့အစည်းမှာ Middle level manager အဖြစ် အလုပ်လုပ်ခဲ့တဲ့
ဒီတစ်နှစ်ခွဲကာလအတွင်း အကြီးမားဆုံးအခက်အခဲက ဘာလဲဆိုရင် Front line manager
တွေကို ဘယ်လိုမျိုး စွမ်းဆောင်ရည်မြှင့်ပေးရမလဲ ဆိုတာပါပဲ။ သူတို့
တော်ရင်တော်သလောက် လုပ်ငန်းတွေ သိသိသာသာ အောင်မြင်လာတတ်ကြတာမို့
အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်လို
ဒေသလေးတစ်ခုလောက် တာဝန်ယူရသူတောင် ဒီလောက်ဆိုရင် တစ်နိုင်ငံလုံးကို
ဦးဆောင်ရသူဆို ဘယ်လိုများနေမလဲ။ တကယ်တော်တဲ့ မန်နေဂျာတစ်ယောက်ကို
တွေ့ပြီဆို လုပ်ငန်းရှင်တွေဟာ လက်လွတ်မခံနိုင်ကြလို့
လစာကောင်းကောင်းပေးဖို့ လက်မတွန့်ကြဘူး ဆိုပြီး လုပ်ငန်းရှင်တစ်ယောက်
ရေးဖူးတာလေး သွားသတိရမိပါတယ်။
ခုလို နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုဝင်လာတော့မယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတော့မယ့် အချိန်မျိုးမှာဆို ကိုယ့်မှာသာ ခေါင်းဆောင်မှုအတွေ့အကြုံနဲ့ အရည်အချင်းတွေ ကောင်းကောင်းရှိထားရင် သူများထက် ခေါင်းတစ်လုံးသာနေမှာ အမှန်ပါပဲ။
ဒါဖြင့် အလားအလာရှိတဲ့ခေါင်းဆောင် (Potential Leader) တစ်ယောက်မှာ ဘယ်လိုအရည်အသွေးတွေ ရှိနေဖို့ လိုမလဲ
၁။ ကိုယ်ကျင့်သိက္ခာ (Character)
ခေါင်းဆောင်တစ်ယောက်ရဲ့ အရေးကြီးဆုံးအရည်အသွေးလို့ ပြောရပါမယ်။ အကျင့်စာရိတ္တလို့ ဘာသာပြန်လိုက်ရင် ငွေကြေးအရှုပ်အရှင်းကင်းတာလောက် ထင်သွားမှာစိုးလို့၊ ကိုယ်ကျင့်သိက္ခာ လို့ ရေးလိုက်တာပါ။ ရိုးသားတာ၊ ဖြောင့်မတ်တာ၊ ရပ်တည်ချက်ခိုင်မာတာ၊ အပြောနဲ့အလုပ်ညီတာ၊ ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်စွမ်းရှိတာ၊ ပရော်ဖက်ရှင်နယ် ပီသတာ၊ ကျင့်ဝတ်ကို လေးစားတာ၊ ဒါတွေအကုန်လုံး အကြုံးဝင်ပါတယ်။
မတတ်တာ သင်ပေးလို့ရပါတယ်။ ကိုယ်ကျင့်တရား မကောင်းတာက ပြင်ဖို့ခက်ပါတယ်။ အဲဒီလိုလူမျိုးဟာ အဖွဲ့အစည်းတစ်ခုလုံးအတွက် တကယ့်အားနည်းချက် ဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက် တတ်မတတ်၊ သိမသိကို အလွယ်တကူ အကဲဖြတ်လို့ ရပေမဲ့ ကိုယ်ကျင့်သိက္ခာကို သိနိုင်ဖို့ကျ မလွယ်ပါဘူး။ ဒါပေမဲ့ ဒီအချက်တွေနဲ့တော့ ခန့်မှန်းကြည့်လို့ ရပါတယ်။
-အခြေအနေတစ်ခု၊ အထူးသဖြင့် အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုကို တာဝန်ယူတတ်သူလား၊
-ပေးထားတဲ့ ကတိတွေ တည်တတ်သလား၊
-ယူထားတဲ့ တာဝန်တွေ လေးစားတတ်သလား၊
-လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲ၊ သူများကိုလုပ်ခိုင်းပြီး နာမည်ကောင်းဝင်ယူတတ်သူမျိုးလား၊ ကိုယ့်ထက်မြင့်သူဆို ဖားတတ်သလောက် နိမ့်တဲ့သူဆို နှိမ့်ချဆက်ဆံတတ်တဲ့သူမျိုးလား။
ဒီလိုအချက်တွေက တိတိကျကျ မဟုတ်တောင် လူတစ်ယောက်ရဲ့ ကိုယ့်ကျင့်သိက္ခာကို အထိုက်အလျောက်တော့ ပြောပြပေးနိုင်ပါတယ်။
၂။ လွှမ်းမိုးနိုင်မှု (Influence)
ခေါင်းဆောင်မှန်ရင် ရှိကိုရှိထားရမဲ့ အချက်နှစ်ချက်ရှိပါတယ်။ ၁) သူ ဘယ်သွားချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရမယ် ၂) အဲဒီကိုရောက်ဖို့ သူနဲ့အတူ လိုက်မဲ့သူတွေကို လွှမ်းမိုးနိုင်စွမ်း ရှိရမယ်။ လွှမ်းမိုးနိုင်တယ်ဆိုတာမှာလည်း Positional power ဆိုတဲ့ ရာထူးအရ၊ လုပ်ပိုင်ခွင့်အရ လွှမ်းမိုးနိုင်တာမျိုးထက် Personal power လို့ ဆိုရမဲ့ အရည်အချင်းနဲ့ စိတ်ဓါတ်ပိုင်းကြောင့် လွှမ်းမိုးနိုင်တာမျိုးက ပိုအရေးကြီးပါတယ်။
၃။ အကောင်းမြင်စိတ် (Positive attitude)
လူတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို အဓိကအဆုံးအဖြတ်ပေးတာ အဲဒီစိတ်ပါပဲ။ အဆိုးမြင်တတ်သူဟာ အခွင့်အလမ်းတိုင်းကို စိန်ခေါ်မှုလို့မြင်တယ်၊ အကောင်းမြင်တတ်သူက စိန်ခေါ်မှုတိုင်း၊ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့မြင်တယ်။ အဆိုးမြင်တတ်သူက ရှုံးနိမ့်မှုတစ်ခုကို စိတ်ပျက်တယ်၊ ဒေါသထွက်တယ်။ အကောင်းမြင်တတ်သူကတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တယ်၊ အမှားကနေ သင်ခန်းစာယူတယ်၊ ပြီးတော့ ရှေ့ဆက်တယ်။ အဲဒီအကောင်းမြင်တတ်တဲ့စိတ်ဟာ လူမှုဆက်ဆံရေးကောင်းဖို့အတွက်လည်း မဖြစ်မနေ လိုအပ်ပါတယ်။
၎။ လူမှုရေးစွမ်းရည် (Excellent people skill)
လူတွေကို ဘယ်လောက်လှုံ့ဆော်နိုင်တယ်၊ နားလည်ပေးနိုင်တယ်၊ သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လောက်ထိ ထုတ်ယူနိုင်တယ်ဆိုတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူတွေဟာ အရည်အချင်းရှိတဲ့သူတစ်ယောက်ကို တွေ့ရင် လေးစားကြတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ခေါင်းဆောင်အနေနဲ့တော့ မသတ်မှတ်ကြပါဘူး။ People skill မြင့်သူများနောက်ကိုသာ ယုံယုံကြည်ကြည် လိုက်လေ့ရှိကြပါတယ်။ ကမ္ဘာကျော်သူဌေးကြီး Andrew Carnegie က Charles Schwab ဆိုသူကို သူ့ကုမ္ပဏီမှာ လစာငွေမြောက်မြားစွာ ပေးပြီး ခန့်အပ်ထားခဲ့တာဟာ သူ့မှာရှိနေတဲ့ အဲဒီစွမ်းဆောင်ရည်ကို လိုချင်တာကြောင့်ပါ။
၅။ ကိုယ့်အစွမ်းအစကိုယ် သိရှိခြင်း (Evident gift)
လောကမှာ တော်တဲ့သူနဲ့ ညံ့တဲ့သူ ရယ်လို့ မရှိပါဘူး။ ဘုရားသခင် ထည့်ပေးလိုက်တဲ့ အရည်အသွေးတွေကို ရှာဖွေတွေ့ရှိပြီးတဲ့သူနဲ့ မတွေ့ရှိသေးတဲ့သူပဲ ရှိပါတယ်တဲ့။
ဒါကြောင့် ဘ၀မှာ တစ်စုံတစ်ယောက်ဖြစ်လာချင်ပါတယ် ဆိုတဲ့သူတွေကို (၄)မျိုးခွဲလို့ရပါတယ်။
Never be – သူစိတ်ဝင်စားရာ၊ အားသန်ရာနဲ့ လုပ်နေရတဲ့အလုပ်နဲ့ ကိုက်ညီမှုမရှိတာကြောင့် ဒီအလုပ်မှာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့သူ ဖြစ်ပါတယ်။ ဘုရားသခင်ထည့်ပေးလိုက်တဲ့ အရည်အချင်းကို ရှာမတွေ့သေးတဲ့သူမျိုးပေါ့။
Could be – သူကတော့ သူများထက်သာတဲ့ အားသာချက်ရှိတယ်ဆိုပေမဲ့ စည်းကမ်းပိုင်း အားနည်းမှုကြောင့် ဖြစ်သင့်သလောက် ဖြစ်မလာသေးတဲ့သူမျိုး ဖြစ်ပါတယ်။
Should be – သူကတော့ ပင်ကိုယ်ပါရမီ ပါပေမဲ့ လုံလောက်တဲ့သင်ယူမှု မရသေးတဲ့သူ ဖြစ်ပါတယ်။
Must be – သူကတော့ ရှိထားရမဲ့ အသိ၊ အတတ်၊ ခံယူချက်တွေ ကောင်းကောင်းရှိထားပြီးဖြစ်လို့ လုပ်ပြဖို့အခွင့်အရေးသာ လိုနေတော့တဲ့သူမျိုး ဖြစ်ပါတယ်။ အလားအလာရှိတဲ့ခေါင်းဆောင် ဆိုတာ ဒီလိုလူမျိုးကို ခေါ်တာဖြစ်ပါတယ်။
၆။ လုံလောက်တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာယူမှု (Proven track record)
အလုပ်အတွေ့အကြုံ ဘယ်လောက်လဲဆို ဘယ်နှနှစ်ရှိပြီဆိုတာမျိုး ပြောတတ်ကြပေမဲ့ တိတိကျကျ ဘာအခက်အခဲတွေ ကြုံဖူးလဲ၊ ဘယ်လိုတွေ ကျော်လွှားခဲ့ဖူးလဲ မေးရင်တော့ မဖြေနိုင်ကြတော့ပါဘူး။ ဘာလို့ဆိုတော့ အခက်အခဲတွေကို ရှောင်ခဲ့၊ ပုန်းခဲ့ကြတယ်။ မလွဲမသွေဆိုလည်း ကြုံနေတုန်းခဏပဲ၊ ဘာသင်ခန်းစာမှ မယူလိုက်ကြဘူး၊
ခေါင်းဆောင်ကောင်းဖြစ်မယ့်သူကတော့ အခက်အခဲကို မကြောက်ဘူး၊ ရင်ဆိုင်တယ်၊ ကျော်လွှားတယ်၊ သင်ခန်းစာယူတယ်၊ ထပ်ကာထပ်ကာ မှားနေတယ်ဆိုတာ မရှိဘူး။ သူတို့ရဲ့စွမ်းဆောင်ရည်ကို မှတ်ကျောက်တင်ခံပြီးကြောင်း ရာဇ၀င်တွေ သူတို့မှာ ရှိနေတတ်ကြတယ်။
၇။ ယုံကြည်မှု (Confidence)
သူတို့တွေဟာ ဘယ်လောက်ဆိုးတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်း ရှိကြတယ်။ အောင်ကိုအောင်မြင်ရမယ်လို့ ယုံကြည်ထားကြတယ်။ မိမိကိုယ်မိမိယုံကြည်မှု မရှိတဲ့သူနောက်ကို ဘယ်သူကမှ မလိုက်ချင်ပါဘူး။ ကျိန်းသေရှုံးမယ့် တိုက်ပွဲကို အနိုင်တိုက်ခဲ့သူတွေ၊ မဖြစ်နိုင်တဲ့ အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့သူတွေအားလုံးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်တွေကသာ ပုံဖော်ခဲ့တာချည်းပါပဲ။
၈။ စည်းကမ်းထိန်းသိမ်းနိုင်မှု (Self-discipline)
အောင်မြင်မှုဆိုတာ မတော်တဆ တိုက်ဆိုင်ပြီး ရလာတယ်ဆိုတာ မရှိပါဘူး။ စစ်မှန်တဲ့ အောင်မြင်မှုတိုင်းဟာ စနစ်တကျ တည်ဆောက်ယူရပါတယ်။ အဲဒီအတွက် မဖြစ်မနေလိုလာတာက မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်စွမ်းရှိဖို့၊ စည်းကမ်းရှိဖို့ပါပဲ။ မိမိရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်ရမယ်။ တခုခုကို လေ့လာနေချိန်မှာ ပျော်ချင်ပါးချင်စိတ်တွေကို ချုပ်တည်းနိုင်ရမယ်၊ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ရမယ်။ လုပ်ငန်းခွင်ရောက်တဲ့အခါ ပရော်ဖက်ရှင်နယ် ပီသရမယ်။ အဲဒီလို ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူ၊ စိတ်အလိုလိုက်တတ်သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။
၉။ လူမှုဆက်ဆံရေးစွမ်းရည် (Effective communication skill)
ဒီအရည်အသွေးမရှိဘဲ ခေါင်းဆောင်ဖြစ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ကိုယ်လုပ်ချင်တဲ့ကိစ္စတွေ၊ ဖြစ်ချင်တဲ့အောင်မြင်မှုတွေအကြောင်းကို နောက်လိုက်တွေ သဘောပေါက်အောင် ပြောပြပေးနိုင်ရမယ်၊ သူတို့စိတ်ဓါတ်ကို အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ရမယ်။ နောက်ပြီး နောက်လိုက်တွေရဲ့အမြင်၊ အခက်အခဲနဲ့ ခံစားချက်တွေကိုလည်း နားထောင်ပေးနိုင်ရမယ်။
၁၀။ လက်ရှိအခြေအနေပေါ် ကျေနပ်မနေခြင်း(Discontent with status quo)
ခေါင်းဆောင်ကောင်းတွေဟာ လက်ရှိစွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်နေတာထက် ဒီထက် ဒီထက် ပိုကောင်းအောင် ငါတို့လုပ်နိုင်သေးတယ်လို့ ခံယူထားကြသူများ ဖြစ်ပါတယ်။ ကိုယ့်အလုပ်မှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်တဲ့ မန်နေဂျာကောင်းတွေ ရှားပါးလှပါတယ်။ အနာဂတ်အမြင်ရှိပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ risk ယူရဲ၊ စိန်ခေါ်ရဲ၊ ရှေ့ဆက်ရဲတဲ့ ခေါင်းဆောင်မျိုးကတော့ ပိုလို့တောင် ရှားပါသေးတယ်။
အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေဟာ အနာဂတ်ခေါင်းဆောင်အဖြစ် ဘယ်သူတွေကို ရွေးရမလဲဆိုရင် ခုပြောခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ရွေးချယ်ကြမှာပါ။ ဒါကြောင့် ဒီအရည်အချင်းတွေဟာ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်ချင်သူတိုင်း ပြင်ဆင်ထားရမယ့် အရာတွေဆိုလည်း မမှားပါဘူး။

ခေါင်းဆောင်ကောင်းဆိုတာ
ဒီနေ့ခေတ်မှာ ခေါင်းဆောင်မှု (Leadership) နဲ့ပတ်သက်ပြီး တခုတ်တရ
လေ့လာကြ၊ ဆွေးနွေးလာကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ထူးထူးခြားခြား
အောင်မြင်ခဲ့တဲ့၊ အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေ၊
နိုင်ငံတွေအားလုံးလိုလိုမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေတာကိုကြည့်ရင်
ခေါင်းဆောင်မှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိနိုင်မှာပါ။ ဒါကြောင့်
ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို ကျွန်တော်တို့လူငယ်တွေ
အတုယူနိုင်ကြဖို့ ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ်။
L = Loyalty (သစ္စာရှိခြင်း)
ဗိုလ်ချုပ်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ အင်မတန် လက်တွေ့ကျတဲ့သူပါ။ မဟာဗျူဟာအရ ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ထုတ်သလို၊ ဂျပန်တွေရဲ့သရုပ်မှန် ပေါ်လာတဲ့အခါမှာလည်း အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်ထုတ်ပြန်ပါတယ်။ ရုတ်တရက်ကြည့်ရင် အခြေအနေပေါ် မူတည်ပြီး ဘက်ပြောင်းတတ်သူအဖြစ် ဝေဖန်ချင်စရာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က အင်္ဂလိပ် ဒါမှမဟုတ် ဂျပန်တွေကို မြန်မာ့လွတ်လပ်ရေးဆီ သွားတဲ့လမ်းအတွက် အသုံးပြုရမယ့် ယာဉ်တစ်ခုလိုပဲ သဘောထားခဲ့ပြီး တကယ်တမ်း သူသစ္စာရှိတာက နိုင်ငံအပေါ်၊ ပြည်သူတွေအပေါ်မှာသာ ဖြစ်ပါတယ်။ သစ္စာရှိတာကောင်းပေမယ့် သစ္စာထားရမယ့်သူ မှားယွင်းနေရင်လည်း အဆင်မပြေနိုင်ပါဘူး။
E = Enthusiasm (စိတ်အားထက်သန်မှုရှိခြင်း)
ညှို့အားပြင်းခေါင်းဆောင် (Charismatic Leader) တိုင်းလိုလိုမှာ ရှိတတ်တာက ‘စိတ်အားထက်သန်မှု’ပါပဲ။ အဲဒီစိတ်က သူတို့ကို ခေါင်းဆောင်နေရာအထိ တွန်းပို့ပေးခဲ့တာ ဖြစ်သလို၊ နောက်လိုက်တွေရဲ့ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းနိုင်တာဟာလည်း အဲဒီစိတ်ဓါတ်ပြင်းပြမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀ကို ပြန်ကြည့်လိုက်ရင် လူမှုဆက်ဆံရေးညံ့ဖျင်းသူအဖြစ် ပုံဖော်ခံရတာကို တွေ့ရပါလိမ့်မယ်။ ခေါ်ရင်လည်း ကြားချင်မှ ကြားသတဲ့၊ သူများပြောနေတုန်းလည်း နားမထောင်ဘဲ တွေးချင်ရာ တွေးနေတတ်သတဲ့။ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် နှုတ်ဆက်ချင်မှ နှုတ်ဆက်သွားသတဲ့။ အကြောင်းကတော့ ဒီနိုင်ငံလွတ်လပ်ရေးရဖို့ ဆိုတဲ့စိတ်ကပဲ ကြီးစိုးနေခဲ့လို့ ဖြစ်ပါတယ်။
ဒီအတွက်လည်း သူ့မှာလိုနေတာမှန်သမျှ အကုန်ဖြည့်တင်းခဲ့တယ်။ အဟောအပြောစွမ်းရည်အတွက် ဟောပြောပုံကိုယ်နေဟန်ထား၊ လက်အမူအရာတွေ လေ့ကျင့်ခဲ့တယ်၊ သိပ်ကောင်းတဲ့ အင်္ဂလိပ်မိန့်ခွန်းတွေဆို အလွတ်နီးပါးရအောင် ကျက်ထားတယ်။ သူတို့ဆီက လွတ်လပ်ရေးကို ရချင်ရင် သူတို့စာ(အင်္ဂလိပ်စာ)ကို သင်ထားမှရမယ်ဆိုပြီး အင်္ဂလိပ်တွေကိုယ်တိုင်တောင် အထင်ကြီးလေးစားရတဲ့အထိ ထူးချွန်ခဲ့တယ်။ ဗိုလ်ချုပ်ဟာ မွေးရာပါခေါင်းဆောင် ဆိုတာထက် စိတ်ဓါတ်ပြင်းပြမှုကြောင့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တည်ဆောက်ရင်း ခေါင်းဆောင်ဖြစ်လာခဲ့သူသာ ဖြစ်ပါတယ်။
A = Attitude (ခံယူချက်မှန်ကန်ခြင်း)
တိုင်းတစ်ပါးသား အုပ်ချုပ်ခံဘ၀က ဆိုးလိုက်တာဆိုပြီး ညည်းညူသူတွေ ရှိခဲ့သလို၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ့်တိုင်းသူပြည်သားအချင်းချင်း ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေကပဲ ဗိုလ်ချုပ်တို့လို သူရဲကောင်းတွေကိုလည်း မွေးဖွါးပေးခဲ့ပြန်ပါတယ်။ အဓိကကတော့ ဗိုလ်ချုပ်ရဲ့ ခံယူချက်မှန်ကန်ုမှုကြောင့်ပါ။ ဗိုလ်ချုပ်ရဲ့ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ ယိမ်းယိုင်မသွားတဲ့စိတ်ဓါတ်က နောက်လိုက်တွေကိုတင်မက တစ်တိုင်းပြည်လုံးက ပြည်သူတွေကိုပါ ကူးစက်ပြီး စိတ်ဓါတ်တက်ကြွစေခဲ့ပါတယ်။
D = Discipline (စည်းကမ်းရှိခြင်း)
ကျွန်တော်နားလည်တဲ့ စည်းကမ်းဆိုတာ “လုပ်ရမယ့်အလုပ်များကို လုပ်ခြင်း”နဲ့ “မလုပ်ရမယ့်အလုပ်များကို ရှောင်ခြင်း”တို့ဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်တွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့တော့ အထွေအထူး ထပ်မပြောလိုတော့ပါဘူး။ မလုပ်ရမယ့်အလုပ်တွေကို ရှောင်နိုင်ခြင်းအပိုင်းမှာတော့ ဗိုလ်ချုပ်ဟာ အင်မတန် အတုယူစရာ ကောင်းတဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးကို တိုက်ယူနေရတဲ့ ကာလမှာ စစ်ခေါင်းဆောင်အဖြစ် ပီပီပြင်ပြင် ဦးဆောင်နိုင်ခဲ့သလို၊ နိုင်ငံရေးသမားဘ၀ကို ခံယူလိုက်တဲ့အခါမှာလည်း နိုင်ငံရေးသမားပီသခဲ့သူ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ တာဝန်နှစ်ခုကို မရောယှက်ခဲ့သလို မယူသင့်တဲ့ ခံစားခွင့်တွေကိုလည်း လုံးဝမယူခဲ့ပါဘူး။
E = Example (စံနမူနာပြ ဖြစ်ခြင်း)
ဗိုလ်ချုပ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြုပြည်ပြုခေါင်းဆောင် ဖြစ်လာခဲ့တာဟာ လက်နက်နဲ့၊ ရာထူးနဲ့ခြိမ်းခြောက်ပြီး နေရာရလာခဲ့တာ မဟုတ်ပါဘူး။ “ခေါင်းဆောင်မှုအား ဗိုလ်ချုပ်ကို မည်သူကမျှ ပေးအပ်သည်မဟုတ်ဘဲ သူ့ဘာသာ ရအောင် လုပ်ယူရခြင်း” ဆိုပြီး ဦးကျော်ငြိမ်းရေးခဲ့ဖူးသလိုပဲ၊ ရာထူးနေရာက ပေးလိုက်တဲ့ ပါဝါထက် ကိုယ့်အရည်အသွေးပြည့်ဝမှုကြောင့် ရလာတဲ့ Personal power နဲ့ တိုင်းပြည်ကို ဦးဆောင်ခဲ့သူပါ။
အကြမ်းခံနိုင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ရိုးသားခြင်း၊ ပညာရည်ပြည့်ဝခြင်း၊ အမြော်အမြင်ကြီးခြင်း၊ ခံယူချက်မှန်ကန်ခြင်း၊ နောက်လိုက်ရဲဘော်တွေကို ငဲ့ညှာတတ်ခြင်း၊ ဘယ်အပိုင်းကိုပဲကြည့်ကြည့်၊ ဗိုလ်ချုပ်ဟာ ရှေ့ဆောင်လမ်းပြ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
R = Respect (လေးစားမှုရှိခြင်း)
ဗိုလ်တာရာ ရေးခဲ့ဖူးတာလေးလည်း ဖတ်ရပါတယ်၊ တစ်ခါက သူတို့တွေ ဗိုလ်ချုပ်ကို သွားကန်တော့ကြတဲ့အခါ ပိုးလုံချည်တွေဝတ်လာတာကိုလည်း မြင်ရော “ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ်၊ မင်းတို့ကျတော့ ပိုးလုံချည်တစ်ပြောင်ပြောင်၊ သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း” ဆိုပြီး အခန်းထဲက သူ့ယူနီဖောင်းတွေ ယူဝတ်စေပြီးမှ ကန်တော့ခံခဲ့ပါတယ်။ ပြန်တော့တောင် အဲဒီအ၀တ်အစားတွေ မလဲစေဘဲ ဒီအတိုင်းပဲ ပြန်စေပါသတဲ့။ လုပ်ဖော်ကိုင်ဖက်မပြောနဲ့၊ ကိုယ့်လက်အောက်ရဲဘော်တွေအပေါ်တောင် လေးစားမှုထားတတ်တဲ့ ဗိုလ်ချုပ်ရဲ့စိတ်ကို ဒီဖြစ်ရပ်လေးကနေ တွေ့နိုင်မှာပါ။
S = Scholarliness (ပညာပြည့်ဝခြင်း)
ဗိုလ်ချုပ်ရဲ့ အရည်အချင်းကို ထင်ဟပ်စေတဲ့ အဖြစ်အပျက်လေးတစ်ခု စိတ်ထဲစွဲနေမိပါတယ်။ တစ်ခါက ဗမာ့ထွက်ရပ်ဂိုဏ်းရဲ့ အမှုဆောင်အစည်းအဝေးမှာ ၀ါဒစည်းမျဉ်းနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်တွေ ရေးဆွဲဖို့ အဖွဲ့ငယ်တစ်ခု ဖွဲ့ပါတယ်။ အဲဒီစည်းမျဉ်းကို ဘယ်နေ့တင်ပြနိုင်မလဲလို့ အမှုဆောင်တွေက မေးတဲ့အခါ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဗမော်က တနင်္ဂနွေနှစ်ပတ်အတွင်း တင်ပြပါမယ်လို့ ပြန်ဖြေပါတယ်။ အဲဒီအခါ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက “ဒီလောက်အလုပ်ကလေးကို ဒီလောက်အချိန်ယူလုပ်နေရင် ဗမာ့လွတ်လပ်ရေးကြီးသာဆိုရင် ဆယ်နှစ်နဲ့ပြီးနိုင်ပါတော့မလား” လို့ပြောပြီး ၂နာရီအတွင်း အပြီးရေးကာ တင်ပြနိုင်ခဲ့တယ်။ သူ အင်္ဂလိပ်လိုရေးထားတဲ့ အဲဒီမူကြမ်းမှာ စကားလုံးအနည်းငယ်ပဲ ပြင်စရာလိုခဲ့ပါသတဲ့။
“နိုင်ငံရေးလုပ်တဲ့နေရာမှာ ခေါင်းဆောင်လုပ်တဲ့သူဟာ နောက်လိုက်တွေထက်ပိုပြီး အမြင်ကျယ်ရတယ်။ ခေါင်းဆောင်ဟာ ဟိုလူပြောဟုတ်နိုးနိုး ဒီလူပြောဟုတ်နိုးနိုး ယောင်ချာချာလုပ်နေရင် ခေါင်းဆောင်ကောင်း မဟုတ်ဘူး” ဆိုတဲ့စကားအတိုင်း ဗိုလ်ချုပ်ရဲ့အမြင်တွေဟာ အင်မတန်ခေတ်မီခဲ့တယ်ဆိုတာ သတိထားမိကြမှာပါ။ စာအလွန်ဖတ်ခြင်း၊ စာဖတ်နာခြင်းတွေရဲ့ အသီးအပွင့်တွေလို့ ဆိုရပါလိမ့်မယ်။
H = Honesty (ရိုးသားမှု)
ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့အသံကြားလိုက်တာနဲ့ ကျွန်တော်တို့ရင်ထဲပေါ်လာတာ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးအတွက် နည်းနည်းလေးမှ အလွဲသုံးစားမလုပ်ခဲ့ဖူးသူပါ။ ဗိုလ်ချုပ်တို့ဆုံးပြီး (၁၀)ရက်အကြာ လွှတ်တော်မှာ အဆိုတင်သွင်းတော့ ၀န်ကြီးချုပ်ဦးနုက ပြောခဲ့ဖူးတယ်။
“ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲ တခြားက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့လူစားမျိုး၊ အဲဒီလိုလူစားမျိုး တစ်ယောက်ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး၊ ဆယ်သက်မကုန်အောင် ပစ္စည်းတွေ စုနိုင်တယ်”
မြေပြန့်နဲ့တောင်တန်းဒေသတွေကို စုစည်းနိုင်ခဲ့၊ ပင်လုံစာချုပ်ကို ရေးထိုးနိုင်ခဲ့၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တဲ့အထဲမှာ အဲဒီရိုးသားမှုက အင်မတန်အရေးပါခဲ့ပါတယ်။
I = Integrity (ဖြောင့်မတ်ခြင်း)
အတွေး(ခံယူချက်)၊ အပြောနဲ့အလုပ် ဒီ(၃)ခု တူညီနေတာမျိုးကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်လို့ရပါတယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့ရမယ် ဆိုတဲ့ကတိမျိုး ပေးပြီး တကယ်လည်း ဖြစ်အောင်လုပ်ပြခဲ့သူပါ။
P = Pride (ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်း)
ဗိုလ်ချုပ်ရဲ့ သက်တမ်းတစ်လျှောက်မှာ ငါတို့အလုပ်က ဘယ်လိုကြီးမြတ်တယ်၊ ငါတို့က လွတ်လပ်ရေးကို ဘယ်လိုယူပေးမှာ ဆိုတာမျိုးတွေ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်မှုတွေမှာတော့ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်အလုပ်မျိုး အနည်းအကျဉ်းတောင် မလုပ်ခဲ့ဖူးတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အပြောနဲ့တည်ဆောက်လို့ မရသလို၊ သူများကလည်း သတ်မှတ်ပေးလို့ မရပါဘူး၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အတွေးအကြံတွေနဲ့ပဲ တည်ဆောက်လို့ရနိုင်တာ ဖြစ်လို့ပါပဲ။

Subscribe to:
Posts (Atom)