Thursday, February 25, 2016

လင်းယုန် နဲ့ ဘဲငန်း


လင်းယုန်တွေကို ကောင်းကင်မှာ မြင်မိတဲ့အခါ သူတို့နဲ့ ဆက်စပ်လို့ တွေးမိတာလေး ရှိတယ်ဗျ။ လင်းယုန် တွေဟာ ရဲရင့်တယ်။ လွတ်လပ်တယ်။ တခြားလင်းယုန်တွေနဲ့ အတူ တွဲဖက် သွားလာခြင်း မရှိပဲ တစ်ကောင်ထဲ ပျံသန်းတယ်။
ဒီလိုတွေးမိရင်းနဲ့ တခြားတစ်ဖက်မှာလဲ တလောက ဖတ်ဖူးတဲ့ ကနေဒါနိုင်ငံက ဘဲငန်းတွေအကြောင်း ဆောင်းပါးလေး တစ်ခုကို သွားသတိရ မိလိုက်တယ်။
ဘဲငန်းတွေဟာ ဆောင်းဦးရာသီ ရောက်တိုင်းမှာ အအေးဒဏ် ရှောင်ဖို့ အတွက် အမေရိကန်နိုင်ငံ တောင်ဘက်စွန်း ဒေသတွေ ဆီကို အုပ်စုဖွဲ့ ရွှေ့ပြောင်းလေ့ ရှိကြပါတယ်တဲ့။ ထူးခြားတာက ဒီဘဲငန်း အဖွဲ့လိုက်ကြီးဟာ ကနေဒါ ရေပိုင်နက်ကနေ စတင် ပျံသန်း တက်လာ တာနဲ့ ချက်ချင်း အင်္ဂလိပ် အက္ခရာ "V" ပုံသဏ္ဍာန် ဖွဲ့စည်းပြီး ပျံသန်းကြသတဲ့ဗျ။
ဒီလို ပျံသန်းရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေက -
(၁) ရှေ့က ဦးဆောင်ပျံသန်းတဲ့ ဘဲငန်း က တောင်ပံ တစ်ချက် ခတ် လိုက်တိုင်း ခတ်လိုက်တိုင်း နောက်ကပ်လျက်က ပျံသန်းနေတဲ့ ၂ ကောင် အတွက် ပင့်လေ ဖန်တီးပေးနေအောင် စီမံ အကွက်ချ ပျံသန်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ နောက်အကောင်တွေကို သက်တောင့်သက်သာ ဖြစ်စေတယ်။ ပြီးတော့ တစ်ကောင်ထဲပျံရင် ရောက်မယ့်ခရီးထက်ကို ဒီလိုပျံခြင်းအားဖြင့် အဆ ၇၀ ပိုရောက် သွားနိုင် သတဲ့။
(၂) အကယ်၍ ဘဲငန်းတစ်ကောင်ကောင်အနေနဲ့ ဟန်ချက် ပျက်ပြီး တော့ ဘေးကိုယိုင်ထွက်သွား ခဲ့မယ် ဆိုရင် တောင် မိမိရှေ့မှာ ရှိနေ သူရဲ့ ပင့်လေဟာ နောက်ကပ်လျက် ဘဲငန်းကို အားလျော့အောင် ကူညီ ဖေးမပေးနေသလို ဖြစ်ပါသတဲ့။ ဒီတော့ ဟန်ချက်ပျက်ပြီးတော့ အောက်ကိုပြုတ်ကျမယ့် အန္တရာယ်ကို ကာကွယ်ပေးနေတာပေါ့။
(၃) "V" ဆုံမှတ်နေရာက ဦးဆောင်ပျံသန်းသူက ခေါင်းဆောင်ဗျ။ ဒါပေမယ့် ဒီနေရာ က အသေမဟုတ်ဘူး။ ပင်ပန်းလာတဲ့အခါ မှာ ဒုတိယခေါင်းဆောင်တွေကို အလှည့်ကျ နေရာပေးလို့ သူကဟိုး အနောက်မှာ သွားနေပြီးတော့ အမောဖြေတယ်။ ဒီအခါမှာ ဒုတိယခေါင်းဆောင်တွေက ရှေ့တက်လို့ အနောက်က ကောင်တွေ အရှေ့က ဦးဆောင်တဲ့ နေရာဆီကို တစ်ဆင့်စီ ဝင် ဝင်လာကြ တယ်တဲ့။
(၄) နောက်ကလိုက်တဲ့ ဘဲငန်းတွေ အနေနဲ့ ဒီလိုပျံသန်းစဉ် တစ်လျှောက် ပေါ့ပေါ့ပါးပါး ပျံသန်းနေရ ပေမယ့်လို့ ခပ်ပေါ့ပေါ့ လက်လွတ်စပယ် မနေဘူးတဲ့ဗျာ။ အားလုံး လမ်းတလျှောက် တဂတ်ဂတ် နဲ့ အသံပေးလာလေ့ ရှိသတဲ့။ ဒီအသံပေးရတဲ့ ရည်ရွယ်ချက် က ရှေ့ဆုံးက အရုန်းကန်ရဆုံး အကောင်ကို အားအင် တွေ ဖြစ်လာစေသတဲ့။
(၅) အကယ်၍ ဒီလို ပျံသန်းနေတုန်း တစ်ကောင်ကောင်က ဖျားနာလို့ ဖြစ်ဖြစ် သေနတ်နဲ့ လှမ်းပစ်ခံ ရလို့ပဲ ဖြစ်ဖြစ် ဆက်မပျံသန်း နိုင်တဲ့ အခါ ဒီ အဖွဲ့အစည်းထဲက နောက်ထပ် ၂ ကောင်ကပါ မြေပြင်ကို ဆင်းလိုက် သွားသတဲ့။ ဒီထိခိုက်သွားတဲ့ ဘဲငန်း ပြန်မကောင်း လာခဲ့ရင်လဲ သေသည်အထိ အနားမှာ စောင့်ရှောက်ပေးသွားလေ့ ရှိပြီး သေသွားတော့မှသာ နောက်ထပ် ဘဲငန်းတစ်အုပ် အလာကို ထပ်စောင့်လို့ နောက်ထပ် "V" အဖွဲ့အစည်းနဲ့ အတူ လိုက်ပါသွား သတဲ့ဗျာ။
ဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ လင်းယုန်တွေဟာ ရဲရင့်တယ်။ မှန်ပါတယ်။ ပြီးတော့ လွတ်လပ် တယ်။ ဒါလဲမှန်တယ်။ ဒါပေမယ့် ဘဲငန်းတွေရဲ့ အဖွဲ့လိုက် အားထုတ်မှုကြောင့် ရောက်ရှိတဲ့နေရာ တစ်ခုကို လင်းယုန်တွေ တစ်ကောင်ချင်းစီ ရောက် လာဖို့ ဘယ်လောက် တောင် ရုန်းကန်ကြရမလဲ။ လမ်းခရီးမှာ မိတ်ဆွေ အပေါင်းအသင်းလဲမရှိ ကူညီဖေးမပေးသူလဲ မရှိပဲနဲ့ ဘယ် နှစ်ကောင် များ သေကြေပျက်စီး ကြပြီး ပြီလဲ။ ပျံသန်းရင်းနဲ့မောပန်းလို့ ဖေးမ ပေးသူ မရှိ လက်လျှော့သွားတာရော ဘယ်လောက်တောင် များ ရှိနေပြီးပြီလဲ။
ဒီနှိုင်းယှဉ်မှုကနေ ရလိုက်တဲ့ သင်ခန်းစာလေးက.. လင်းယုန်တို့ဟာ တစ်ကိုယ်ကောင်းစိတ်ဓာတ် ပိုင်ရှင် တို့နဲ့ အလားသဏ္ဍာန်တူပြီးတော့ ငန်းတွေကတော့ အသင်းအဖွဲ့ စိတ်ဓာတ် (Teamwork) တို့နဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။
ကျွန်တော်တို့တွေဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုရင် -
(၁) ဘဲငန်းတွေ အုပ်စုဖွဲ့ ပျံသန်းခြင်းကြောင့် ခရီးပိုဝေးဝေး ရောက်နိုင် တာကို သင်ခန်းစာယူပြီး ရေရှည်မှာ ရပ်တည်ဖို့ အတွက် ကျွန်တော်တို့ အသင်းအဖွဲ့လိုက် လှုပ်ရှားသင့်တယ်လို့ မြင်မိပါတယ်။
(၂) တစ်ကောင်ဟန်ချက်ပျက်ချိန်မှာ နောက်တစ်ကောင်ရဲ့ ပင့်လေက အကူအညီပေးတာကို သင်ခန်းစာယူပြီး အဖွဲ့အစည်းထဲက တစ်ယောက် ယောက် ဒုက္ခရောက်နေစဉ်မှာ နှစ်သိမ့်တဲ့ ပင့်လေပြေ တွေ အဆက်မပြတ် တိုက်ခတ်ပေးသင့် ပေးရပါ့မယ်။
(၃) ခေါင်းဆောင်နေရာ ဖယ်ပေးခြင်းနဲ့ အလှည့်ကျ ဦးဆောင် ရုန်းကန် ခြင်း ကို သင်ခန်းစာယူလို့ ကျွန်တော်တို့သည်လည်း မိမိရာထူး ဂုဏ် တွေ ကို မဆုပ်ကိုင်ထားပဲ သင့်တော်သူကို ချီးမြှောက်ခြင်း နဲ့ နောက် တက်လာသူကလည်း ကျရာနေရာကို အကောင်းဆုံး ပြုလုပ် သွား ရပါ့မယ်။
(၄) ဘဲငန်း အချင်းချင်း အသံပေးတာကို သင်ခန်းစာ ယူပြီးတော့ အဖွဲ့အစည်းထဲမှာ လှုပ်ရှားရုန်းကန် နေရသူတွေကို အားတက် လာအောင် ချီးမွမ်းသင့်တာ ချီးမွမ်းလို့ မြှောက်စားသင့်တဲ့အခါ မြှောက်စားလို့ လက်ခုပ်သြဘာသံတွေ ပေးနေသင့်ပါတယ်။
(၅) နာမကျန်းတဲ့ ဘဲငန်းကို အခြံအရံလုပ်ပေးကြတာကို သင်ခန်းစာ ယူလို့ အဖွဲ့အစည်းထဲက တစ်စုံတစ်ယောက် ထိခိုက် နစ်နာတဲ့ အခါမှာလဲ တစ်ယောက်ထဲ ပစ်မထားပဲနဲ့ ရပ်တည် ကာကွယ် ပေးရပါမယ်။
အားလုံးပဲ ငန်းတို့ရဲ့ စိတ်ထားနဲ့ ထပ်တူကျကျ လှလို့ လောကမှာ အောင်မြင်နိုင်ကြပါစေ။

သားသမီးကိုထိခိုက်နိုင်သော မိဘများ၏ အမူအကျင့်များ

ကလေးဆိုတာ အတုမြင်အတတ်သင်ကြပါတယ်။ မိဘကို အထင်ကြီးလေ့ရှိပါတယ်။ မိဘပြောသမျှ ပြုသမျှ မှန်တယ်လို့ ယူဆတတ်ကြပါတယ်။ ဥပမာ ဆေးလိပ်သောက်တတ်တဲ့ ကလေးတော်တော်များများ ပထမဆုံးအကြိမ် ခိုးသောက်တဲ့ဆေးလိပ်ဟာ အဖေဆေးလိပ် ဖြစ်နေတတ်ပါတယ်။ အောက်ဖေါ် ပြပါအကျင့်များဟာ ကလေးကိုလွမ်းမိုး ထိခိုက်နိုင်တဲ့ အတွက် ကျနော်အပါအ၀င် မိဘများ ဆင်ခြင်နိုင်အောင် တင်ပြလိုက်ပါတယ်။
၁။ စိတ်မရှည်ခြင်း
မိဘတော်တော်များများဟာ အလုပ်အတွက် စီးပွားရေးအတွက် ရုန်းကန်လုပ်ရှားနေကြရပါတယ်။ အလုပ်ဒဏ်ပိနေတဲ့ကြားထဲ၊ စိတ်ဖိအားများနေတဲ့ ကြားထဲက အိမ်ပြန်ရောက်ရင် ဆော့ကစားနေတဲ့ကလေးက မျောက်ရူံးလောက်အောင် ဆော့ကစားပြီး ငိုတဲ့ကလေးက အသံပြဲကြီးနဲ့ ငိုနေတာတွေ့ရင် စိတ်မရှည်တတ်တော့ပါဘူး၊ စိတ်မရှည်တော် အော်ငေါက်မိတယ်။ တခါတလေ လက်ပါသွားတယ်။ အဲဒီအော်ငေါက် လက်ပါတဲ့ အကျင့်က ကလေးကို ကူးသွားတတ်ပါတယ်။ ကလေးတွေလည်း အချင်းချင်း အော်ငေါက်သွားတတ်ပြီး လက်ပါကုန်ကြတော့တယ်။
၂။ မရှောင်ကျဉ်ခြင်း
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့တစ်ယောက် အသစ်အဆန်းစိတ် တွေ ကုန်ခမ်းလာပါတယ်။တခါတလေ အသေးအမွှား ကိစ္စကလေးတွေက အစ စကားများလာတတ်ပါတယ်။ သားသမီးရှေ့ မရှောင် ရန်ဖြစ်လာတတ်ပါတယ်။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ သံတရာ လည်နေတတ်ပါတယ်။ မိဘတွေ ရန်ဖြစ်တယ်၊ အငြင်းပွားတယ်ဆိုတာ ကလေးရဲ့ စိတ်ကို အရမ်းထိခိုက်ပါတယ်။ ကြာတော့ ကလေးတွေဟာ အိမ်မပြန်ချင်တဲ့ အထိဖြစ်တတ်ပါတယ်။ အိမ်မပြန်ပဲ အပြင်မှာ ဝေလေလေ ရိုက်နေရင် ကလေးပျက်စီးလွယ်ပါတယ်။
၃။ သဘောထား ကြီးလွန်းခြင်း
မိဘများဟာ အလုပ်ကို နေ့မအား ညမအား ကြိုးစားပြီးလုပ်တယ်။ ဟိုဟာလည်း မစားရက်၊ ဒီဟာလည်း မ၀ယ်ရက်နဲ့ အစွမ်းကုန် ချွေတာတယ်။ ကိုယ့်ကလေးတွေ အပေါ်ကျတော့ တောင်းသမျှ လိုက်လျောတယ်။ လိုချင်တာအားလုံး ၀ယ်ပေးတယ်။ ဒီလိုအချစ်လွန်ကဲမူတွေကြောင့် အချိန်ကြာလာတော့ သားသမီးများဟာ တောင်းဆိုခြင်းကိုသာ အားသန်ပြီး တန်ဖိုးထားတတ်တဲ့စိတ် ပျောက်ဆုံးသွားတတ်ပါတယ်။ ပညာရှင်တို့၏ အဆိုအရ သားသမီးများ တကယ်မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းများက လွှဲရင် ကျန်တဲ့ တောင်းဆိုမူတွေကို ၃၀% ခန့်လိုက်လျောရင်ကိုပဲ လုံ လောက်ပြီလို့ ဆိုပါတယ်။
၎။ ဂရုမစိုက်ခြင်း
မိဘများက သားသမီးအပေါ် ပိုက်ဆံအကုန်ခံနိုင်ရင် တာဝန်ကျေပြီလို့ ယူဆတယ်။ လိုအပ်တယ်ဆိုရင် ကျူရှင်ဆရာမ ခေါ်ပေးလိုက်တယ်။ ကိုယ့်အချိန်နဲ့တောင် ကိုယ်မလုံလောက်ဘူး။ သားသမီးကို အချိန်ပေး ၊ ဂရုစိုက်ဖို့ ပျက်ကွက်နေတတ်ပါတယ်။ မိဘက ကလေးကို တကယ် အဟုတ်အမှန် ဂရုမစိုက်တဲ့ အခါကျတော့ ကြာလာတဲ့အခါ သားသမီးတွေကလည်း မိဘနဲ့ စိတ်ချင်း ကင်းကွာလာတတ်ပါတယ်။ သူတို့ကို တစ်ခုခုမေးရင် အင်းအင်းအဲအဲနဲ့ မဖြေချင်သလိုလို ဖြစ်လာတတ်ပါတယ်။
၅။ အပြစ်မ၀န်ခံခြင်း
ငါတို့က မိဘပဲ၊ ငါလုပ်ချင်သလိုလုပ်လို့ ရပါတယ်။ ဘာဆိုင်လို့ အပြစ်ဝန်ခံရမှာလဲ ၊ မိဘကျေးဇူးဆိုတာ မြင်မိုလ်တောင်မက ကြီးမားတယ်ဆိုတာ ကြားဖူးကြတယ်မဟုတ်လား။ အဲဒီတော့…ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ စသည်ဖြင့် ယူဆကြတဲံ မိဘများ တော်တော်များများ တွေ့ရပါသေးတယ်။ မိဘက အမှားတစ်ခုခုလုပ်တယ်၊ ၀န်မခံဘူး၊ ကလေးလည်း နောင်ဘယ်အပြစ်ဝန်ခံတော့မလဲ၊ ပြုပြင်ခြင်းအစ ၀န်ခံခြင်းက စရတယ်ဆိုတာ မိဘများ ဆင်ခြင်သင့်ပါတယ်။
၆။ ငြိုငြင်ခြင်း
ဟိုဟာလည်း အလိုမကျရင် ငြိုငြင်လိုက်၊ ဒီကိစ္စလည်း သဘောမကျရင် ငြိုငြင်လိုက်နဲ့ ကလေးတွေအတွက် အနူတ်လက္ခဏာ ဆောင်တဲ့ အပျက်သဘောအမြင်များ မွှေးထုတ်သလို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးများကို အကောင်းမြင်တတ်အောင်လေ့ကျင့်ပေးဖို့ မိဘများ ကြိုးစားသင့်ပါတယ်။ ကလေးတွေဟာ မိဘကို အထင်ကြီးပါတယ်။ မိဘပြောတာ အားလုံးအမှန်လို့ ယူဆတတ်ပါတယ်။ မိဘက ဘယ်ဆရာမ မကောင်းဘူးလို့ ကလေးရှေ့မှာ ပြောမိရင် ကလေးက အဲဒီဆရာမကို အလိုလို အထင်သေးသွားတတ်ပါတယ်။ အဲဒီဆရာမ ဘယ်လောက်အသင်အပြကောင်းကောင်း မိဘလွမ်းမိုးမူနဲ့ ကလေးဟာ ဆရာမသင်တဲ့သင်ခန်းစာကို စိတ်မ၀င်စားတော့ပါဘူး၊ မိဘများ အထူး ဆင်ခြင်သင့်ပါတယ်။
ရ။ မုသားစကားပြောခြင်း
မိဘများ၊ အထူးသဖြင့် အရောင်းအ၀ယ်လုပ်သောမိဘများ၊ ပွဲစားလုပ်တဲ့မိဘများ အထူးဆင်ခြင်သင့်ပါတယ်။ စီးပွားရေးဆိုတာ အကျိုးအမြတ်ကို အခြေခံတော့ စကားကို ဟိုလှည့်ပြောလိုက်၊ ဒီလှည့်ပြောလိုက်နဲ့ အမြတ်များများ ရအောင်ကြိုးစားရပါတယ်။ ကလေးတွေက မိဘကို အထင်ကြီးလေတော့ အကျိုးအမြတ်ရ ချင်ရင် စကားလိမ်ပြောတယ်ဆိုတာ သဘာဝပဲလို့ ထင်မြင်သွားပါတယ်။ ကြာတော့ စီးပွားရေးကြောင့် ဟုတ်ဟုတ်မဟုတ်ဟုတ် ကလေး လိမ်ပြောတတ်သွားပါတော့တယ်။ “လည်” တာကို ဥာဏ်ကောင်းတယ်လို့ ယူဆသွားပါတယ်။
၈။ မိဘကို မရိုသေခြင်း
ကိုယ်က ကိုယ့်မိဘကို ရိုသေရင်တော့ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့်သားသမီးကလည်း ကိုယ့်ကို ရိုသေကြမှာပါ။
၉။ ဖရိုဖရဲ ဆန်လွန်းခြင်း
အသုံးပြုပြီး အသုံးအဆောင်ကို သူ့နေရာကို ပြန်မထားတာမျိုး၊ ပြီးစလွယ်ရှောက်ပစ်ထားတာမျိုး၊ အပြင်မှာ လှလှပပ ပြင်ထားသလောက် အိပ်ခန်းကျတော့ ရူတ်ပွနေတာမျိုး။ သေချာပါတယ်။ သားသမီးများလည်း နောက်လိုက်လာမှာပါ။
၁၀။ ရှင်ပြိုင်လွန်းခြင်း
အမြင်အားဖြင့် အလွန်ခင်ကြတဲ့ သူငယ်ချင်းများဖြစ်ကြတယ်။ တစ်ဖွဲ့ထဲသားများ ဖြစ်ကြတယ်။ အသိုင်းအ၀ိုင်းတွေ၊ (သို့) ဆွေမျိုး အရင်းခေါက်ခေါက်တွေဖြစ်ကြတယ်။ စိတ်အတွင်းထဲမှာ ကြိတ်ပြီး ပြိုင်ဆိုင်လိုက်တာကျတော့ ကမ္ဘာစစ်ဖြစ်တော့မဲ့ အတိုင်းပဲ။ သားသမီး ရဲ့ ပညာရေး အဆင့်ပါ ထပ်ပြိုင်ဆိုင်လိုက်တော့ မိဘမျက်နာရဖို့ အတွက် သားသမီးက အသုံးချ ခံရသလိုဖြစ်သွားပါတယ်။ တစ်ခါတစ်လေ ခြေချော်လက်ချော် နည်းနည်း ဖြစ်လို့ အဆင့်ကျသွားရင် မိဘက အော်ဟစ်ငေါက်ငမ်း တော့တာပါပဲ။ စဉ်စားကြည့်ပါ၊ ပြိုင်ဆိုင်တတ်တဲ့ မိဘများ အဖို့ မိသားစုပျော်ရွှင်မူ အစစ်အမှန်ကို ဘယ်လိုပိုင်နိုင်မလဲ။
Ref: Wechat

Wednesday, February 24, 2016

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးဖြစ်ဖို့ နည်းလမ်း (၁၀)ခု

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။

သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။
၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။
~~~~~~~~~~~~~~~~
ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာ
သူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာ
တာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီး ရရှိဖို့လိုဖြေမှာမဟုတ်ပါဘူး။
တကယ့်အကြောင်းရင်းအစစ်အမှန်က သူတို့အား
လုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကို
လက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာ
လာခဲ့ကြတာ ဖြစ်ပါတယ်။
၂။ သက်သာဖို့ မစဉ်းစားပါနဲ့။
~~~~~~~~~~~~~~~~~
ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့တွေးပြီး နားနေဖို့ အချိန်
်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်
်ပြည့်ဝပြီး ၀င်ငွေသန်းချီနေပြီဆိုရင် နောက်ထပ်ရည်မှန်းချက်တစ်ခု ချမှတ်
လုပ်ဆောင်ပါ။ ဘယ်တော့မှ သက်တောင့်
သက်သာဖြစ်ဖို့ မစဉ်းစားပါနဲ့။
၃။ အားလုံးထက် ပိုပြီး လေ့လာကြိုးစားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်မှာ ဘယ်လောက်ပဲအရည်အချင်းတွေ
ရှိနေပါစေ။ အခြားသူတွေထက် ပိုပြီးတော့ လေ့လာကြိုးစားချင်စိတ် မရှိဘူးဆိုရင်
အောင်မြင်မှုကို အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ သူများတွေထက် ကြိုးစားတာက ရည်မှန်းချက်တွေအောင်မြင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။
၎။ အရှုံးတွေ အမှားတွေကနေ သင်ခန်းစာယူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
အမှားတွေ လုပ်မိပြီး အရှုံးတွေနဲ့ ရင်ဆိုင်ကြုံ
တွေ့ရမှာပါ။ ဒီလို ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင့်ရဲ့အောင်
်မြင်မှုကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အပြီးတိုင်လဲပြိုကျသွားရင်တော့ ဘာမှအဖတ်
ဆယ်လို့ ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျရှုံးမှုရဲ့အကြောင်းရင်းကို ရှာဖွေပြီး
အတွေ့အကြုံအဖြစ်နဲ့ သင်ခန်းစာယူနိုင်ရမှာ
ဖြစ်ပါတယ်။
၅။ နေ့တိုင်းစာဖတ်ပါ။
~~~~~~~~~~~~~
စာဖတ်တာကို ဘယ်တော့မှမရပ်သင့်သလို ဖတ်စရာအကြောင်းအရာတွေ ရှာဖွေမှုကိုလည်း မရပ်တန့်လိုက်ပါနဲ့။ သက်ဆိုင်ရာလုပ်ငန်း
နယ်ပယ်ထဲက နောက်ဆုံးအကြောင်းအရာတွေကို သတိမပြတ်စောင့်ကြည့်ပြီး အားလုံးထက်
ရှေ့ရောက်နေဖို့ လိုပါတယ်။
၆။ စိတ်ရောကိုယ်ပါ ကျန်းမာနေပါစေ။
~~~~~~~~~~~~~~~~~~~~~
အောင်မြင်မှုလမ်းခရီးကို လျှောက်လှမ်းရာမှာ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေဖို့က အရေးကြီးလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့
ညီညွတ်တာတွေ စားသုံးပြီး အိပ်ရေး၀၀
အိပ်စက်ပါ။
၇။ အောင်မြင်လိုစိတ်ရှိသူတွေနဲ့ ၀န်းရံထားပါ။
~~~~~~~~~~~~~~~~~~~~~~~~~
သင့်ရဲ့ပတ်ဝန်းကျင်မှာ ရည်မှန်းချက်ချင်း၊ ဦးတည်ချက်ချင်းတူညီသူတွေနဲ့ ၀န်းရံထားပါ။ အားလုံးကလည်း သင်နဲ့ ထပ်တူထပ်မျှအောင်မြင်
်ချင်သူတွေ ဖြစ်ပါစေ။ ဒီလို ၀န်းရံထားမှသာ သင့်ကို စိတ်အားတက်ကြွစေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ကို ဂရုမစိုက်
တတ်ပဲ အပျော်အပါး ဦးစားပေးလွန်းသူတွေကို
ရှောင်ပါ။
၈။ ပေးကမ်းစွန့်ကြဲပါ။ ချစ်သူခင်သူတွေကို
ဂရုစိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~
စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကျန်းမာနေရုံနဲ့ မလုံလောက်ပါဘူး။ သင်စိတ်ဝိဉာဉ်ကိုလည်း အားဖြည့်ပေးဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်နဲ့ အကူအညီလိုအပ်နေသူတွေကို ကူညီပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့။
ဒါ့အပြင် ချစ်သူခင်သူတွေကို ဂရုစိုက်ပေးခြင်း
ကလည်း ငွေကြေးအောင်မြင်မှုကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
၉။ ရိုးသားပြီး ပွင့်လင်းမြင်သာမှုရှိပါစေ။
~~~~~~~~~~~~~~~~~~~~~~
လိမ်ညာဟန်ဆောင်မှုတွေက သင်ထင်သလောက် အရာရောက်စေမှာမဟုတ်ပါဘူး။ အမြဲတမ်း
ရိုးသားပြီး ပွင့်လင်းနေဖို့ လိုပါတယ်။ ဒီအချက်က
သင့်ကို ရေရှည်အောင်မြင်မှုကို ရရှိစေဖို့
အရေးကြီးပါတယ်။
၁၀။ ရေရှည်အောင်မြင်ဖို့ကို တွေးပါ။
~~~~~~~~~~~~~~~~~~~~
လူအများစုက ရေတိုအောင်မြင်မှုတွေနဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ရေတိုရည်မှန်းချက်တွေကို အာရုံအရမ်းမစိုက်ပါနဲ့။ ဘ၀မှာလိုလားတောင့်တာဆုံးအရာအဖြစ်နဲ့ ရေရှည်ရည်မှန်းချက်ကို ဦးစားပေးပါ။ ဒါမှာ
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ခိုင်မာတဲ့ ဓနအင်အားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
__________________
Ref. ; Gentleman Magazine

Saturday, February 20, 2016

ခေါင်းဆောင်ကောင်းဖြစ်ချင်သူများလိုက်နာကျင့်သုံးရန် အချက်များ အပိုင်း (၉) ခေါင်းဆောင်ကွပ်ကဲသူ၏ တာဝန် ၉ ချက် 9 points for leader

၁။ ယုံကြည်သက်ဝင်စေခြင်း
၂။ ကိုယ်တိုင်တတ်ကျွမ်းနားလည်ခြင်း
၃။ တာဝန်ယူလိုစိတ်နှင့် တာဝန်ယူတတ်ခြင်း
၎။ စွမ်းဆောင်ရည် တိုးတက်စေခြင်း
၅။ စံနမူနာပြသနိုင်ခြင်း
၆။ တာဝန်ရှာဖွေယူခြင်း
၇။ တာဝန်ပေးအပ်တတ်ခြင်း
၈။ မေတ္တာထားခြင်း
၉။ အသိပညာပေးခြင်း
ခေါင်းဆောင်ဖြစ်လာသူ တစ်ဦးသည် ရည်မှန်းချက် ပန်းတိုင်ချမှတ်ရမည်။ လက်အောက် ကိုဆောင်ရွက်ရမည့်အလုပ်တာဝန်များ ညွှန်ကြားရမည်။ လုပ်ဆောင်ပါဝင်ချင်အောင် စည်းရှုံးလှုံ့ဆော်ရမည်။
လုပ်ငန်းကို အကောင်အထည်ဖော်နေဆဲ ကာလမှာပင် မိမိတို့ အဖွဲ့အသင်းကို ပိုမိုထိရောက်ပြီးစွမ်းအားကြီးမားအောင်မြင်အောင် ဖံြွ့ဖိုးတိုးတက်စေရမည်။ ဖြေရှင်းတတ်အောင်လေကျင့် သင်ပြနေရမည်။
ထိုအတွက်အောက်ပါ တာဝန် ၉ ချက်တို့ကို အဆက်မပြတ်ထမ်းရွက်နေရပါမည်။
၁။ ယုံကြည်သက်ဝင်စေခြင်း Believable
ခေါင်းဆောင်က မိမိတို့လုပ်ဆောင် နေကြသော လုပ်ငန်းစဉ်ထဲ မွန်မြတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊
တန်ဖိုးရှိမှု၊ အကျိုးကျေးဇူးတို့ကို အဖွဲ့ဝင်များလည်း ခံယူသဘောပေါက် စေရပါမည်။ စိမ့်ဝင် စွဲမြဲစွာလက်ခံယုံကြည်အောင် မျှဝေနိုင်ရမည်။ ပြသနိုင်ရပါလိမ့်မည်။ မိမိနည်းတူ ငယ်သားများ၏ ခံယူချက်၊
ယုံကြည်ချက်၊ အဖြစ် ယုံကြည်သက်ဝင်စေရမည်။
၂။ အလုပ်ကို ကျွမ်းကျင်ခြင်း Skillful
ခေါင်းဆောင်ကိုယ်တိုင် လေ့လာမှု၊ လေ့ကျင့်မှု၊ အတွေ့အကြုံ ရင့်ကျက်မှု တို့ဖြင့် မိမိတို့ဆောင်ရွက်ကြရမည့် အတတ်ပညာ၊ နည်းပညာနှင့် လုပ်ငန်းစဉ်တို့ကို တတ်မြောက် ကျွမ်းကျင်ရပါမည်။မသိသေးလျှင်သိအောင်မေးရမည်။ မတတ်သေးလျှင် တတ်အောင်လေ့ကျင့်နေရမည်။ သို့မှသာ ငယ်သား
များ၏ အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါသည်။
၃။ တာဝန်ယူတတ်ခြင်း Accountability
တာဝန်ခံထားသော မိမိ၏အဖွဲ့ အသင်းအတွက်ခေါင်းခံရမည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊
ရရှိလာသော အဖြေကို မိမိ၏ တာဝန်အနေနှင့် တာဝန်ယူရဲရမည်။ တာဝန်ယူလိုစိတ်ရှိပြီး တာဝန်ခံရဲသော
သတ္တိ ရှိရပါသည်။ ကွပ်ကဲခြင်း၊ ညွှန်ကြားခြင်း၊ ကြီးကြပ်ခြင်း၊ ဆက်သွယ်မှုပြုခြင်း၊ ထိတွေ့နေခြင်း၊
စစ်ဆေးခြင်း၊ တိုင်ဆိုင်စစ်ဆေးခြင်း နှင့် လိုက်နာအကောင်အထည်ဖော် ပြီးမပြီး ထပ်မံ၍ စစ်ဆေးခြင်းတို့ဖြင့်
တာဝန်ယူကြရပါမည်။
၎။ စွမ်းဆောင်ရည်တိုးတက်စေခြင်း Power-fullness
တစ်ဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့ လေ့ကျင့်မှု၊ လုပ်ငန်းခွင်သင်ကြားပြသမှု၊ ဆွေးနွေးပွဲ၊ သင်တန်း၊စာတမ်းဖတ်ပွဲ စသည်တို့ဖြင့် အစဉ်မပြတ် လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်ကို တိုးတက်နေအောင် စီမံ
ကြပ်မတ် ရပါမည်။
၅။ စံနမူနာပြသနိုင်ခြင်း epitomize
ခေါင်းဆောင်သူ အစစ်အမှန်သည် စံနမူနာပြသပြိး အောင်မြင်စွာ ခေါင်းဆောင်ဦးစီးနိုင် သကဲ့သို့
လွဲမှားသော ခေါင်းဆောင်သည် ငါပြောသလိုလုပ်၊ သို့သော ငါလုပ်သလို မလုပ်နှင့်ဟု အမိန့်ပေးပြီး ဖရိုဖရဲ
ဖြစ်စေ တတ်လေသည်။ မိမိကိုယ်တိုင်က စံပြရှေ့ဆောင်မှသာ ခေါင်းဆောင်ကောင်း ပီသပြီး အောင်မြင်မှု
ရစေပါသည်။
၆။ တာဝန်ရှာဖွေယူခြင်း Make a sacrifice
မိမိ၏ တာဝန်များက လေးလံနေပြီဖြစ်သော်လည်း အားနည်းနေသော ငယ်သားတစ်ဦး၏ လုပ်ငန်းဆောင်ရွက်ရန် (သို့) ပြဿ နာများကို အစစ်အမှန်ခေါင်းဆောင်က ကူညီသယ်ပိုးပေးလေသည်။ ခေါင်းဆောင်သည်
အနစ်နာခံတတ်ခြင်း၊ တာဝန်ကိုရှာဖွေယူတတ်ခြင်း ဖြင့် လေးစားမှုကို ခံရသည်။
၇။ တာဝန်ပေးအပ်တတ်ခြင်း Make a tasks
လူတစ်ဦးချင်း၏ အားသာချက်၊ အားနည်းချက်များ ကို အသေးစိတ်သိရှိအောင် လေ့လာအကဲဖြတ်ကာ စူးနေရာစူး၊ ဆောက်နေရာဆောက်၊ အသုံးချတာဝန် ခွဲဝေပေးတတ်ရပါသည်။
၈။ မေတ္တာထားခြင်း Compassionate
အဖွဲ့ဝင် ငယ်သားများအပေါ် ချစ်ခင်ကြင်နာခြင်း၊ တစ်ဦးချင်းအပေါ် လေးစားစွာ ဆက်ဆံတတ်ခြင်း၊အောင်မြင်စွာလုပ်ဆောင်မှု တစ်ခုခြင်း အတွက် ချီးမွမ်းခြင်း၊ ဆုပေးခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုကိုအားပေးခြင်း၊ အပြန်အလှန် နားလည်မှုရှိစေပြီး အစေးကပ်အောင် လုပ်ဆောင်တတ်ခြင်းတို့ကို တာဝန်
တစ်ရပ်အနေနှင့် ဆောင်ရွက်နေရပါမည်။
၉။ အသိပညာပေးခြင်း To educated
လက်အောက်ငယ်သားများကို အသိပေးသင့်သော အချက်များကို အချိန်နှင့်တစ်ပြေးထဲ ညီစွာအသိပေးနေရမည်။ လုပ်ငန်းခွင်အတွင်း လှည့်လည်စစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များကို တည့်မတ်
ပြုပြင်ရမည်။ ပညာပေးရပါမည်။
ပြဿနာဖြေရှင်းခြင်း ( Problem solving )
Formula
၁။ ရည်ရွယ်ချက်။ တိကျစွာသတ်မှတ်၊ ရေးချ။
Aim
၂။ အကျုံးဝင်သောအချက်များ။ အသေးစိတ်ရေးသား၊ ဦးစားပေး အကြီးအသေးရှေ့နောက်စဉ် စဉ်းစား။
Factors
၃။ ဖော်ထုတ်ချက်။ ထို့ကြောင့်ဘာဖြစ်သလဲ၊ အဆင့်ဆင့် မေးခွန်းထုတ်၍ အဖြေရှာ။
Deduction
၎။ နည်းလမ်းများ။ စဉ်းစားရှာဖွေ၊ အကောင်းဆုံးရွေး။
Means
၅။ စီမံချက်။ ရေးဆွဲပြင်ဆင်။
Plan
စီမံချက် Plan တစ်ခုတွင် ပါဝင်ရမည့် ကဏ္ဍ ၅ ရပ်
၁။ သတင်း (ဝါ) အခြေအနေ Information or Situation
၂။ ရည်မှန်းချက် Objective
၃။ လုပ်နည်း Method
၎။ အုပ်ချုပ်ထောက်ပံ့မှု Administration and Logistics
၅။ ကွပ်ကဲမှုနှင့်ဆက်သွယ်ရေး Command and Communication
ခေါင်းဆောင်၏လက်တွေ့လုပ်ငန်းစဉ်မှာ ပါရှိသင့်သည့်အချက်များ -
၁။ ရည်မှန်းချက်မြင့်မြင့်မားမားထားပါ။
၂။ ရှင်းလင်းပြတ်သားသောပန်းတိုင်သတ်မှတ်ပါ။
၃။ ရှင်းလင်းပြတ်သားခိုင်မာသော စံနှုန်းထားပါ။
၎။ အပြုသဘော နမူနာကောင်းအောင်ပြသပါ။
၅။ ဂုဏ်ယူစိတ်ကိုလေ့ကျင့် ပြိုးထောင်ပါ။
၆။ အခြားသူများ၏ လိုအပ်ချက်များကို ဝေဖန်ပိုင်းခြားပါ။
၇။ အခြားသူများသူတို့ကိုသူတို့ လေးစားခံရသည့် ဂုဏ်သိက္ခာရှိအောင် ဆောင်ရွက်ပါ။
၈။ စွမ်းစွမ်းတမံဆောင်ရွက်ချက်ရှိလျှင် မြှောက်စားပါ။
၉။ အခြားလူတွေကို သင့်၏အစိတ်အပိုင်းတစ်ခု ဖြစ်အောင် ဆောင်ရွက်ပါ။
ခေါင်းဆောင်သည် အောင်မြင်မှုများကို လက်တွေ့ ပြသနိုင်ရမည်။ အောင်မြင်မှုဖြင့် စည်းရုံးနိုင် ရမည်။
စည်းရုံးရေးအားဖြင့် အောင်မြင်မှုအသစ်ကို ဆက်လက်ရယူရမည်။
အောင်မြင်မှုဖြင့် စည်းရုံး၊
စည်းရုံးရေးနှင့် အောင်မြင်မှုယူ။
ခေါင်းဆောင်သည် အသင်းအဖွဲ့စိတ်ဓာတ် Spirit-De-Corps ကိုခိုင်မြဲအောင် ပျိုးထောင်တည်ဆောက်ရမည်။ အားကစား၊ လေ့လာရေးခရီး၊ အပန်းဖြေခရီး စသည်တို့တွင် အသင်းအဖွဲ့ စိတ်ဓာတ်ကို တည်ဆောက်ပေးရမည်။

‎အောင်မြင်တဲ့‬ ‪မန်နေဂျာ‬‎တစ်ယောက်ဖြစ်လာရန်‬ နည်းလမ်းများ

(၁) လူများကို မျှမျှတတဆက်ဆံပါ။ (Treat people fairly)
လုပ်ငန်းမန်နေဂျာများအဖို့ အဖွဲ့ အစည်းအတွင်းရှိ လူများနှင့်ဆက်ဆံနေကြ ရသည်ဖြစ်ရာ ၎င်းတို့ကို မျှမျှတတဆက်ဆံ ဖို့အရေးကြီးပါသည်။ အားလုံးကိုတစ်ပြေး ညီဆက်ဆံတတ်ဖို့လိုပါသည်။ လူတို့သည် လူ့သဘာဝအရ မျှတမှု၊ ညီမျှမှုတို့ကို တောင့်တကြပါသည်။ ဤနေရာ၌အလုပ် မလုပ်သူကိုလည်း အတူတူ၊ အလုပ်လုပ်သူ ကိုလည်း အတူတူဆိုပါက တူညီသော် လည်း မျှတသည်ဟုမဆိုနိုင်ပါ။ ၎င်းတို့၏ လုပ်ဆောင်ချက်(performance)အပေါ် မူတည်၍စဉ်းစားရပါမည်။ တစ်နည်းဆို သော် တစ်ဦးတစ်ယောက်ကထည့်သွင်း လိုက်သည့်အားထုတ်မှု(ပညာအရည် အချင်း၊ အတွေ့အကြုံ၊ ကြိုးပမ်းမှု)နှင့် ထွက်ပေါ်ရရှိလာသည့်ရလဒ်(လုပ်ခ၊ လစာ၊ အသိအမှတ်ပြုမှု၊ ချီးမြှင့်မှု)တို့အချိုး ကျကျဖြစ်မှသာ မျှတမှုရှိသည်ဟု ဆိုနိုင် ပါသည်။
(၂) အခြားလူများက ၎င်းတို့အရေးပါ သည်ဟု ယူဆနိုင်ပါစေ။ (Make other people feel important)
လုပ်ငန်းအဖွဲ့အစည်းများ၌ လူတိုင်း သည်သူ့နေရာနှင့်သူအရေးပါကြပါသည်။ အောက်ခြေဝန်ထမ်းတစ်ဦး၏အားနည်း ချို့ယွင်းမှုသည် အဖွဲ့အစည်းတစ်ခုလုံး၏ လုပ်ဆောင်ချက်ကိုထိခိုက်စေပါသည်။ အောက်ခြေဝန်ထမ်းများ၏ကြိုးပမ်းအား ထုတ်မှုကြောင့်လည်းလုပ်ငန်းအဖွဲ့အစည်း များအောင်မြင်လာရပါသည်။ ဤအချက် ကို မေ့လျော့ထား၍မရပေ။
များသောအားဖြင့်လုပ်ငန်းမန်နေဂျာ များအနေဖြင့် ၎င်းတို့သာအရေးကြီးသည်၊ အရေးပါသည်။ ကျန်သောလူများမှာ အရေးပါမှုမရှိဟုယူဆတတ်ကြသည်။ လုပ် ငန်းစီမံခန့်ခွဲသူမန်နေဂျာများအဖို့အလုပ် တာဝန်များ မည်မျှများပြားနေစေကာမူ လုပ်ငန်းအောင်မြင်မှုအတွက် အခြားလူ များ၏အရေးပါမှုကိုလက်ခံတန်ဖိုးထားရ ပေမည်။ ထိုသို့တန်ဖိုးထားသည်ကိုလည်း အခြားသူများသိရှိအောင် ဆောင်ရွက်ရ ပေမည်။ သို့မှသာ လက်အောက်ဝန်ထမ်း များအနေဖြင့်နိုးကြားတက်ကြွကာလုပ်ငန်း များအောင်မြင်တိုးတက်လာပေမည်။
(၃) ချီးကျူးစကားပြောခြင်းဖြင့်အလုပ် လုပ်ချင်စိတ်ကိုပျိုးထောင်ပေးပါ။ (Motivate people through giving praise)
လက်အောက်ဝန်ထမ်းများသည် လူ များဖြစ်သည့်အားလျော်စွာအထက်လူကြီး ၏ချီးကျူးမှုကိုခံယူလိုကြသည်။ အထက် လူကြီး၏ချီးကျူးမှုသည် လက်အောက်ဝန် ထမ်းများအဖို့ ဆုချီးမြှင့်မှု(reward)တစ်ခု ပင်ဖြစ်သည်။ ဝန်ထမ်းများအတွက်အလုပ် လုပ်ချင်စိတ်ကိုများစွာဖွံ့ဖြိုးတိုးတက်စေပါ သည်။ သို့ဖြစ်၍ အချို့သောပညာရှင်များ ကငွေကြေးအနည်းဆုံးဆုချီးမြှင့်မှုဟုသတ် မှတ်ကြပါသည်။
ချီးကျူးသည်ဆိုရာ၌ ဘာလုပ်လုပ် ချီးကျူးရမည်ဟုမဆိုလိုပါ။ အထက်လူကြီး ၏ချီးကျူးစကားနှင့်လက်အောက်ဝန်ထမ်း ၏လုပ်ဆောင်ချက်ညီမျှနေဖို့လိုပါသည်။ သဟဇာတဖြစ်ကာ လိုက်လျောညီထွေဖြစ် နေဖို့အရေးကြီးပါသည်။ ထို့ပြင် ချီးကျူးဖို့ အကြောင်းပေါ်လာပါကလည်းနှောင့်နှေး ခြင်းမရှိဘဲ ချက်ချင်းချီးကျူးဖို့လိုပါသည်။
(၄) တုံ့ပြန်ချက်ပေးနိုင်ပါစေ။ (En-courage feedback)
ပညာရှင်တို့၏အလိုအရ လုပ်ဆောင် ချက်တိုင်း၌ တုံ့ပြန်ချက်များ(feedback) ရှိပေသည်။ လက်အောက်ဝန်ထမ်းများ၏ ကျေနပ်မှု၊ မကျေနပ်မှု၊ အားတက်မှု၊ အား ပျက်မှုများသည် လုပ်ငန်းမန်နေဂျာများ အလေးထားရမည့်အချက်များဖြစ်ပါသည်။ ၎င်းတုံ့ပြန်ချက်များကိုအလေးဂရုပြုနေဖို့ လိုပါသည်။
မန်နေဂျာများအဖို့ လက်အောက်ဝန် ထမ်းများထံမှ ထိရောက်သောတုံ့ပြန်ချက် များရရှိရန် ဂရုတစိုက်နားထောင်မှု(active listening) သည် အရေးပါပေသည်။ အောင်မြင်သော မန်နေဂျာများသည် နား ထောင်ကောင်းသူများဖြစ်ကြသည်(effe-ctive managers are good listen-ers) ဆိုသည့်အတိုင်း များများနားထောင် လေလေ လက်အောက်ဝန်ထမ်းများ၏ခံ စားချက်များကို ပိုသိရလေလေဖြစ်ကာ ၎င်းတို့ကိုဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြင့် လုပ်ငန်းအောင်မြင်တိုးတက်မှုများရရှိ နိုင်ပေသည်။
(၅) စနစ်တကျဝေဖန်စိစစ်ပြောဆိုပါ။ (Criticism)
လက်အောက်ဝန်ထမ်းများအား ချီး ကျူးစကားပြောဆိုရသကဲ့သို့ ၎င်းတို့၏ အားနည်းချက်များရှိပါကလည်း စနစ် တကျဝေဖန်ပြောဆိုဖို့လိုပါသည်။ အမှန် စင်စစ်လုပ်ဆောင်ချက်များကိုအပြုသဘော ဖြင့် စနစ်တကျဝေဖန်ခြင်းသည်များစွာ ကောင်းမွန်သောအပြုအမူတစ်ခုပင်ဖြစ် သည်။ မြန်မာမှုနယ်ပယ်၌ ‘အနင်းခံနိုင် သော စပါးသည် သန်၏။ အဝေဖန်ခံနိုင် သော သူသည် လိမ္မာ၏’ ဟူသောစကား ရှိပါသည်။ သို့ဖြစ်၍ လုပ်ငန်းအဖွဲ့အစည်း အတွင်းရှိ လူများအဖို့ မိမိတို့၏လုပ်ဆောင် ချက်များနှင့်စပ်လျဉ်း၍အဝေဖန်ခံနိုင်ဖို့ လိုပါသည်။
လုပ်ငန်းမန်နေဂျာများအဖို့ မိမိကိုယ် တိုင်ဝေဖန်ခံနိုင်ရသကဲ့သို့ လက်အောက် ဝန်ထမ်းများကိုလည်း အပြုသဘောဖြင့် ဝေဖန်မှုပြုဖို့လိုပါသည်။ လက်အောက်ဝန် ထမ်းများအားဝေဖန်ထောက်ပြ၍တိုးတက် အောင်ဆောင်ရွက်စေခြင်းသည်လုပ်ငန်း မန်နေဂျာတိုင်း၏တာဝန်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍အပြုသဘောဝေဖန်ခြင်းဖြင့်လက် အောက်ဝန်ထမ်းများကိုနည်းပြပေးရပါမည် (coaching)။ ဖွံ့ဖြိုးတိုးတက်အောင်ပုံ လောင်းပေးရပါမည်(mentoring)။
(၆) တံခါးဖွင့်ဝါဒကို ကျင့်သုံးပါ။ (An-open-door philosophy)
အောင်မြင်တိုးတက်သောလုပ်ငန်း မန်နေဂျာများသည် လက်အောက်ဝန်ထမ်း များအတွက် အတားအဆီးဖြစ်စေမည့် အရာများကို ဖယ်ထုတ်ပေးပါသည်။ လုပ် ငန်းဆိုင်ရာကိစ္စရပ်များ၊ ပြဿနာများကို ပွင့်ပွင့်လင်းလင်းတင်ပြနိုင်စေရန် ဖန်တီး ထားပါသည်။ လက်အောက်ဝန်ထမ်းများ ဖော်ထုတ်ထားသည့်တီထွင်ဖန်တီးမှုများ၊ အကြံဉာဏ်များကို အချိန်မရွေးတင်ပြခွင့် ပေးထားပါ။ ယင်းသို့ မန်နေဂျာနှင့်လက် အောက်ဝန်ထမ်းများ နီးနီးကပ်ကပ်ရင်းနှီး ပွင့်လင်းစွာ ဆောင်ရွက်ပြုမူခြင်းဖြင့် လုပ်ငန်းများထိရောက်အောင်မြင်လာနိုင် ပါသည်။
(၇) လက်အောက်ဝန်ထမ်းများလိုချင် သည့်အရာများ ရရှိအောင်ဖန်တီးပေး ပါ။ (Help other people get what they want)
ဗုဒ္ဓစာပေ၌ ‘ကံ ကံ၏အကျိုးတရား’ ရှိပါသည်။ မိမိပြုမူသောကံအတွက် တူညီ သောအကျိုးကိုခံစားရပါမည်။ သိပ္ပံပညာ ရပ်နယ်ပယ်တွင် ‘လုပ်ဆောင်ချက်တိုင်း အတွက် တန်ပြန်အကျိုးသက်ရောက်မှုရှိ သည်’ ဟူသော နိယာမရှိပါသည်။ စီမံခန့် ခွဲမှုပညာရှင်တစ်ဦးကလည်း ‘မိမိဖွံ့ဖြိုးတိုးတက်လိုပါကအခြားလူများကိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်
ရွက်ပေးပါ’ ဟုဆိုပါသည်။
သို့ဖြစ်၍ လုပ်ငန်းအဖွဲ့အစည်းရှိ စီမံ ခန့်ခွဲသူမန်နေဂျာများသည် လက်အောက် ဝန်ထမ်းများအလိုရှိသည့်အရာများကိုရရှိ အောင် ဖန်တီးပေးခြင်းဖြင့် မိမိအလိုရှိ သည့်အရာများလည်း ရရှိလာလိမ့်မည်ဟု ယုံကြည်ထားရပါမည်။ သို့ဖြစ်၍ လုပ်ငန်း မန်နေဂျာများအဖို့ လက်အောက်ဝန်ထမ်း များ ဘာလိုအပ်သည်ကို သိရှိအောင်ကြိုး ပမ်းနေရပါမည်။ သို့မှသာ မိမိအလိုရှိသည့် အရာများ၊ တစ်နည်းဆိုသော် လုပ်ငန်းဆိုင် ရာရည်မှန်းချက်များ၊ လျာထားချက်များ ရရှိလာနိုင်ပေသည်။
(၈) ဝင့်ဝါစွာ မနေထိုင်ပါနှင့်။ (Never pomposity)
ဆောင်းပါးအစတွင် ဖော်ပြထား သကဲ့သို့ စီမံခန့်ခွဲမှုဆိုသည်မှာ အလုပ်များ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ် သည်။ အလုပ်များပြီးမြောက်ဖို့သည်သာ အဓိကဖြစ်သည်။ ရုံးဆန်ဆန်ပြုမူဆောင် ရွက်ခြင်း၊ ကိန်းကြီးခန်းကြီး ပြုမူခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ရပေမည်။အောင် မြင်တိုးတက်နေသည့်ပုဂ္ဂိုလ်ကြီးများ၊ ပညာ ရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများသည် ရိုး ရိုးသားသား ပြုမူနေထိုင်ကြသူများဖြစ် သည်။ ပြုမူပြောဆိုမှု ရိုးသားသော်လည်း အတွေးအခေါ်မှာမူ မြင့်မားကြပေသည်။ ရင့်ကျက်ကြပေသည်။ စာရေးသူတို့ဆရာ သမားများကိုလေ့လာစိစစ်ကြည့်ပါက ရိုး သားကြသည်ကိုတွေ့ရပါသည်။ ရိုးသား ခြင်းဂုဏ်နှင့်ပြည့်စုံကြပေသည်။ ရိုးသားစွာ နေထိုင်ခြင်းဖြင့် အလုပ်များပြီးမြောက်ကာ လူအများအတွက် တန်ဖိုးရှိကြပေသည်။
အထက်ဖော်ပြပါအချက်များသည် အောင်မြင်ကြသူတိုင်းလုပ်ငန်းအဖွဲ့အစည်း အတိုင်းလိုက်နာကျင့်ကြံသင့်သည့်အခြေခံ သဘောတရားများပင်ဖြစ်သည်။ စီမံခန့်ခွဲ မှုပညာရှင်တို့၏အလိုအတိုင်း စီမံခန့်ခွဲမှု သည် အလုပ်ပင်ဖြစ်ပါသည်။ ထိုသို့လုပ် ဆောင်ရာတွင် အဆိုပါနည်းစဉ်များကို လိုက်နာကျင့်သုံးခြင်းဖြင့်အောင်မြင်တိုး တက်ကြသည့်လုပ်ငန်းများမှာအများအပြား ရှိပါသည်။ သို့ဖြစ်၍ အထက်ပါစီမံခန့်ခွဲမှု ဆိုင်ရာ သဘောတရားများကို လိုက်နာ ကျင့်သုံးခြင်းဖြင့် အောင်မြင်တိုးတက်သော လုပ်ငန်းအဖွဲ့အစည်းများဖြစ်လာနိုင်ပေသည် ဟုတင်ပြလိုက်ရပေသည်။
ဒေါက်တာထွန်းအောင်(စီမံခန့်ခွဲမှု)
Ref: Laurie J.Mullins’s Management and Organizational Behavior

မန်နေဂျာကောင်းတစ်ယောက်သိရှိဂရုပြုသင့်သည့် ပြောင်းလဲ ရွေ့လျားနေ သော ပညာစီမံခန့်ခွဲမှုနှင့် မျက်မှောက်ခေတ် သင်ယူလေ့ကျင့်ရေး သဘောတရား

၁။ ခေတ်သစ် စီမံခန့်ခွဲမှု ပညာတွင် တာဝန်ခံမှု (Accountability)သည် မိမိ တာဝန်ထမ်းရာ အဖွဲ့အစည်းဘောင်ကို ကျော်လွန်ပြီး လူအဖွဲ့အစည်း တစ်ရပ်လုံးနှင့် ဆက်စပ်လာသည့် အနေအထား လူမှုအဖွဲ့အစည်း တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် လူမှုဆောင်တာ (Social Function) သဘောသို့ ကူးပြောင်းလာသည့် ယနေ့ခေတ်ကာလ အခြေအနေတွင် ခေတ်သစ် မန်နေဂျာတစ်ဦး အနေဖြင့် အောက်ပါတာဝန် ၅ ရပ်ကို နေ့စဉ်နှင့်အမျှ ထမ်းဆောင်နေရပါသည်။
(က) မိမိကိုယ်ကို စီမံခန့်ခွဲရေး “Think as men of action, act as men of Thought” လက်တွေ့သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။
(ခ) မိမိဌာန အဖွဲ့အစည်းကို စီမံခန့်ခွဲရေး (Organization Management)
(ဂ) မိမိနှင့် ဆက်စပ်နေသည့် ဌာန အခြေအနေ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Context Management)
(ဃ) မိမိ၏ လူမှုဆက်ဆံရေးကို စီမံခန့်ခွဲရေး (Social Relationship Management)
(င) အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲရေး (Change Management)
၂။ အဆိုပါ တာဝန် ၅ ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် အောက်ပါ စိတ်အကျင့် အာရုံ ၅ ရပ် (Five Addiction) ထားရှိရန်လည်း မလွဲမသွေ လိုအပ်လာပါသည်။ အနှစ်ချုပ် ဆိုရပါမူ တာဝန် (၅)ရပ် ချောမော အောင်မြင်စွာ ပြီးမြောက်စေရန် အဆိုပါ စိတ်အကျင့် (၅)မျိုးကို လိုအပ်သလို ထုတ်ယူ အသုံးပြုတတ်သည့် မန်နေဂျာကောင်း တစ်ဦး ဖြစ်စေရန် အရေးကြီး လှပါသည်။
(က) မိမိကိုယ်ကို စီမံ ခန့်ခွဲနိုင်ရန် ပြန်လည် တွေးတောတတ်သည့် ဆင်ခြင်တတ်သည့် စိတ်အကျင့်(Reflective Mindset) လိုအပ်သည်။
(ခ) မိမိ အဖွဲ့အစည်းကို စီမံ ခန့်ခွဲနိုင်ရန် ခွဲခြမ်း စိတ်ဖြာတတ်သည့် စိတ်အကျင့် (Analytic Mindset) လိုအပ်သည်။
(ဂ) ဆက်စပ် အခြေအနေ အရပ်ရပ်ကို စီမံ ခန့်ခွဲနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဆက်စပ် စဉ်းစားတတ်သော စိတ်အကျင့်(Worldly Mindset) လိုအပ်သည်။
(ဃ) ယနေ့ Globalization ခေတ်ကာလတွင် အလွန် အရေးပါလာသည့် လူမှု ဆက်ဆံရေးပိုင်းကို စီမံ ခန့်ခွဲနိုင်ရန် ပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Collaborative Mindset)လည်း လိုအပ်ပါသည်။
(င) အပြောင်းအလဲကို စီမံခန့်ခွဲနိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက်တတ်သည့် စိတ်အကျင့် (Pragmatic Mindset)လည်း ရှိရပါမည်။
၃။ အဆိုပါ တာဝန် (၅)ရပ်ကို ထမ်းဆောင်နိုင်မည့် စိတ်အကျင့် (၅)မျိုးကို ဖွံ့ဖြိုးလာစေရန် လေ့ကျင့် လုပ်ဆောင်ရာတွင် မန်နေဂျာ တစ်ဦးချင်း အနေဖြင့် အောက်ပါကဏ္ဍ ၃ ရပ်ကို မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
(က) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ခြင်း (Qualification)
(ခ) အတွေ့အကြုံကို ဆန်းစစ် အသုံးချနိုင်ခြင်း (Experience)
(ဂ) ဆက်ဆံနိုင်မှု စွမ်းရည်ကို မြှင့်တင်ခြင်း(Communication)
၎။ ကုန်ထုတ်လုပ်မှု မြင့်မား တိုးတက်ရေးအတွက် အဓိကကျသည့် ထုတ်လုပ်ရေး သွင်းအားများ အဖြစ် ယခင်က လုပ်သား(Labour or man)၊ အရင်းအနှီး (Capital)၊ သယံဇာတ သွင်းအားစု (Resource)ဟူ၍ Factor သုံးရပ်သာ ရှိခဲ့ရာမှ ယခုခေတ် အခြေအနေတွင် စတုတ္ထဖက်တာ ဟူသော ပညာ (Knowledge)တစ်ရပ် ပေါ်ထွန်းလာသည့် အပြင် မတူညီသော သမိုင်းခေတ် ကာလများ အလိုက် လူ့အဖွဲ့အစည်း တစ်ရပ်၏ ဖြစ်ပေါ် တိုးတက်မှုကို စေ့ဆော်ပေးသော အဓိက တွန်းအား (Motive Force)မှာလည်း ၁၈ ရာစုနှစ်တွင် မြေယာ(Farms)၊ ၁၉ ရာစုနှစ်တွင် ကုန်သွယ်စီးပွားရေး (Economy/Capital)၊ ၂၀ ရာစုတွင် ပါဝါကို တပ်မက်မှု (Attach to Power)ဟူ၍ ရှိခဲ့ရာမှ ယခုရာစုနှစ် ဖြစ်သည့် အရင်းလွန်ခေတ် (Post Capitalist Era) သို့တည်းမဟုတ် ပညာခေတ် (Knowledge Age)တွင်မူ အဓိက တွန်းအားမှာ “ပညာရေး” ဟူ၍ ပညာရှင် အများစုက သတ်မှတ် ဖေါ်ထုတ်လာကြသည်။
ပညာရေးဟူ၍ ဆိုရာ၌လည်း ယခင် သမိုင်းစဉ် တလျောက် အခြေကျလာသည့် အစဉ်အလာ ပညာရေး (Traditional Education) မျိုး မဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာသင်ယူ အသုံးချနိုင်ပြီး ယနေ့ခေတ် လူ့အဖွဲ့အစည်း၏ ဒိုင်းနမစ်တွန်းအား ဖြစ်သည့် “စွန့်ဦးတီထွင် လုပ်ငန်းရှင်” များကို မွေးထုတ်ပေးနိုင်သော (Entrepreneurial Education)မျိုးကို ဆိုလိုလာကြသည်။ လုပ်ငန်းခွင်ရှိ သက်လတ်ပိုင်းအရွယ် စီမံခန့်ခွဲသူများကို လုပ်ငန်းခွင်မပျက် သင်ကြားပို့ချမှုမျိုး အပါအဝင် ဖြစ်ပေသည်။
၅။ သို့ဖြစ်၍ မန်နေဂျာများ အနေဖြင့် (Qualification) အရည်အသွေးပိုင်း ဆိုင်ရာ မြှင့်တင်ရေးအတွက် သင်ယူ လေ့ကျင့်ရေး လုပ်ငန်းရပ်များကို လုပ်ဆောင်ရာတွင် အောက်ပါ အချက်အလက်များကို ဂရုပြု လေ့ကျင့် ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။
(က) စဉ်ဆက်မပြတ် လေ့လာသင်ယူသည့် ပညာရေး (Continual Learning) အစဉ်အလာ ပညာရေးတွင် အသက်အရွယ်နှင့် ပိုင်းခြား သတ်မှတ်လျက် ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ စသည့်ဖြင့် တစ်သက်တာ ဘဝခရီးကို တကြိမ်တစ်ခါ ရှာဖွေပြီးသည့် ပညာမျှဖြင့် လျှောက်လှမ်းခဲ့ကြသည်မှာ ယခုအခါတွင် မလုံလောက်တော့ပါ၊ နည်းပညာ နယ်ပယ်တွင် ယနေ့ တွေ့ရှိချက်သည် မနက်ဖြန် ထပ်မံ ဖေါ်ထုတ်ချက်များ၏ လွှမ်းမိုးမှုကြောင့် မှားယွင်းလာနိုင်သည့် အတွက် “အမှန်တရား၏ သက်တမ်းသည် လွန်စွာ တိုတောင်းလာသည်” ဟူ၍ ဆိုရတော့မည် ဖြစ်ပါသည်။
သို့ဖြစ်၍ အသက်အရွယ်မရွေး လေ့လာသင်ယူဖို့ လိုအပ်သော စဉ်ဆက်မပြတ် ပညာရေးဖြစ်ရန် လိုအပ်လာပါသည်။ ပညာလုပ်သား အပေါ် အဓိက မှီခို ဖွံ့ဖြိုးလာသည့် ယနေ့ ပညာ လူ့အဖွဲ့အစည်းတွင် ပညာမှာ ငွေကြေးထက်ပို၍ သက်သာလွယ်ကူစွာ ခရီး နှင်နိုင်စွမ်းရှိ၍ ပညာ၏ သက်ရောက်မှုခွင်မှာ နယ်စည်းမခြားသည့် လက္ခဏာ (Boderiessness) သဘောကို ဆောင်ယူလာပါသည်။ လူတိုင်း ပညာသင်ကြားနိုင်မည့် အခွင့်အရေး များပြားလာသည့်နှင့် အမျှ မည်သူမဆို ဆန္ဒရှိလျှင် ပညာနှင့် နီးနိုင်သည့် အတွက် ပညာမှာ အကန့်အသတ်မရှိ စဉ်ဆက်မပြတ် မြင့်မားနေသည့် အမြင့်တက် လှုပ်ရှားနိုင်စွမ်း (Upward mobility)ရှိလာပြီး လျင်မြန်စွာ ပြောင်းလဲ ဖွံ့ဖြိုးနေသည့် Rapid Changes age တွင် ပညာရယူရန် အချိန်နှင့် ငွေကြေးသည် လွန်စွာ အရေးပါလာသည်ကို တွေ့ရပေမည်။
ပညာ လူ့အဖွဲ့အစည်းတွင် ကုန်ထုတ် အရင်းအနှီးသည် ပညာဖြစ်လာ၍ မည်သူမဆို ကုန်ထုတ် အရင်းအနှီး ပိုင်ဆိုင်နိုင်ခွင့် ရှိလာသော်လည်း လူတိုင်း မအောင်မြင်နိုင်သည့် အတွက် ဆုံးရှုံးနိုင်မည့် အလားအလာနှင့် အောင်မြင်နိုင်မည့် အလားအလာ အပြိုင်ရှိနေပြီး အဖွဲ့အစည်း တစ်ခုချင်း၊ လူတစ်ဦးချင်း အတွက် ပြိုင်ဆိုင်မှု အလွန်များပြား ပြင်းထန်လာသည်ကို သတိပြု၍ မိမိ အနေဖြင့် မကျန်ရစ်ခဲ့စေရန် မန်နေဂျာများ အနေဖြင့် အစဉ်မပြတ် လေ့လာသင်ယူ နေအပ်ပေသည်။
(ခ) ပညာရေးသည် အုတ်မြစ်မဟုတ် လေယာဉ်ကွင်းသဖွယ်ဖြစ်သည် (Education is not Foundation just Launching Pad) အစဉ်အလာ ပညာရေး အယူအဆအရ ယခင်က ပထမအရွယ် သင်ယူ လေ့လာရသော ပညာရေးမှာ ဘဝ တစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ဖြစ်ပြီး ၎င်းအပေါ်တွင် မိမိရွေးချယ်ရာ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဖြင့် ဘဝကို မြင့်သည်ထက် မြင့်မားစေရန် တစ်ဆင့်ချင်း တည်ဆောက်ခဲ့ကြသည်။
ယခု အပြောင်းအလဲလွန်စွာ မြန်ဆန်သည့် မျက်မှောက်ခေတ်တွင် အဆိုပါ သဘောမှာ ဆီလျော်မှု မရှိတော့ဘဲ အပြောင်းအလဲ အရပ်ရပ်ကို စီမံခန့်ခွဲနိုင်ရန် မူလပညာဖြင့် မလုံလောက်တော့သည့် အတွက် ပညာရေးကို အချိန်မရွေး ပျံတက်နိုင်သော လေယာဉ်ကွင်းသဖွယ် ဘဝ လေယာဉ်အတွက် ပျံတက်မှု အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေသော အခုအခံများ မရှိစေသော အတားအဆီး ကင်းရှင်းသော လေ့လာရေးစိတ် အခံဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ သင်ယူနိုင်ရေးကို သတိမူ ဆောင်ရွက်အပ် ပေသည်။
(ဂ) တစ်ခုမကသော ဘဝခရီး (Alternative Career Path) အစဉ်အလာ ပညာရေးအရ ပထမ အရွယ် ငယ်စဉ်ဘဝကပင် အတိအကျ သတ်မှတ် ပြဌာန်းပြီးသည့် ရည်မှန်းချက်တစ်ရပ်၊ ဘဝလမ်းညွှန် မြေပုံ (Road map of Life)ဖြင့် အစဉ်တစိုက် ဘဝကို စိုက်လိုက်မတ်တတ် လျှောက်လှမ်းခဲ့ကြရာမှ မရေရာ မသေချာမှု၊ အပြောင်းအလဲ မြန်မှု၊ မတည်ငြိမ်မှုများနှင့် မကင်းနိုင်တော့သည့် မျက်မှောက် လူ့ဘဝတွင် တစ်ခုတည်းသော သတ်မှတ် ပြဌာန်းချက် Road map မှာ ဘဝကို အထောက်အကူ မပြုရုံမျှမက ချောင်ပိတ် မိစေနိုင်သည့် အတွက် ဖြစ်တန်ရာများကို မှန်းဆပြီး တစ်ခုမကသော ဘဝခရီး ကို အာရုံပြု နှလုံးသွင်းလျက် လမ်းညွှန်မြေပုံ အမျိုးမျိုးကို ပြုစုထားနိုင်ရန် မည်သည့် ဘာသာရပ်ကိုမဆို သိရှိဆက်စပ် စဉ်းစားနိုင်စွမ်း ရှိလာရန် အရေးကြီးလာသည်။ စူးစိုက် ထက်သန်မှု (Concentration) ထက် ပြောင်းလွယ်ပြင်လွယ်နိုင်စွမ်း (Flexibility)က ပိုမို အရေးပါလာသည်ကို သတိမူရပေမည်။
(ဃ) အထူးပြု လိုက်စားမှုကို ကျော်လွန်၍ (Beyond Specialization) အစဉ်အလာ ပညာရေးတွင် မိမိရွေးချယ်ရာ ဘာသာရပ် တစ်ခုကို အထူးပြု လေ့လာသင်ယူရေး (Specialization)မှာ ဘဝအောင်မြင်ရေး သော့ချက် ဖြစ်ခဲ့သော်လည်း ပညာရပ်တစ်ခုနှင့် တစ်ခုအကြား စည်းသတ် ခွဲခြား၍ မရတော့သော မျက်မှောက်ခေတ် အတွက်မူ ဆီလျော်မှု မရှိနိုင်တော့ပါ။ Information Technology (IT)၏ စွမ်းပကားနှင့် သက်ရောက်မှုသည် အရေးအကြီးဆုံးနှင့် အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာပြီး အိုင်တီ၏ အရှိန်အဟုန် (Speed)နှင့် ပညာကို သယ်ဆောင်ပေးပြီး ကမ္ဘာအနှံ့ ပြန့်နှံ့ လာနိုင်သဖြင့် အင်တာနက် စွမ်းရည်ကို အသုံးချလာနိုင်သည့် အတွက် စပါယ်ရှယ် လိုက်ဇေးရှင်းကို လွန်၍ ဘာသာရပ် တစ်ခုနှင့် တစ်ခုအကြား ဆက်ထုံးများကို ဆုပ်ကိုင်မိရန်၊ ပညာအရှိန်ကို အမှီလိုက်ယူ ဆုပ်ကိုင်နိုင်ရန် ဆက်စပ် စဉ်းစားနိုင်စွမ်းကို အလေးကဲထားသည့် လစ်ဘရယ် ပညာရေး (Liberal Education) သဘောနှင့် အညီ လေ့လာ သင်ယူနိုင်စွမ်း ရှိရန် လိုအပ်လာပါသည်။
ထို့အပြင် ပညာနှင့် ကျွမ်းကျင်မှုတို့၏ ကွဲပြား ခြားနားသည့် သဘောကိုလည်း သတိမူမိရန် လိုအပ်ပါသည်။ ပညာ၏ သဘောမှာ အရှိန်အဟုန် ကြီးစွာဖြင့် အလျင်အမြန် တိုးတက်ပြောင်းလဲနေသည့် သဘောရှိပြီး ကျွမ်းကျင်မှု၏ သဘောမှာ နှစ်ကာလများ အတွင်း ဖြည်းဖြည်းနှေးနှေးသာ ပြောင်းလဲသည့် သဘော ရှိပါသည်။ ပညာကို သီးခြား သင်ကြားမှု အစီအမံများဖြင့် သင်ယူရပြီး ကျွမ်းကျင်မှုကို လုပ်ငန်းခွင် အတွင်း၌ပင် ပူးတွဲ ဆောင်ရွက်နိုင်သည် ဖြစ်ပါသည်။ ယနေ့ ခေတ်ကာလတွင် ပညာသစ်များ အဆက်မပြတ် ပေါ်ထွန်းလာသည် ဖြစ်ရာ အစဉ်အလာနှင့် မတူသော ပညာသင်ကြားရေး ပုံစံများဖြင့် စဉ်ဆက်မပြတ် ပညာ သင်ကြားရေးသည် အထူး အရေးပါလာကြောင်း သုံးသပ် ဖော်ပြအပ်ပါသည်။
၆။ မန်နေဂျာများ အနေဖြင့် အတွေ့အကြုံ (Experience)ကို ပြန်လည် အသုံးချနိုင်ရေးနှင့် စပ်လျဉ်း၍ အစဉ်အလာ ပညာရေးတွင် အဓိက ရည်မှန်းချက်မှာ အတိတ်မှ အတွေ့အကြုံများကို မှတ်သား ခံယူနိုင်စွမ်းပင် ဖြစ်သဖြင့် အတွေ့အကြုံ များလေ အောင်မြင်မှု အတွက် အာမခံချက်ရှိလေ ဟူ၍ ယခင်က မှတ်ယူ လုပ်ကိုင်ခဲ့ကြပေသည်။ မျဉ်းတန်းသဘော (Linear)ကို ဖောက်ထွက်လာသော ယနေ့ မျက်မှောက်ခေတ်တွင် လူထု မီဒီယာ၏ ကျယ်ပြန့် စူးရှမှု၊ တကမ္ဘာလုံး ချိတ်ဆက်နိုင်သည့် ခေတ်မှီ ဆက်သွယ်ရေး ကွန်ယက်စနစ်၊ အင်ဖော်မေးရှင်းနှင့် ဆက်သွယ်ရေး တက္ကနိုလိုဂျီများ ဆန်းသစ်လာမှုနှင့် ပညာဟူသော ကုန်ထုတ် အရင်းအနှီး အပါအဝင် အရာရာ သည် ရောင်းကုန်များ ဖြစ်လာမှု (Com-modification) တို့ကြောင့် အတွေ့အကြုံတိုင်းသည် မျက်မှောက်ခေတ်နှင့် အဟပ်မညီနိုင် ကိုယ်စား မပြုနိုင်တော့ပါ။ အတွေ့အကြုံ သက်သက်မှာ လမ်းညွှန် မဖြစ်နိုင်တော့သည် သာမက တရားသေ အခုအခံပင် ဖြစ်သွားနိုင်ပါသည်။
သို့အတွက် ယခင်သိရှိပြီး လေ့လာတွေ့ရှိချက်များ မှတ်သား ခံယူချက်များကိုပင်လျင် အသစ်တဖန် ပြန်လည် ချဉ်းကပ်၍ လေ့လာရန် ဆန့်ကျင်ဘက်မှပင် ချဉ်းကပ်၍ Relearning ပြုလုပ်ရန်၊ New Focus on Information and Knowledge ပြုလုပ်ရန် လက်တွေ့နှင့် မပြတ် ဆန်တုတ်တိုက်တတ်ရန် အရေးကြီးလာသည်။ Anti learning သဘောပြောရလျင် အစဉ်အလာ သင်ယူမှုထက် ပဋိပညာရေး သဘောက ပို၍ အချက်အခြာ ကျလာသည်။ လူမှုသိပ္ပံ ပညာအရ ပြောရလျင် ကမ္ဘာကြီး၏ အပိုင်းအခြား အသီးသီး၌ စုပေါင်းထားခြင်း (Totalizing)ထက် စိတ်ဖြာခွဲခြမ်းမှု (Fragmentation)က ပို၍ ဖြစ်ထွန်းလာသည်။ ပေါင်းကြည့်မည့်အစား ခွဲခြမ်းစိတ်ဖြာ ကြည့်လာကြသည်။ ပေါင်းစုထားသော အရာတို့ထက် စိတ်ဖြာထားသော အရာတို့က ပိုမို အရေးပါလာသည်။ Specialization, Centralization ထက် Flexibility, Liberal တို့က ပို၍ အခရာ ကျလာသည်။
ယဉ်ကျေးမှု မျိုးစုံ၊ နိုင်ငံမျိုးစုံကို အခြေခံ၍ တစ်နိုင်ငံတည်းကို ဗဟိုပြုနေရာ၊ ဗဟိုပြုစနစ် မရှိတော့သည့် ဗဟိုမဲ့ ကမ္ဘာစနစ် ပေါ်ထွန်းလာပြီး ဤစနစ်သစ်ကို ယခင်ကကဲ့သို့ အင်အားချိန်ခွင်လျှာမျှရေး (Balance of Power) ခေတ်ဟောင်း နည်းဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ယဉ်ကျေးမှုခြင်း နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် အဆင့်မြင့် လူ့ယဉ်ကျေးမှု (High Civilization ) ကို ထူထောင်ရန် ရည်ရွယ် လုပ်ဆောင် လာကြပေသည်။ လုပ်ငန်း အဖွဲ့အစည်းများ ကုမ္ပဏီများ အနေဖြင့် Productivity, Profitability သာမက Social Responsibility ကိုပါ ထမ်းရွက်လာကြပြီး အင်အားနိုင်ငံရေး (Power Politics) ကို အခြေခံမည့် အစား စီးပွားရေးနှင့် ယဉ်ကျေးမှုတို့ကို အခြေခံသောကမ္ဘာသစ် ပေါ်ထွန်းရေးကို ဦးတည် ဆောင်ရွက်လာနေပြီ ဖြစ်ရာ ထိပ်ပိုင်း စီမံခန့်ခွဲသူများ အနေဖြင့် စီးပွားရေး မျက်နှာစာ (စီးပွားရေး အဖွဲ့အစည်း)၊ လူသား မျက်နှာစာ (လူသား အဖွဲ့အစည်း)နှင့် လူမှုရေး မျက်နှာစာ (လူမှုရေး အဖွဲ့အစည်း) ဟူသည့် မျက်နှာစာ သုံးရပ်ကို ချိန်ခွင်လျှာ မျှစေရန် စီမံခန့်ခွဲရေးကို လုပ်ဆောင် လာရသည့် အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။
ထိုသို့သော အခြေအနေတွင် အတွေ့အကြုံ (Experience) ကို ပြန်လည် ဆန်းစစ်ရန် ပညာကို တီထွင်ဖော်ထုတ် အသုံးချရန် (Creation & Application of Knowledge with new focus of Experience)သည် လွန်စွာ အရေးကြီးလာသည်ကို သတိမူ၍ သင်ကြား လေ့ကျင့်သွားရန် လိုအပ်လာပါသည်။ အထက်ဖော်ပြခဲ့သည့် ခြားနားချက်၊ သတိမူရန် ကိစ္စရပ်များကို မဆင်ခြင်နိုင်၊ အလေးမထားနိုင်လျင် မန်နေဂျာများ၏ အရည်အသွေး မြှင့်တင်ရေးပိုင်းတွင် လေ့လာသင်ယူမှု အံချော်နိုင်ဘွယ် ရှိသည်ကို ဂရုပြုမိစေရန် တင်ပြလိုခြင်း ဖြစ်ပါသည်။
၇။ ခေတ်သစ် စီမံခန့်ခွဲမှု အပိုင်းသည် ခေတ်နှင့်အညီ လိုက်လျော ပြောင်းလဲ၍ ဆက်လက် ရှင်သန်နိုင်သည့်သဘော ရှိနေသည့် အတွက် ယခင် ခေတ်အဆက်ဆက် စနစ်များမှသည် စက်မှု အရင်းရှင်ခေတ် (Industrial Capitalism)၊ ၎င်းမှသည် ဈေးကွက်စီးပွားရေး သဘောဆောင်သည့် ဒစ်ဂျစ်တယ် အရင်းရှင်စနစ် (Digital Capitalism)သို့ တိုင်အောင် ကူးပြောင်း လာနိုင်ခြင်း ဟူ၍ ပညာရှင်များမှ စီမံခန့်ခွဲမှု ပညာ၏ Regenerated Power (ဆက်လက် ရှင်သန်နိုင်သော အာနိသင်)ကို သုံးသပ်လျက် ရှေ့သို့ ဆက်လက် ချီတက်ရုံသာ ရှိသည်ဟု ဆိုကြပါသည်။
ထိုသို့ ရှေ့ဆက်ချီတက်ရာတွင် သတင်းအချက် အလက်နှင့် ပညာဉာဏ် အပေါ်တွင် အမြင်သစ် အတွေးသစ်တင်၍ ဆောင်ရွက်ရာ၌ ဆက်သွယ် လှုပ်ရှားနိုင်သည့် စွမ်းရည် (Communication Skill)မှာ လွန်စွာ အရေးပါလာသည့် အတွက် ယခင်ကကဲ့သို့ အင်္ဂလိပ်ဘာသာ စာပေဟူသည့် ကမ္ဘာသုံး ဘာသာစာပေ (Global Literacy)တစ်မျိုးတည်း တတ်ရုံမျှဖြင့် မလုံလောက်တော့သည် သာမက အင်တာနက်နှင့် အလုပ် လုပ်တတ်ရန် Digital Literacy တတ်သိရန်လည်း များစွာ အရေးကြီးလာပြီး လက်ရှိ စီမံခန့်ခွဲမှု ပညာထဲသို့ ဒစ်ဂျစ်တယ် အသိအမြင်များ ဖြည့်စွက် မောင်းနှင်သွားရေးကိုလည်း မန်နေဂျာကောင်း တစ်ယောက်အဖို့ သတိမူ လေ့လာသင်ကြားရန် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အချုပ်အားဖြင့် ကျောင်းသင် အစဉ်အလာ ပညာရေးမှ လိုအပ်သော အသက်မွေးမှု ပညာကို ပေးခဲ့ပြီးနောက် စဉ်ဆက်မပြတ် ပညာရေးဖြင့် ရှိပြီးပညာကို ပြောင်းလဲလာသော ခေတ်နှင့်အညီ အဆင့်မြှင့် တင်ပေးဖို့ရန် ဖြစ်ပါသည်။
၈။ ယခင်က စီးပွားရေး လုပ်ဆောင်မှု၏ အဓိက ရည်မှန်းချက်မှာ ဘဝလုံခြုံမှု (Life Security)ဖြစ်သော်လည်း ပညာရပ်များ အလျင်အမြန် တိုးတက်ပြောင်းလဲ ပေါ်ထွက်လာမှု၊ အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ ပေါက်ကွဲမှုနှင့် စွန့်ဦး တီထွင်သူများ၏ မျက် မှောက်ခေတ်တွင် လုံခြုံမှု သဘောသည် စိတ်ကူးယဉ် ဖြစ်သွားပြီး စွန့်စား လုပ်ကိုင်ရသော Right Culture ပေါ်ထွန်းလာပေသည်။ High Risk-High Return, Low Risk-Low Return ဖြစ်လာသည်။ ပညာနည်းလျှင် အရင်းအနှီးများများ လို၍ အရင်းအနှီး နည်းနည်းသာရှိလျှင် ပညာရည်မြင့်ရန် လိုအပ်လာသည်။ သို့ဖြစ်ပါ၍ ယခုမျက်မှောက် အရင်းလွန် လူ့အဖွဲ့အစည်း တစ်နည်းအားဖြင့် ပညာခေတ်တွင် အံ့မခန်း ဖွံ့ဖြိုးလာသော ပညာရပ် အသီးသီးကို အမှီလိုက်နိုင်သူ သာလျင် ဘဝလုံခြုံမှုကို တည်ဆောက် လာနိုင်စရာ ရှိပါသည်။ Mobile Security သဘောကိုလည်း ဆောင်ယူလာသည်ကို တွေ့ရှိနိုင်ပါသည်။ အဆိုပါ တိုးတက်မှုကို ထိန်းချုပ်နိုင်ရန် တစ်ဖက်မှလည်း လူမှုကျင့်ဝတ်၊ စီးပွားကျင့်ဝတ် Social/ Business Ethic များ လိုက်နာမှု ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်ရပေမည်။
၉။ အလားတူ ကုန်သွယ်ရေးနှင့် ထုတ်လုပ်မှု (Trade/ Production) တို့၏ ရည်မှန်းချက်မှာလည်း သိသိသာသာပင် ပြောင်းလဲ လာကြရပေသည်။ ယခင်က အမြင့်ဆုံး အမြတ်ရရှိရေး (Profit maximization) ကို ရည်မှန်း တည်ထောင်ခဲ့ကြ သော်လည်း ယခု အကြီးအကျယ် ယှဉ်ပြိုင်ရသည့် ခေတ်ကာလတွင် အမြင့်ဆုံး အမြတ်ကို မျှော်လင့်ခြင်းသည်ပင် စိတ်ကူးယဉ်ရာ ရောက်လာရသည့် အတွက် ဈေးကွက်ဝေစု အများဆုံး ရရှိရေး (Market Share maximization)သည်သာ အရင်းလွန် လူ့အဖွဲ့အစည်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်လာရပေသည်။
၁ဝ။ ထို့အတူ မန်နေဂျာများ လုပ်ငန်း လုပ်ဆောင်ရာတွင်လည်း ကြိုးကြိုးစားစားလုပ် (Hard Working) ခေတ်မှ စမတ်တကျလုပ် (Smart Working)ခေတ်သို့ ကူးပြောင်းလာစေခဲ့ပြီး Smart Worker ဖြစ်လာစေရန်အတွက် ရာထူးအဆင့်နှင့် ညီသော Technical Skill, Human Skill, Conceptual Skill များ ရရှိစေရန်၊ မိမိ လုပ်ငန်းအပေါ် အကောင်းမြင် စိတ်ဝင်စားမှု Positive Attitude ရှိစေရန် လေ့ကျင့် သင်ကြားလာရပေသည်။ I.Q ကောင်းမွန်မှုက လုပ်ငန်းခွင်သုံး အသိပညာ၊ အတတ်ပညာများကို တတ်ကျွမ်းစေသည်။ နှလုံးသား အရည်အသွေး E.Q(Emotional Quotient) ကောင်းမွန်ခြင်းက ကျင်လည်ရာ လူမှုဘဝတွင် အရည်အသွေးမှီ လိုက်လျောညီထွေ ကောင်းကျိုးပြု ဝင်ဆန့်စေမည် ဖြစ်သည့်အတွက် အလေးထား စီစစ်လာရပေသည်။ လူများစုကို ဦးဆောင်၍ Implore / Energize လုပ်နိုင်ခြင်း၊ Integrity ကိုယ်ကျင့်သိက္ခာ၊ Ethic ကျင့်ဝတ်နှင့် ပြည့်စုံခြင်း၊ Trust ယုံကြည်မှု ရစေခြင်းတို့ကိုလည်း လေ့ကျင့်ပွားများ လာရပေသည်။
၁၁။ အချုပ်အားဖြင့် ဆိုရပါမူ ဤသို့ ပြောင်းလဲလာသော သင်ကြားသင်ယူမှု သဘောတရားများနှင့် အညီ စဉ်ဆက်မပြတ် လေ့လာ သင်ယူလျက် ပညာဖန်တီးရေး (Creation of Knowledge) နှင့် ပညာကို အသုံးချရေး (Application of Knowledge)တို့သည်ပင် ယနေ့ မျက်မှောက်ခေတ် အတွက် ဆုံချက် အကျဆုံး အချင်းအရာ ဖြစ်လာပေလိမ့်မည်။ Knowledge ကို အသုံးချနိုင်သည့် Knowledge Worker ပညာလုပ်သား အဖြစ် မိမိကိုယ်မိမိ ပျိုးထောင်ခြင်းဖြင့် “Positional Power မှသည် Personal Power” “မန်နေဂျာမှသည် ခေါင်းဆောင်အဆင့်” သို့ တက်လှမ်းနိုင်မည် ဖြစ်ကြောင်း လေ့ကျင့်ရေး ကဏ္ဍမှ လေ့လာစုစည်း တင်ပြလိုက်ရပေသည်။ “Think as men of action, act as men of Thought” လက်တွေ့ သမားကဲ့သို့ စဉ်းစား၍ တွေးခေါ်ရှင်ကဲ့သို့ လုပ်ဆောင်ပါ။

အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ (How to manage your time)

သင့်ရဲ့ဘ၀ကို ပိုကောင်းအောင်ပြောင်းလဲဖို့ ကြိုးစားရာမှာ အရေးကြီးဆုံးစည်းမျဉ်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲ တတ်ခြင်းပါပဲ။ လူတော်တော်များများဟာအလုပ်အကိုင်တွေ၊ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့စိတ်ဖိစီးနေကြရပါတယ်။
ဒီအခြေအနေထဲကနေ ဘယ်လို ထွက်ရမယ်ဆိုတာ လည်း မသိကြဘူး။ သူတို့ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိကြဘူးလို့ ထင်နေကြတယ်။ဒါပေမဲ့ အဓိက ပြဿနာဟာ အချိန်မလောက်ငှခြင်းကြောင့်လို့ စိတ်ပညာရှင်တွေကဆိုပါတယ်။ သင့်ကိုယ်သင် ပြောင်းလဲချင်စိတ် ရှိရပါမယ်။ အပြောင်း အလဲတွေ လုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့အချိန်ကို ထိထိရောက်ရောက်စီမံခန့်ခွဲတတ်ခြင်း ပါပဲ။အချိန်စီမံခန့်ခွဲမှုဆိုတာကတော့ ဘယ်ကိစ္စတွေက အရေးကြီးတယ်၊ ဘယ်ကိစ္စတွေက အရေးမကြီးဘူး ဆိုတာကို ခွဲခြားတတ်တဲ့ စွမ်းရည်တစ်မျိုးပါပဲ။ ဆိုလိုတာကတော့ဘယ်ကိစ္စတွေကို အရင်လုပ်ရမယ်၊ ဘယ်ဟာကိုတော့ နောက်မှ လုပ်ရမယ်ဆိုတာ ခွဲခြားတတ်ရမယ်ပေါ့။ ဒါပေမယ့် အချိန်စီမံခန့်ခွဲမှု (Time Management) ကို အသုံးမပြုခင်မှာသင်လုပ်ရမယ့် အရာတစ်ချို့ရှိပါတယ်။ အဲဒါတွေ မရှိဘူးဆိုရင်တော့ သင့်ရဲ့ အားထုတ်မှုတွေဟာ အရာထင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ရဲ့အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မယ့် နည်းလမ်း ၈ခုကို ပေးချင်ပါတယ်။
၁။ စာရင်းများ ပြုလုပ်ပါ သင် လုပ်စရာမှန်သမျှကို အစီအစဉ်ဆွဲထားပါ။ ပြီးတော့ အဲဒါတွေကိုစာရွက်ပေါ်မှာချရေးပါ။ (ကွန်ပျူတာနဲ့ ရေးမယ်ဆိုရင်တော့ notepad ဟာ အကောင်းဆုံးလို့ ထင်ပါတယ် )
၂။ သင့်ကိုယ်သင် အားပေးပါ သင့်ရဲ့ စာရင်းထဲက အလုပ်တစ်ခုကို လုပ်ပြီးတိုင်း အဲဒီအလုပ်အတွက် သင့်ကိုယ်သင် ဆုချီးမြှင့်ပါ။ လမ်းထွက်လျှောက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ် သင်လုပ်ချင်တာတစ်ခုခုကို လုပ်လိုက်ပါ။
၃။ တစ်ကြိမ်မှာ တစ်ခု ကျနော်တို့ရဲ့ ဦးနှောက်ဟာ တစ်ကြိမ်မှာ အလုပ် ကိစ္စတစ်ခုကိုပဲအာရုံစိုက်မယ်ဆိုရင် ပိုပြီး ထိထိ ရောက်ရောက် စွမ်းဆောင်နိုင်ပါတယ်။ ဆိုလိုတာကတော့ တစ်ပြိုင်နက်တည်း အလုပ်တွေ အများကြီးလုပ်လေ၊ စွမ်းဆောင်ရည် ကျဆင်းလေပါပဲ။
၎။ အလုပ်တွေကို အချိန်မဆိုင်းပါနဲ့ ဒါကတော့ ရိုးရှင်းပါတယ်။ အချိန်ဆွဲခြင်းဟာ ကျနော်တို့အတွက် အဓိက ရန်သူပါပဲ။
၅။ ကိစ္စတိုင်းအတွက်နောက်ဆုံးအချိန်ကိုသတ်မှတ်ထားပါ သင့်ရဲ့ လုပ်စရာကိစ္စတိုင်းအတွက် နောက်ဆုံးပြီးရမယ့် ရက်တွေကိုသတ်မှတ်ထားမယ်ဆိုရင် အချိန်တွေအများကြီး သက်သာတာကို အသေအချာ တွေ့ရပါလိမ့်မယ်။
၆။ သင်ဝါးနိုင်တာထက် ပိုမကိုက်ပါနဲ့ (Don’t bite off more than you can chew) လူတော်တော်များများက အလုပ်တွေ အများကြီးကို လုပ်ကြတယ်။ အရာရာတိုင်းကိုလုပ်နိုင်ဖို့ ကြိုးစား ကြတယ်။ ဒါပေမဲ့ ရလာဒ်ကတော့ အမြဲတမ်း အနှုတ်လက္ခာပြနေတာပါပဲ။ ဒါကြောင့် တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်မယ်ဆိုရင် သင် မောပန်း လာပါလိမ့်မယ်။
၇။ ဒိုင်ယာရီ စရေးပါ သင့်ရဲ့ အတွေးတွေအားလုံးကို ချရေးနိုင်မယ့် ဒိုင်ယာရီ ကို စတင်ပါ။ ဒိုင်ယာရီထဲမှာ အစီအစဉ်တွေ ပြုလုပ်နိုင်တယ်။ အဲဒါတွေကို ပုံဖော်ကြည့်နိုင်တယ်။ အဲဒါအပြင် သင့်ရဲ့ ရလာဒ်တွေကိုပါ မှတ်သားထားနိုင်တယ်။ တိုတိုပြောရရင်၊ ဒိုင်ယာရီရဲ့အကူအညီနဲ့ သင့်ကိုယ်သင် ဆန်းစစ်နိုင်ပါလိမ့်မယ်။
၈။ မပင်ပန်းပါစေနဲ့ သင့်ရဲ့ အလုပ်တွေ၊ တာဝန်တွေနဲ့ ပင်ပန်းလာပြီဆိုရင် ရလာဒ်ကောင်းတွေကို မရနိုင်ပါဘူး။ ဒါ့အပြင် သင့်ရဲ့အချိန်ကို ဖြုန်းတီးသလိုတောင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင် မပင်ပန်းအောင် ဂရုစိုက်ပါ။ အလုပ်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်မနေဘဲ အနားယူတတ်ပါစေ။
Ref: Time Management from 10 Steps to a Better Life by Roman Soluk

Conceptual Skills

အဖွဲ့အစည်း (လုပ်ငန်း) တစ်ခုကို ဦးဆောင်ပဲ့ကိုင်မယ့်သူမှာ အရေးအပါဆုံး ရှိရမယ့် အရည်အချင်းက Conceptual Skill ဖြစ်ပါတယ်..။ လုပ်ငန်းကျွမ်းကျင်တာဟာ လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒါ ခပ်ငယ်ငယ် supervisor အဆင့်လောက်မှာ ဖြည့်ဆည်းရတာပါ..။ အဲဒီ ကျွမ်းကျင်မှု ကို မူတည်ပြီး ဒုတိယတန်း ခေါင်းဆောင် ဖြစ်လာပြီဆိုရင် Human Skill လို့ ခေါ်တဲ့ Interpersonal Skill လိုလာပါပြီ..။ Supervisor လောက်မှာ လုပ်ငန်းသဘာဝအရ ကိုယ့်လက်အောက်ငယ်သားတွေကို ဆူပူဖို့ ကြိမ်းမောင်းဖို့ လိုကောင်းလိုပါမယ်..။ သူ့ရဲ့ ဦးတည်ချက်ဟာ အလုပ်ပြီးမြောက်ရေး တစ်ခုသာဖြစ်တဲ့ အတွက် တွန်းတွန်းတိုက်တိုက်လဲ ပြော.. ကိုယ်တိုင်လဲ အနီးကပ်ကြီးကြပ် ဆိုတာ လုပ်ရပါတယ်..။ အဲဒီ အဆင့်ရောက်ဖို့ကလည်း Supervisory Skill Training တက်ပြီးမှ ဖြစ်နိုင်တာပါ..။
အဲဒီကနေတဆင့်မြင်လာပြီး Assistant Manager လောက် ရောက်ပြီဆိုတာနဲ့ Management Training တစ်ခုခုကို မဖြစ်မနေ တက်ဖို့ လိုလာပါပြီ.။ Management Training တက်ဖို့မှာ ကိုယ့်ရဲ့ ပညာရေး နောက်ခံက အရေးပါလာပါပြီ.။ ပညာရေးနောက်ခံ နည်းပါးသူတို့ အတွက် အခက်အခဲရှိနိုင်ပါတယ်..။ Management Training ပြီးမြောက်တဲ့ အခါမှာ Middle Management ရဲ့ အငယ်ဆုံး ရာထူးဖြစ်တဲ့ Assistant Manager ရာထူးကို မျှော်လင့်နိုင်ပါပြီ..။ အဲဒီမှာ Interpersonal Skill ကို သင်ယူလေ့ကျင့်ပျိုးထောင်ရတာပါ..။ လူတွေနဲ့ ဘယ်လို ဆက်ဆံရမယ် ဆိုတာကို သင်တန်းမှာကော အလုပ်ခွင်မှာပါ သင်ယူရပါတယ်..။ အဲဒီကနေမှာလုပ်သက်ကလေး ရလာတဲ့ အခါ Deputy Manager အဲဒီကမှ တဆင့် ဋ္ဌာနတစ်ခုကို ဦးဆောင်စီမံရတဲ့ Manager ဆိုတာ အဆင့်ဆင့် တက်ယူရတာပါ..။ Management Pipeline ထဲကို စရောက်လာတဲ့ မန်နေဂျာအလောင်းအလျာဟာ အပြောအဆို အနေအထိုင် အဝတ်အစား အစစ အရာရာ ပြောင်းလဲ ရပါတယ်..။ ပထမဆုံး ပြောင်းရတာက စိတ်နေစိတ်ထားပါ..။ သင်ယူလိုစိတ် အပြည့်ရှိရပါတယ်..။ ဝန်ဆောင်မှု ကဏ္ဍ မှာ တာဝန်ယူရမယ် ဆိုရင် ကျိုးကျိုးနွံနွံ ရှိအောင် လေ့ကျင့်ယူရပါတယ်..။ ပြီးတော့ Communication Skill တို့ Presentation Skill တို့ကို သေသေချာချာ သင်ယူရပါတယ်..။ နေရာတစ်ခုကို ရာထူးတံဆိပ်တပ်ပြီးရောက်သွားရုံနဲ့ အကုန် တတ်သွားပြီး ချက်ချင်းတာဝန်ယူနိုင်တာမျိုး မဟုတ်ပါဘူး..။ Management Pipeline ထဲမှာ ဖုတ်သွင်းရထား မရှိပါဘူး..။ ရာထူး အဆင့်ဆင့်ကို ကာလ အတိုင်းအတာ တစ်ခုအထိ တာဝန်ယူ ထမ်းဆောင်ရာမှာ သင်ယူမှု အမျိုးမျိုး ကို သင်ယူရပါတယ်..။
ဋ္ဌာနမှူး အဆင့် (Executive Level) ရောက်ပြီ ဆိုရင် ကိုယ့်ကိုယ်ကို ပြန်တမ်းဝင် အရာရှိတစ်ယောက်လို ခံယူနိုင်ရပါမယ်..။ နိုင်ငံ့ဝန်ထမ်း နယ်ပယ်မှာတော့ အဲဒီ အဆင့်ကို selection Grade လို့ခေါ်ပြီး Gazetted Officer ထက် အဆင့်မြင့်ပါတယ်..။ ပုဂ္ဂလိက လုပ်ငန်း နယ်ပယ်မှာတော့ Executive Officer လို့ ခေါ်ပါတယ်..။ အဲဒီ အဆင့်ကို ရောက်တာနဲ့ နောက်ထပ် သင်ယူရမှာက Conceptual Skill ပါ..။ ကိုယ်ဆုံးဖြတ်ရမယ့် အရာရာတိုင်းကို Conceptual Skill နဲ့ ချိန်ထိုး ကြည့်ရပါတယ်..။ Conceptual skill ကို အဆင့်မြင့် စီမံခန့်ခွဲရေးသင်တဲ့ ကျောင်းတွေမှာ သင်ယူနိုင်သလို ကိုယ်ကိုယ်တိုင် စာဖတ်အား ကောင်းရင်လဲ စာအုပ်စာတမ်းတွေ ကတဆင့် သင်ယူလေ့ကျင့်နိုင်ပါတယ်..။ အဲဒီ ကျွမ်းကျင်မှုကို ရဖို့ အချိန် ကာလ အတိုင်းအတာကို တော့ ကိုယ့်ရဲ့ Capacity နဲ့ပဲ ချိန်ဆ ဖြည့်ဆည်းရတာပါ..။ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်နှစ် သင်ပြီးရင် ရပြီ ဆိုတာမျိုးမဟုတ်ပါဘူး..။ Conceptual Skill မြင့်လာလေလေ Problem Solving ဆိုတဲ့ ပြသနာ ကို ဖြေရှင်း နိုင်စွမ်း နဲ့ Decision Making Skill ဆိုတဲ့ ဆုံးဖြတ်နိုင်စွမ်း မြင့်လာလေလေ ဖြစ်ပါတယ်..။
Conceptual skill မြင့်တဲ့ ခေါင်းဆောင်နားမှာ ဝန်ထမ်းတွေ ပျော်ပါတယ်..။ သူတို့ မျက်နှာတွေ ရွှင်ပြနေတတ်ကြပြီး သူတို့အလုပ်ကို သူတို့ အကောင်းဆုံး လုပ်ကြပါတယ်..။ အဲဒါဟာ မြင်သာတဲ့ အခြေအနေပါ..။ Conceptual skill နိမ့်တဲ့ ခေါင်းဆောင် နားကို ဘယ်ဝန်ထမ်းမှ မသွားချင်ပါဘူး.။ အလုပ်ကိုလဲ တတ်နိုင်သလောက် ခိုကပ်ကြပါတယ်..။ တစ်ယောက်နဲ့ တစ်ယောက် တွက်ကပ်ကြပါတယ်..။ ခေါင်းဆောင်ရဲ့ကွယ်ရာမှာ အေးအေးလူလူ အပူအပင်မရှိပဲ နေတတ်ကြပါတယ်..။ ခေါင်းဆောင်ရဲ့ ရှေ့မှာ အလုပ်များယောင် ဆောင်ကြပါတယ်..။ တကယ်တော့ ဘာမှ မလုပ်ပါဘူး..။ အသိသာဆုံးအချက်က Conceptual Skills နိမ့်ပါးတဲ့ ခေါင်းဆောင် လက်ထက်မှာ staff turnover များတတ်ပါတယ်..။ ဦးဆောင်သူမှာ Conceptual Skill ရှိမရှိ ဆိုတာကို အသိဆုံးက သူ့ဝန်ထမ်းတွေပါပဲ..။ ဒါကြောင့်မို့ လုပ်ငန်း တစ်ခု .. အဖွဲ့အစည်း တစ်ခုကို ခေါင်းဆောင်တဲ့သူမှာ Conceptual skill ရှိ မရှိ ဆိုတာကို သူ့ပတ်ဝန်းကျင်.. သူ့လက်အောက်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ငယ်သားတွေ ဆင်ခြေဘယ်လောက် များသလဲ .. တာဝန်ဘယ်လောက်ကြေသလဲ.. ဝန်ထမ်းနုတ်ထွက်မှုဘယ်လောက်များသလဲ ဆိုတဲ့ ပေတံ တွေနဲ့ အလွယ်တကူ တိုင်းတာလို့ ရပါတယ်..။ ၂၁ ရာစုဟာ Conceptual age ဖြစ်ပါတယ်..။ ခေါင်းဆောင်မှာ Conceptual Skills အားနည်းရင် အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်း အတွက် ပြိုင်ဆိုင်ကြရာမှာ.. အခက်တွေ့နိုင်ပါတယ်...။
(မှတ်ချက်။ ။နိုင်ငံ့ဝန်ထမ်းတွေမှာ Executive Level ကို Selection Grade လို့ခေါ်ပြီး Conceptual Level ကို ပဋိဉာဉ်ခံ ဝန်ထမ်းလို့ ခေါ်ကြောင်း ဆရာကြီး ဦးကြည်မင်းမှ ဖြည့်စွက်ပေးပါတယ်..)

How to market yourself in a competitive world

၁) ဘာသာစကား (Global skills)
---------------------
သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုး သုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာတစ်မျိုးတည်းတောင် တော်တော်လုပ်နေကြရတုန်းပါ။ ကမ္ဘာသုံးဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် အဲဒီဘာသာစကားကိုကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။

၂) ကွန်ပျူတာ (Computing skill)
---------------------
Digital literacy လည်း တတ်ဖို့လိုပါတယ်။ ဖုန်းမှာ zapya သုံးပြီး ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး။ အစည်းအဝေးတွေမှာPresentation လုပ်ရင်လည်း ရှိသမျှစာတွေ ပြွတ်သိပ်ရေးထားတာ၊ power point ကို ကောင်းကောင်းမသုံးတတ်ကြတာ သတိထားမိပါတယ်။ ၀န်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်းတက်ထားကြောင်းတော့ Certificate ပေါင်းမြောက်များစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်းမသုံးတတ်ကြပါဘူး။

၃) မိမိအသိစိတ်ဖြင့် ဆောင်ရွက်တတ်ဖို့ (Initiative)
---------------------
ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ငယ်ငယ်က ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။

တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။

အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ ဆက်ပြီးရှင်သန်ချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်သိပြီး အလုပ်လုပ်တတ်ဖို့၊ မှားမှာကိုမကြောက်ဖို့ ရှေ့ဆက်ရဲဖို့ အလေ့အကျင့် တွေ မွေးယူကြရပါလိမ့်မယ်။

၎) အစီအစဉ်ဖြင့် အလုပ်လုပ်တတ်ဖို့ (Action planning)
---------------------
“Fail to plan, Plan to fail” အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ။ ဒီနေ့ခေတ်ဟာ result oriented ခေတ်ပါ။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။

ရလဒ်ထွက်အောင် လုပ်တတ်ဖို့ဆိုတာ ကိုယ်ဘာလိုချင်တာလဲ၊ ကိုယ်ဘာလုပ်ရမှာလဲ၊ ဒါတွေကို အရင်ဆုံးအစီအစဉ်ဆွဲထားဖို့ လိုပါတယ်။ ဘ၀တစ်ခုလုံးစာ ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အိပ်မက်ကြီးကြီး အရင်မက်ပါ။

ပြီးမှ အဲဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့ နောင်(၁၀)နှစ်မှာ ဘာဖြစ်ရမယ်၊ နောင်(၅)နှစ်၊ (၁)နှစ်ကနေ နောက်ဆုံး၊ မနက်ဖြန် ဘာလုပ်မယ်၊ ဘာတွေပြီးမြောက်ရမယ်ဆိုတဲ့ အစီအစဉ်မျိုးတွေဆွဲပြီး အလုပ်လုပ်တတ်ဖို့ လိုပါမယ်။ မဟုတ်ရင်တော့ ဘယ်နားကမ်းကပ်ရမှန်းမသိတဲ့လှေလို တစ်ဝဲလည်လည်နဲ့ပဲ အချိန်ကုန်သွားရပါလိမ့်မယ်။

၅) ဖြန့်ကျက်စဉ်းစားတတ်ဖို့ (Critical thinking)
---------------------
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊ ဆုံးဖြတ်တတ်ကြတယ်။ စာလည်းတအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ စဉ်းစားတတ်ကြပါတယ်။

ကျွန်တော်တို့တွေလို မြေပုံလေးထိုင်ကြည့်ပြီး စီမံချက်တွေ ဆွဲနေကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။

၆) ပရော်ဖက်ရှင်နယ် ပီသဖို့ (Professionalism)
---------------------
ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ဟာ ဆေးကုသတဲ့ပညာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနေရပါမယ်။ အမြဲမပြတ်လည်း လေ့ကျင့်နေ၊ ဆည်းပူးနေဖို့ လိုပါတယ်။ အိပ်ရေးပျက်တာ၊ ထမင်းစားပျက်တာ၊ စိတ်ဖိစီးစရာအခြေအနေတွေမှာ အလုပ်လုပ်ရတာ၊ ဒါတွေကို ညည်းညူနေလို့ မရပါဘူး။

ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ယူထားတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ရပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်လုပ်နေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကိုနောက်ပို့ထားနိုင်ဖို့ပါပဲ။

၇) စိတ်အားထက်သန်မှု ရှိဖို့ (Enthusiasm)
---------------------
ရောက်တဲ့နေရာမှာ ကျေနပ်ပြီး ရပ်မနေကြဖို့ လိုပါတယ်။ အလုပ်လေးတစ်ခု ရရင်၊ လစာလေးပုံမှန်ရနေရင် တော်ပြီဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ ရည်မှန်းချက်က ရပ်သွားတော့ ကြိုးစားအားထုတ်မှုတွေ၊ လေ့လာမှုတွေလည်း ရပ်သွားတတ်ပါတယ်။

တကယ်တော့ လူတစ်ယောက် ဘယ်ရောက်နေပြီလဲဆိုတာထက် သူဘယ်အထိရောက်အောင်သွားဖို့ သန္နိဌာန်ချထားလဲဆိုတာက သူ့အနာဂတ်ကို အဓိကအဆုံးအဖြတ်ပေးသွားမှာပါ။ တိုးတက်လိုစိတ်၊သင်ယူလိုစိတ် ပြင်းပြဖို့ လိုပါတယ်။

၈) စီမံခန့်ခွဲမှု အရည်အချင်း (Management)
---------------------
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။

စီမံခန့်ခွဲမှုအရည်အသွေး(၃)ခု ရှိပါတယ်။
~~~
Technical skill - ပစ္စည်းတစ်ခု ဘယ်လိုထုတ်လုပ်ရမယ်၊ ကားကို ဘယ်လိုပြင်ရမယ်၊ စက်ကိရိယာတွေ ဘယ်လိုအသုံးပြုလို့ရတယ် စသဖြင့် ဒီလိုလုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံတွေကို သိထားရပါတယ်။

Human skill - လူတွေနဲ့အလုပ်အတူတွဲလုပ်တတ်ဖို့၊ လှုံ့ဆော်စည်းရုံးတတ်ဖို့၊ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ ဆိုတဲ့အရည်အချင်းမျိုးတွေ ရှိဖို့လိုပါတယ်။

Conceptual skill - အဖွဲ့အစည်းရဲ့ အကျိုးအတွက် ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်တတ်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။

ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။

စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။

၉) စိတ်ဖိစီးမှုကို သည်းခံနိုင်ဖို့ (Stress tolerance)
---------------------
ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေအရမ်းများလို့ ကြောက်လန့်ြ့ပီးငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ အဲဒီ stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လိုဆရာဝန်လုပ်လို့ ရမလဲ တဲ့။

ဆရာဝန်ဘ၀ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ဆရာဝန်မှမဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ၊ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီး များလာမှာ ဖြစ်ပါတယ်။ အလုပ်နဲ့ဘ၀မှာ ဘယ်လိုအခက်အခဲတွေ စိတ်ညစ်စရာတွေပဲကြုံလာလာ၊ ဒါတွေဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီး ရအောင်ကျော်လွှားနိုင်ဖို့ လိုပါတယ်။

အခွင့်အရေးဆိုတာ စိတ်ကူးပေါက်မှ ရောက်ရောက်လာတတ်တဲ့၊ စိတ်သိပ်မရှည်တဲ့ ဧည့်သည်နဲ့တူပါတယ်။ သူ တံခါးခေါက်နေတုန်း မြန်မြန်လာဖွင့်ရင်ဖွင့်ပေး၊ မဟုတ်ရင်တော့ လှည့်ပြန်သွားတတ်ပါတယ်။ ပြီးရင် ဘယ်တော့မှ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာလည်း မသိနိုင်ပါဘူး။

ခု အဲဒီဧည့်သည်ကတော့ လာဖို့ရှိနေပြီ။ သူ့ကိုပြေးကြိုမဲ့ တခြားလူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီမို့ ကျွန်တော်တို့တွေလည်း သူ တံခါးခေါက်တာနဲ့ ဖွင့်ပေးနိုင်အောင် ခုကတည်းကတော့ ပြင်ဆင်ထားရပါလိမ့်မယ်။

Thursday, February 18, 2016

သားယောင်္ကျားလေးရှိတဲ့ မိဘတွေ ဘယ်တော့မှ မပြုလုပ်သင့်တဲ့ အကြီးမားဆုံးအမှား (၈) မျိုး

သားယောင်္ကျားလေးမွေးထားတဲ့ မိဘတွေအနေနဲ့ လုပ်ဆောင်လေ့ရှိတဲ့ အမှား (၈) မျိုးရှိပါတယ်။ အဲ့ဒါတွေကို ဖော်ပြပေးရရင်တော့
၁။ သားယောင်္ကျားလေးဟာ
စိတ်ဓာတ်မာကြောရမယ်လို့  မျှော်လင့်ထားတာမျိုးခေတ်မီပါတယ်ဆိုတဲ့ မိဘတွေတောင် ယောင်္ကျားလေးဆိုတာ ပျော်ရွှင်မှုနဲ့ ဒေါသ က လွဲလို့ ငိုကြွေးတာမျိုး၊ ၀မ်းနည်းတာမျိုး ဆိုတဲ့ ခံစားချက်မျိုး မရှိသင့်ဘူးလို့ သင်ကြား တတ်ကြပါတယ်။ ယောင်္ကျားလေးတွေရော မိန်းကလေးတွေရောမှာ လေးနက်တဲ့ စိတ်ခံစားချက်အတွေ့ အကြုံတွေ ရှိနိုင်ပြီး ကလေးတွေ ၀မ်းနည်းတဲ့အခါ ယောင်္ကျား ပီပီသသ ရင်ဆိုင်စမ်းပါကွာလို့ ပြောတာမျိုးက မဖြစ်သင့်ပါဘူး။
၂။ ယောင်္ကျားကလေးတွေဟာ ဘယ်တော့မှ သားကောင်မဖြစ်နိုင်ဘူးလို့ မှတ်ယူတာမျိုးမိဘတွေဟာ သမီးမိန်းကလေးကို ကာကွယ်မှုပေးချင်ပါတယ်။ ဒါကလည်း အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မိဘတွေသိထားရမှာက ယောင်္ကျားလေးတွေလည်း သားကောင်ဖြစ်နိုင်ပါယ်။ MaleSurvivor ရဲ့ ဒါရိုက်တာ Christopher Anderson ပြောကြားချက်အရ ယောင်္ကျားကလေး ခြောက်ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာ အလိုမတူဘဲ ထိတွေ့ ဆက်ဆံခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်များတဲ့ ပမာဏပါပဲ။
၃။ အားကစားမှာ ထူးချွန်ဖို့  ဖိအားပေးခြင်းအားကစားလုပ်တယ်ဆိုတာ မိုက်ပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ကလေးငယ်တွေဟာ ငယ်စဉ်အခါကတည်း အသင်းအဖွဲ့ နဲ့ အားကစား မျိုးမှာ ပါဝင်သင့်ပေမယ့် အားကစားမှာ ထူးချွန်ရမယ်လို့ အတင်းကြီး ဖိအားပေးတာ မျိုးကတော့ မဖြစ်သင့်ပါဘူး။
၎။ မိန်းကလေးတွေနဲ့ တွဲခုတ်ဖို့ အရွယ်ရောက်လာနေပြီလို့ မှတ်ယူထားတာမျိုးကလေးတွေကို လက်ထပ်ခြင်းနဲ့ ရည်းစားထားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြ မယ်ဆိုရင် ကျား၊မလိင်ခွဲခြားမှုမရှိတဲ့ နာမ်စားတွေနဲ့ ပြောပြပေးသင့်ပါတယ်။ဥပမာအားဖြင့် “ မင်း လက်ထပ်ပြီးရင်၊ မင်းနဲ့ မင်းဇနီးတို့ အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို့ ပြောမယ့်အစား “မင်းအရွယ်ရောက်ရင်၊ မင်းရယ် မင်းနဲ့ လက်ထပ်မယ့်လူရယ် ဆုံးဖြတ်ချက်တွေ အတူလက်တွဲပြီး ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်” လို့ ပြောပေးတာမျိုးပေါ့။ အဲဒီလိုမျိုးဆိုရင် သင့်ရဲ့ သားယောင်္ကျားလေးဟာ gay ဒါမှမဟုတ် bisexual ဖြစ်နေရင်တောင် သူ့ မိဘတွေက သူ့ ကို ယောင်္ကျားစင်စစ် ဧကန်ဖြစ်ရမယ်လို့ ပဲ မျှော်လင့်ထားတာ မဟုတ်ဘူးလို့ ခံစားရတဲ့အတွက် စိတ်သက်သာရာရနိုင်ပါတယ်။ တကယ်လို့ သူဟာ gay မဟုတ်ဘူးဆိုရင်တောင် မတူညီတဲ့ချစ်သံယောဇဉ်ရှိကြတဲ့ လူတွေကိုလည်း လက်သင့်ခံပေးတတ်နေမှာပါ။
၅။ ယောင်္ကျားလေးတွေမှာ အကြောက်တရားမရှိအောင် ပြောတာမျိုးယောင်္ကျားမှာလည်း အသည်းနဲ့ ပါ။ “ ဒီလောကမှာ ဘာမှကြောက်စရာမရှိဘူး” လို့ မပြောပဲနဲ့ သူတို့ တုန်လှုပ်နေတဲ့အကြောင်းအရာကို သင့်ကို ပြောပြဖို့ မေးမြန်းကြည့်ပါ။
၆။ ကျားအင်္ဂါနဲ့ ပတ်သက်တဲ့ ဟာသတွေ သူတို့ နားမှာ ပြောမိတာမျိုးယောင်္ကျားတွေဟာ ဗလတွေကြီးပြီး လိင်အင်္ဂါကြီးရမယ်လို့ လူထုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ဖိအားတွေက ကြီးလွန်းပါတယ်။ ဒီလို တပါးသူရဲ့ခန္ဓာကိုယ်ကို လှောင်ပြောင်တဲ့ အရာမျိုး သင့်ကလေးတွေရှေ့ မှာ ဘယ်တော့မှ မပြောမိပါစေနဲ့ ။
၈။ သားယောင်္ကျားလေးတွေ အရွယ်လေးရောက်လာတာနဲ့ ဖက်လှဲတကင်းအပြုအမူ တွေ ရပ်လိုက်တာမျိုးလူပျိုပေါက်ဝင်လာတာနဲ့ ပဲ ကျွန်တော်တို့ တွေဟာ ကိုယ့်သားလေးတွေကို ဖက်လှဲ တကင်း လုပ်တတ်တဲ့အကျင့်ကို ဖျောက်ပစ်လိုက်တတ်ကြပါတယ်။ လူသားတိုင်းအတွက် လူသားတစ်ယောက်ရဲ့အထိအတွေ့ ဆိုတာ အခြေခံ လိုအပ်ချက် တစ်ခုပါပဲ။ သူ စိတ်အားငယ်နေတဲ့အချိန်မှာ အဖေတစ်ယောက်ရဲ့ ဖက်ထားမှုကလည်း သူ့ ကို အများကြီး နှစ်သိမ့်မှုပေးနိုင်မှာပါ။တကယ်လို့ လူပျိုပေါက်ကောင်လေးကို ဖေဖေမေမေတို့ ဖက်ထားရမလားလို့ သွား လုပ်တဲ့အခါမျိုးမှာ သူက ဖယ်ထုတ်ပစ်မယ် ဆိုပါဦးစို့ ၊ သူ့ ရဲ့ နှလုံးသားထောင့် တစ်နေရာမှာတော့ သူ့ အတွက် ချစ်ခြင်းမေတ္တာ တရားလိုအပ်နေချိန်မှာ မိဘတွေက အမြဲတမ်းအဆင်သင့်ပါလားဆိုတာ ၀င်ရောက်သွားမှာပါ။

Wednesday, February 17, 2016

လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်းသို့ သွားရာ လှေခါး (၃၀)

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆိုကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ကလေးကို မစနောက်ပါနဲ့

ကလေးကို စနောက်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့ရိုးသားခြင်းကို အသုံးပြုလို့ ကလေးကြောက်အောင်၊ အမှားလုပ်အောင်၊ ငိုယိုအောင် တမင်လုပ်တာဖြစ်တယ်။ အဲဒီလိုပြုလုပ်တဲ့ ရည်ရွယ်ချက်က လူကြီးကိုပျော်ရွှင်စေပေမယ့် ကလေးတွေအတွက် ရှက်ကြောက်ခြင်း၊ ကြောင့်ကြခြင်း၊ စိတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။
ကစ်ကစ် မူကြိုတက်စအချိန်က ကျွန်မအလုပ်များတဲ့အချိန်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းပို့၊ ကျောင်းကြိုတဲ့ကိစ္စကို ကစ်ကစ်ဖေဖေက တာဝန်ယူခဲ့တယ်။ ကစ်ကစ်ဖေဖေအလုပ်လုပ်တဲ့နေရာက မူကြိုကျောင်းနဲ့နီးတယ်။ ကစ်ကစ်မူကြိုကျောင်းဆင်းချိန်မှာ သူ့ဖေဖေရဲ့ရုံးက မဆင်းသေးဘူး။ အဲဒါကြောင့် ကစ်ကစ်ကို သူ့ဖေဖေက မူကြိုမှာအရင်သွားကြိုပြီး ရုံးမှာလာထားတယ်။ ပြီးမှ အတူအိမ်ပြန်တယ်။
သူ့ရုံးမှာ အသက်(၃ဝ)ဝန်းကျင်လောက်ရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံး၊ လေးယောက်ရှိတယ်။ အားလုံးက ချစ်ချစ်ခင်ခင်နဲ့
ပျော်ပျော်နေတတ်သူတွေဖြစ်တယ်။ သူတို့ထဲကနှစ်ယောက်က ကစ်ကစ်နဲ့စကားပြောရတာကို အရမ်းကြိုက်တယ်။ ဒါပေမယ့် သူတို့က ကလေးကို ရိုးရိုးတန်းတန်း စကားပြောတာမျိုးမဟုတ်ဘဲ တိရစ္ဆာန်လေးတစ်ကောင်ကို ဆော့ကစားသလိုမျိုး ဆက်ဆံတယ်။
ဥပမာ- အရမ်းကြောက်စရာကောင်းတဲ့ရုပ်မျိုးလုပ်ပြီး ကလေးကိုပြေးပွေ့တော့မယ်ပုံမျိုးလုပ်တယ်။ ကလေးကလန့်ပြီး ပြေးပုန်းတော့ သူတို့က တဟားဟားနဲ့ ရယ်မောကြတယ်။ ဒါမှမဟုတ် သူတို့ကို “ဘိုးဘိုး”လို့ ကစ်ကစ်ကိုအခေါ်ခိုင်းတယ်။ ကစ်ကစ်က ဘာမှနားမလည်ဘဲ သူတို့ကို“ဘိုးဘိုး”လို့ခေါ်တော့ တဝါးဝါးနဲ့အော်ရယ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ကစ်ကစ်က သူတို့အားလုံးရဲ့အပြုအမူကိုကြည့်ပြီး တစ်ခုခုမှားနေပြီလို့ ခံစားမိမယ်၊ ဒါပေမယ့် ဘယ်နေရာမှားနေမှန်း သူ မသိသလို စိုးရိမ်ကြောင့်ကြစိတ်တွေဖြစ်နေမယ်ဆိုတာကို ကျွန်မခန့်မှန်းမိတယ်။ ကစ်ကစ်ကို သူတို့က “ဘိုးဘိုး”လို့ နောက်တစ်ကြိမ်ခေါ်ခိုင်းတယ်။ ကစ်ကစ်ကမခေါ်တော့ သူတို့ကစိတ်ဆိုးဟန်ပြတယ်။ ပြီးတော့ ကစ်ကစ်ကို မယဉ်ကျေးဘူးလို့ဆိုတယ်။ ကစ်ကစ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သူတို့စနောက်တယ်။ ကစ်ကစ်ကို စနောက်ကြတာကို သူ့ဖေဖေလည်း မနှစ်သက်ပါဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်ကလည်းဖြစ်ပြန်၊ ဒါဟာ အပျော်သက်သက်လုပ်တယ်လို့ထင်ပြီး သူလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတားမြစ်နိုင်ခဲ့ဘူး။
ဒီကိစ္စကို စစချင်းမှာ ကျွန်မ မသိခဲ့ဘူး။ ကစ်ကစ်ကလည်းငယ်သေးတော့ ကျွန်မကို သူခံခဲ့ရတာတွေ ပြောမပြနိုင်ခဲ့ဘူး။ ကာလအတန်ကြာမှ ကစ်ကစ်ဟာ အပြင်လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမဲ့တာ၊ စကားပြောရာမှာ အရင်လို ပွင့်ပွင့်လင်းလင်းမရှိတာ၊စကားကို ပြောချင်ပေမယ့် ရေရေရာရာမပြောနိုင်တာ၊ မျက်လုံးအကြည့်တွေက ချီတုံချတုံဖြစ်ပြီး ရှောင်လွဲတာမျိုးကို ကျွန်မသတိထားလိုက်မိတယ်။ အထူးသဖြင့် သူစိမ်းတွေနဲ့စကားပြောတဲ့အခါ ပိုသိသာပါတယ်။ ကစ်ကစ်အတွက် ကျွန်မအရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် ဒါကိုဘယ်လိုဖြေရှင်းကုသပေးရမှန်း ကျွန်မချက်ချင်းအဖြေရှာမရဖြစ်ခဲ့လို့ ကလေးအပေါ် ကျွန်မတို့ရဲ့သွန်သင်ဆုံးမမှုကို ကျွန်မတို့ပြန်ဆန်းစစ်ခဲ့ကြတယ်။ နေ့စဉ်ဘဝမှာ သူ့ကို တခြားလူတွေနဲ့ ပိုဆက်ဆံပြောဆိုစေခဲ့တယ်။ သူ့ရဲ့ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။
တစ်နေ့မှာ ဖေဖေနဲ့အတူ ကစ်ကစ်အိမ်ပြန်လာတယ်။ ကစ်ကစ်ရဲ့ပုံစံက ငိုထားပုံရလို့ ဘာဖြစ်လာတာလဲလို့ ကျွန်မမေးတော့ “ဖေဖေ့ရုံးက ဦးလေးမိုးကပြောတယ်။ ဖေဖေက သမီးကိုမယူတော့ဘူးတဲ့” ပြောရင်း ကစ်ကစ်ငိုပြန်တယ်။ ကစ်ကစ်ရဲ့ဖေဖေက သူရုံးမဆင်းခင် အစည်းအဝေးတစ်ခုတက်ခဲ့ရတယ်။ အစည်းအဝေးက သတ်မှတ်ချိန်ထက် နောက်ကျမှပြီးခဲ့လို့ ရုံးဆင်းချိန်ကျော်သွားခဲ့တယ်။ အဲဒီမှာ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကစ်ကစ်ကို “သမီးရဲ့ ဖေဖေနဲ့မေမေက သမီးကို မယူတော့ဘူး။ သမီးကို ဦးမွေးစားဖို့အတွက်ပေးလိုက်ပြီ။ ဦးမှာ သားတစ်ယောက်ရှိတယ်၊ သမီးမရှိတာနဲ့ အတော်ပဲ။ လာ… ဦးနဲ့ အိမ်ပြန်လိုက်ခဲ့ပါ”လို့ နောက်ပြီးကစ်ကစ်လက်ကိုဆွဲခေါ်သွားမယ့်ပုံစံနဲ့ နောက်တယ်။ အဲဒီမှာ ကစ်ကစ်က ကြောက်လန့်ပြီး အော်ငိုတော့တယ်။ ဒီအဖြစ်ကိုသိမှ သူတို့ရုံးကလူတွေ ကစ်ကစ်ကို အမြဲစနောက်တတ်မှန်း ကျွန်မသိရတော့တယ်။
သိသိချင်း ကျွန်မအရမ်းစိတ်တိုမိတယ်။ ယောက်ျားဖြစ်သူကိုလည်း ကလေးကို မစောင့်ရှောက်၊ မကာကွယ်တတ်သူဆိုပြီး အပြစ်ပြောမိတယ်။ စိတ်တိုတိုနဲ့ ကလေးကိုအကြိုအပို့ကိစ္စဆက်မလုပ်ဖို့ ပြောမိတယ်။ ယောက်ျားဖြစ်သူကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြုမူပုံကို မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် ဒီလိုစနောက်တာတွေကကစ်ကစ်ကိုဘာမှအကျိုးသက်ရောက်စေမှာမဟုတ်ဘူးလို့ ထင်ခဲ့လို့ ဒီကိစ္စကို ပေါ့ပေါ့တန်တန်ထားခဲ့တာဖြစ်တယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ ကျွန်မအကြိမ်ကြိမ်ဆွေးနွေးခဲ့သလို ကလေးရဲ့စိတ်ဓာတ်ရေးရာကို သူနဲ့အတူ စိတ်ဖြာလေ့လာခဲ့တယ်။ အကျိုးမသက်ရောက်နိုင်ဘူးလို့ သူထင်ထားတာတွေဟာ တကယ့်လက်တွေ့မှာဖြစ်လာတာကို သူတွေ့လိုက်ရတယ်။ ကစ်ကစ်ဟာ မကြာခဏ အိပ်နေရာကနေ ငိုရင်း လန့်နိုးလာတတ်တယ်။ ဘာအိပ်မက်များမက်လို့ ငိုရတာလဲလို့ ကစ်ကစ်ကို ကျွန်မတို့မေးတော့ ကစ်ကစ်က အိပ်မက်ထဲမှာ ဖေဖေဟာ သူ့ကိုကျောင်းမှာလာကြိုပြီး သူ့ကိုမခေါ်ဘဲ တစ်ယောက်တည်းထားပြီး ထွက်သွားကြောင်းပြောတယ်။ လူကြီးရဲ့ အမှတ်တမဲ့နောက်ပြောင်မှုတစ်ခုက ကလေးငယ်ကို ဘယ်လောက်ထိ နက်နဲကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီလဲ။
ပျော်ရွှင်ချင်လို့ အမှတ်တမဲ့နောက်ပြောင်တဲ့ အပြုအမူတစ်ခုက ကစ်ကစ်ကို ဘယ်လောက်ထိ အကျိုးသက်ရောက်စေခဲ့ကြောင်းကို တွေ့မြင်ပြီးတဲ့နောက် ကစ်ကစ်ရဲ့ဖေဖေ အရမ်းနောင်တရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကပဲ ကစ်ကစ်ကို ကြိုပို့လုပ်ခဲ့တော့တယ်။ ယောက်ျားဖြစ်သူကို မကြိုမပို့စေတော့တာကလည်း အဲဒီသူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ကစ်ကစ်နဲ့ ပေးမဆုံ၊ ပေးမတွေ့ချင်တော့လို့ဖြစ်တယ်။ ကစ်ကစ် စိတ်မချမ်းမသာဖြစ်မှာ စိုးလို့ဖြစ်တယ်။ ကစ်ကစ်ရဲ့ဖေဖေကလည်း ဒီကိစ္စကို အလေးအနက်ထားလာခဲ့တယ်။ တစ်ခါတလေ ကျွန်မအလုပ်အရမ်းများလို့ ကစ်ကစ်ကို သွားမကြိုနိုင်တဲ့အခါ သူ့ဖေဖေကသွားကြိုပြီး ရုံးမှာခဏထားတယ်။ ဒါပေမယ့် ကစ်ကစ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာကို လုံးဝခွင့်မပြုခဲ့တော့ဘူး။ ကျွန်မလည်း ကျွန်မယောက်ျားနဲ့ နှစ်ဦးသဘောတူညီမှုတစ်ခု ယူခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အမှားလုပ်မိချင်လုပ်မိပါစေ.. ကလေးအပေါ်တော့ “အမှား”မလုပ်မိဖို့ဖြစ်တယ်။ လူကြီးတွေက ကလေးကို မလိုမုန်းထားလို့ စနောက်တာမဟုတ်မှန်းသိပေမယ့် ဒီလိုစနောက်တာကို အုပ်ထိန်းသူသဘောမတူတော့ သူတို့လည်း မစနောက်ကြတော့ဘူး။ ဒီတော့ “အမှား”လုပ်မိတဲ့အရာလည်း မရှိခဲ့တော့ဘူး။
ကလေးတွေနဲ့ “ကစား”တာနဲ့ ကလေးတွေကို “နောက်ပြောင်”တာက လုံးဝမတူတဲ့အရာနှစ်ခုဖြစ်တယ်။ “ကစား”တာက ကလေးရဲ့ပျော်ရွှင်မှုကို ဦးစားပေးတဲ့အရာဖြစ်တယ်။ ကလေးရဲ့စိတ်ဝင်စားမှု၊ နှစ်လိုမှုထဲ လူကြီးရဲ့စိတ်ကို နိမ့်ချပြီး ကလေးနားလည်နိုင်တဲ့၊ လက်ခံနိုင်တဲ့နည်းနဲ့ ကလေးပျော်ရွှင်ရယ်မောအောင် ပြုလုပ်တာပဲဖြစ်တယ်။ အဲဒီလိုကစားရမှာ ကလေးစိတ်၊ ပျော်ရွှင်စိတ်၊ ရယ်မောစိတ်နဲ့ အသိဉာဏ်တွေပါဝင်ရပါတယ်။
တစ်ခါက မိခင်တစ်ဦးဟာ လျှော်ပြီးသားအိပ်ရာခင်းကို လှန်းပြီးနောက် သူ့ရဲ့၂နှစ်သမီးလေးနဲ့အတူ တူတူပုန်းတမ်းဆော့ကစားတာကို ကျွန်မတွေ့ခဲ့ရတယ်။ မိခင်ဟာ ကလေးငယ်နဲ့ လှန်းထားတဲ့အိပ်ရာခင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ယောက်ကိုတစ်ယောက်ကွယ်ပြီး ရပ်လိုက်ကြတယ်။ တူတူရေဝါးလို့ အော်လိုက်တာနဲ့ နှစ်ယောက်စလုံးက အိပ်ရာခင်းရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေခေါင်းပြူပြီး မျက်နှာချင်းဆိုင်ကြည့်ကြတယ်။ ကလေးရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း မေမေနဲ့မျက်နှာချင်းဆုံဖို
့ဖြစ်တယ်။ မိခင်ရဲ့ရည်ရွယ်ချက်က ခေါင်းပြူထွက်လိုက်တိုင်း ကလေးနဲ့မျက်နှာချင်း မဆုံမိဖို့ဖြစ်တယ်။ အဲဒီလိုနဲ့ မိခင်ဖြစ်သူက ဘယ်ဘက်ကနေ ခေါင်းပြူထွက်လိုက်တယ်။ နောက်တစ်ကြိမ်မှာလည်း ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်တယ်။ ကလေးက ဒီတစ်ကြိမ်မှာ မေမေဘယ်ဘက်ကနေ ခေါင်းပြူထွက်ရင် နောက်တစ်ကြိမ်မှာ ညာဘက်ကနေ ခေါင်းပြူထွက်လိမ့်မယ်လို့ စဉ်းစားချင့်ချိန်ပြီး ညာဘက်ကိုပြေးကြည့်တယ်။ ဒါပေမယ့် မေမေကို မတွေ့လိုက်ရဘူး။ အဲဒီလို အကြိမ်ကြိမ်လုပ်ရင်း နောက်ဆုံးမှာ မေမေနဲ့မျက်နှာချင်းဆုံလိုက်ရချိန် ကလေးက အရမ်းပျော်သွားပြီး အော်ရယ်တော့တယ်။ မေမေက ပထမတစ်ကြိမ်မှာဘယ်ဘက်ကနေ ခေါင်းပြူထွက်တယ်။ နောက်တစ်ကြိမ်မှာလဲ ဘယ်ဘက်ကနေ ခေါင်းပြူထွက်တာကို ကလေးကလည်း ခန့်မှန်းတတ်သွားတယ်၊ စဉ်းစားချင့်ချိန်တတ်သွားတယ်။ ဒါကြောင့် သူလည်း မေမေနဲ့မျက်နှာချင်းဆုံနိုင်ဖို့ဘယ်ဘက်ကနေပဲ ခေါင်းပြူထွက်ခဲ့တယ်
မေမေနဲ့မျက်နှာချင်းဆုံမိတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် သူပျော်ရွှင်မိတော့တယ်။
ကလေးကိုနောက်ပြောင်တယ်ဆိုတာ လူကြီးတွေက ကလေးရဲ့မသိတတ်ခြင်းကိုအသုံးပြုပြီး ကလေးအမှားလုပ်အောင်၊ ငိုယိုအောင်၊ ကြောက်ရွံ့အောင် တမင်လုပ်တာပဲဖြစ်တယ်။ ဒီလိုရည်ရွယ်ချက်က လူကြီးပျော်ရွှင်ပြီး ကလေးက အရှက်ရ၊ စိုးရိမ်ကြောင့်ကျမှုရနဲ့ စိတ်ပျက်အားလျော့မှုရတာမျိုး ဖြစ်စေပါတယ်။
လူကြီးတစ်ယောက်ယောက်ရဲ့လက်ထဲမှာ ကလေးကိုပေးမယ့် ပစ္စည်းတစ်ခုခုကိုင်ထားတယ် ဆိုပါစို့။ ဒါပေမယ့် လူကြီးက ကလေးကို စိတ်လိုလက်ရမပေးဘဲကလေးဆီကနေသတ်မှတ်ချက်တွေယူနေခဲ့သေးတယ်။ ကလေးကို နှစ်လိုတဲ့စကားတွေ ပြောခိုင်းတယ်။ တကယ်လို့ ကလေးကမပြောရင် ပေးမယ့်ပစ္စည်းကို ပြန်ယူသွားမယ့်ပုံစံမျိုးလုပ်တယ်။ ကလေးပြောမှ စိတ်ကျေကျေနပ်နပ်နဲ့ ပေးလိုက်တယ်။
တချို့လူကြီးတွေက ကလေးကိုခြောက်လှန့်ပြီး ပျော်ရွှင်မှုကိုယူတယ်။ ကလေးက ယောက်ျားလေးဖြစ်ရင်ကလေးငယ်ရဲ့အင်္ဂါကို ဖြတ်ထုတ်လိုက်မယ့်ပုံစံမျိုးလုပ်ပြီး ခြောက်လှန့်တယ်။ တကယ်လို့ မိန်းကလေးဖြစ်ရင် သူနှစ်သက်တဲ့ ကစားစရာအရုပ်ကို ယူသွားမယ့်ပုံစံမျိုးနဲ့ စနောက်တယ်။ အရုပ်ကိုဖွက်ထားပြီး ပစ်ထုတ်လိုက်ပြီ ဒါမှမဟုတ် တခြားလူကို
ပေးပစ်လိုက်ပြီဆိုတာမျိုးနဲ့ နောက်တယ်။ ကလေးက စိတ်လှုပ်ရှားပူပန်ပြီးငိုမှ အရုပ်ကိုထုတ်ပေးတော့တယ်။ လူကြီးတွေက ဒါကို ပျော်စရာလိုမှတ်တယ်။ ကလေးတွေက ခဏလောက်ပဲစိုးရိမ်ပူပန်တာ၊ ငိုတစ်ချက်၊ ရယ်တစ်ချက်နဲ့ ပြီးသွားတာပဲလို့ ထင်မှတ်ကြတယ်။ တကယ်တော့ ဒီလိုအပြုအမူတွေက ကလေးရဲ့စိတ်ဓာတ်ရေးရာကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒီလိုပြုမူပုံတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။
ကျွန်မတို့နိုင်ငံက နာမည်ရမျက်မှောက်ပညာရေးပါရဂူ မစ္စတာ Chen က ကလေးငယ်တွေကို ဒီလိုစနောက်၊ နောက်ပြောင်တဲ့အပြုအမူကို လုံးဝဆန့်ကျင်ကန့်ကွက်ပါတယ်။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရမယ်လို့ သူယူဆတယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချွတ်ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာ- လူကြီးက ကလေးကို လိမ်ညာတဲ့နည်းနဲ့ စနောက်မယ်၊ ကလေးငယ် စိတ်လှုပ်ရှား စိတ်သောကရောက်တာကိုကြည့်ပြီး တဟားဟားရယ်မယ်ဆိုရင် ကလေးငယ်ရဲ့စိတ်မှာ တဖြေးဖြေးနဲ့ သူတစ်ပါးကို မယုံကြည်တော့တဲ့စိတ်မျိုး၊ လိမ်ညာတတ်တဲ့စိတ်မျိုး မွေးမြူလာတတ်ပါတယ်။
ယနေ့ခေတ် မြို့ပြလူနေမှုစနစ်မှာ အထက်ကပြောသွားတဲ့ စနောက်မှုမျိုးနဲ့ ကလေးတွေကို သိပ်စနောက်တော့မယ် မထင်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့ ဆင်ခြင်တွေးခေါ်မှုကို စနောက်တဲ့နည်းကိုတော့ အများအပြားတွေ့မြင်နေရဆဲဖြစ်တယ်။ ကလေးငယ်တွေဟာ နေရာတော်တော်များများမှာ အစနောက်ခံနေရဆဲဖြစ်တယ်။ ဒီလိုစနောက်တဲ့အပြုအမူတွေက အပေါ်ယံကကြည့်ရင် ကြမ်းတမ်းမှုမရှိဘူးဆိုပေမယ့် အထက်ကပြောသွားတဲ့ စနောက်နည်းတွေနဲ့ ရိုင်းစိုင်းတာချင်းက အတူတူပဲဖြစ်တယ်။ ကလေးအပေါ် မလေးစားတာ၊ ကလေးရဲ့စိတ်ဓာတ်ကိုပျက်ပြားစေခြင်းက အတူတူပဲဖြစ်တယ်။
၂ဝဝ၈ခုနှစ် ဇန်နဝါရီလ၂ရက်နေ့ညက ပီကင်းတီဗွီလိုင်းကနေ အစီအစဉ်တစ်ခုကို ကျွန်မကြည့်ခဲ့တယ်။ အစီအစဉ်မှာ ဟေဘေမြို့ကလာတဲ့ ၅မွှာပူးကို ဖိတ်ခေါ်ထားပါတယ်။ ယောက်ျားလေး ၄ယောက် မိန်းကလေးတစ်ယောက်ပါတဲ့ ဒီ၅မွှာပူးတွေက အသက်(၄)နှစ်အရွယ် ကျန်းကျန်းမာမာကလေးတွေဖြစ်တယ်။ ၅ယောက်သား စတူဒီယိုအခန်းထဲမှာ စုဝေးနေကြတယ်။ ရန်ဖြစ်ငြင်းခုန်နေတာမျိုးလည်း မရှိဘူး။ မျက်နှာလေးတွေက ပြုံးပြုံးရွှင်ရွှင်မို့ ကျွန်မကိုဆွဲဆောင်နေခဲ့ပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားထိုင်ကြည့်နေခဲ့မိတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ပထမဆုံးမေးခွန်းက “ကလေးတို့ထဲမှာ ဘယ်သူအတိုင်အတောအထူဆုံးလဲ”ဆိုတာဖြစ်တယ်။ ဒီလိုမေးခွန်းကိုကြားတော့ ကလေးငါးယောက်လုံး တွေဝေသွားတယ်။ စစချင်းမှာ သူတို့က တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြတယ်။ နောက်တော့ တခြားတစ်ယောက်ထိုးတဲ့နောက်လိုက်ပြီး ထိုးကြတယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက်အပေါ်မှာပဲ လက်ညိုးတွေစုပြုံနေတော့တယ်။ အဲဒီကလေးက အတိုင်အတောအထူဆုံးဖြစ်သွားတယ်။ အတိုင်အတောအထူဆုံးလို့ လက်ညိုးထိုးခံရတဲ့ကလေးက နေမထိထိုင်မသာဖြစ်နေတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို မကောင်းသူတစ်ယောက်လို့ခံစားရပြီး အနေခက်နေတယ်၊ ကြောက်ရွံ့နေတယ်။
အစီအစဉ်တင်ဆက်သူရဲ့ ဒုတိယမေးခွန်းက “ဘယ်သူက တခြားလူကိုအရိုက်တတ်ဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် လက်ညိုးလျှောက်ထိုးကြပြန်တယ်။ အချင်းချင်းဖော်ထုတ်ကြတယ်။ နောက်ဆုံးမှာ လက်ညိုးတွေက တစ်ယောက်ယောက်ပေါ်မှာပဲ စုပြုံနေတော့တယ်။ အဲဒီ “အရိုက်တတ်ဆုံး” လို့ လက်ညိုးထိုးခံရတဲ့ ကလေးက ရှက်ရွံ့ကြောက်လန့်နေတော့တယ်။
တတိယမေးခွန်းကို အစီအစဉ်တင်ဆက်သူက ဆက်မေးပြန်တယ်။ ဒီတစ်ခါ မေးတဲ့မေးခွန်းက “ဖေဖေရိုက်တာကို ဘယ်သူအခံရဆုံးလဲ”ဖြစ်တယ်။ ကလေးတွေက တွေတွေဝေဝေနဲ့ လက်ညိုးတွေလျှောက်ထိုးကြပြန်တယ်။ နောက်ဆုံး လက်ညိုးအထိုးခံရတဲ့တစ်ယောက်က ဘာလုပ်လို ဘာကိုင်ရမှန်းမသိဖြစ်သွားတယ်။ မျက်နှာပေါ်မှာလဲ ပြောမပြတတ်တဲ့ ရှက်ရွံ့မှုတွေပေါ်နေခဲ့တယ်။
ကလေးငယ်တွေရဲ့အမူအရာကြောင့် အစီအစဉ်တင်ဆက်သူရော ပရိသတ်တွေပါ တဝါးဝါးပွဲကျနေကြတယ်။ မရယ်တဲ့သူတွေဆိုလို့ ဒီကလေး ၅ယောက်ပဲရှိတယ်။ သူတို့ကြားမှာရှိတဲ့ အချင်းချင်းချစ်ခင်မှုက အဆွခံလိုက်ရပြီ။ လူတွေရှေ့မှာ နာမည်ဆိုးတံဆိပ်တွေ အကပ်ခံလိုက်ရပြီ။ စင်ပေါ်တက်စကလို သူတို့ရဲ့ပုံစံတွေက ပေါ့ပါးတက်ကြွမနေကြတော့ဘူး။ သူတို့တတွေစိတ်လှုပ်ရှားနေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့ကြတယ်။
ဆက်လက်ပြီး အစီအစဉ်တင်ဆက်သူက လွယ်အိတ်လှလှလေးတစ်လုံးကို ယူလာပြီး “ဒီလွယ်အိတ်က တစ်လုံးပဲရှိတယ်။ ဘယ်သူ့ကို ပေးမလဲ”လို့ ကလေးတွေကို မေးကြတယ်။ ကလေးတွေကို ဒီလွယ်အိတ်က ဆွဲဆောင်နေတယ်။ လွယ်အိတ်ကိုကြည့်တဲ့ သူတို့ရဲ့အကြည့်ထဲမှာ လိုချင်တပ်မက်မှုတွေပါနေတယ်။ နုနုယ်တဲ့သူတို့ရဲ့ စိတ်ထဲမှာ ဒီလွယ်အိတ်ကို သူတို့လိုချင်နေကြမှာပဲ။ ဒါပေမယ့် အခုနားက နာမည်ဆိုးတံဆိပ်တွေကပ်ခံရတဲ့ အတွေ့အကြုံရှိနေတော့ ပိုကောင်းအောင် သူတို့ပြုမူချင်ကြတယ်။ စစချင်းမှာ တစ်ယောက်ယောက်ကိုပေးဖို့ သူတို့ပြောကြတယ်။ ဘယ်သူကမှ ကျွန်တော်ကျွန်မကိုပေးပါလို့ မပြောရဲကြဘူး။ နောက်ဆုံးမှာ အကြီးမကိုပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အကြီးမက လွယ်အိတ်ရတော့ ဝမ်းသာတယ်။ ကျန်တဲ့လေးယောက်ရဲ့ မျှော်လင့်ချက်မဲ့သွားတဲ့ပုံစံက သိသာမြင်သာနေတယ်။ ဒါကို အကြီးမက ချက်ချင်းနေမသိထိုင်မသာဖြစ်ပြီး အံကြိတ်ရင်း အငယ်ဆုံးမောင်လေးကို လွယ်အိတ်ကမ်းပေးလိုက်တယ်။ ဒါကတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့အရာပါ။ အစီအစဉ်တင်ဆက်သူက သူ့ကို ချီးမွမ်းစကားပြောချိန် ကလေးမ ချက်ချင်းငိုပါတယ်။ တကယ်ရှိုက်ကြီးတငင်ကို ငိုရှာပါတယ်။ တင်ဆက်သူက ဘာလို့ငိုတာလဲလို့ တအံ့တသြမေးတာကိုတောင် သူပြန်မဖြေနိုင်လောက်အောင် ငိုနေခဲ့ပါတယ်။
အဲဒီအချိန်မှာ သွက်သွက်လက်လက်ရှိတဲ့ တတိယမောင်လေးက “မကြီးက ညီငယ်ကိုအကောင်းဆုံးထင်လို့ ငိုတာပါ”လို့ ဝင်ပြောတယ်။ သူရဲ့ “ရှင်းပြချက်”က ပရိသတ်ကို တဝါးဝါးပွဲကျစေခဲ့တယ်။
အဲဒီလိုနဲ့ အစီအစဉ်က ကလေးတွေကို ငိုအောင်လည်းလုပ်ခဲ့သလို မဟုတ်မမှန်စကားတွေလည်း ဆိုစေခဲ့ပါတယ်။ ကလေးတွေရဲ့စိတ်ကိုလည်း ချောက်ချားအောင်၊ ရှုပ်ထွေးအောင် လုပ်ခဲ့ပြီးမှ အစီအစဉ်တင်ဆက်သူက နောက်ထပ်လွယ်အိတ် ၄လုံးကို ယူလာပြီး တစ်ယောက်တစ်အိတ်ဝေပေးပါတယ်။ အဲဒီအချိန်ကျမှ ကလေးတွေ ရယ်နိုင်ပါတော့တယ်။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့တင်ဆက်တဲ့ မေးခွန်းတွေနဲ့ တင်ပြမှုတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ။ တကယ်ကို မစဉ်းစားတတ်ခဲ့ပါဘူး။ ကျွန်မဆက်ကြည့်လို့ မရတော့တာနဲ့ တီဗွီကိုပိတ်ပြီး ထထွက်ခဲ့တယ်။ ဒီလိုမှမလုပ်ရင် ကျွန်မလည်း စိတ်မချမ်းမသာဖြစ်ပြီး ငိုမိတော့မယ်။
ဒီစာကိုရေးနေရင်း တရုတ်ပြည်ရဲ့ ပညာရေးပါရဂူ၊ တွေးခေါ်ပညာရှင်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ Tao Xingzhi ရဲ့ ကဗျာတစ်ပုဒ်ကို ကျွန်မသွားသတိရမိတယ်။ ဒီကဗျာလေးက အဓိပ္ပာယ်ရှိလွန်းလှတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ကြတဲ့လူကြီးတွေ ဒီကဗျာကို သေသေချာချာမှတ်သားထားသင့်ပါတယ်။
ကလေး ကလေး ငယ်တယ်လို့ လူတိုင်းပြောကြတယ်
ကလေးက လူသာငယ်ပေမယ့် စိတ်မငယ်ပါဘူး
ကလေးကို ငယ်တယ်လို့ သင်ထင်ရင်
သင်က ကလေးထက်ငယ်တဲ့သူဖြစ်တယ်။
အထူးဂရုပြုရမည့်အချက်
လူကြီးတွေက ကလေးတွေကို စနောက်ရတာ ပျော်စရာကောင်းတယ်လို့ထင်ကြတယ်။ ကလေး စိတ်မငြိမ်မသက်ဖြစ်အောင် စနောက်တာလေးပဲ၊ ငိုခဏ ရယ်ခဏနဲ့ ပြီးသွားတာပဲလို့ ထင်ကြတယ်။ တကယ်တော့ ဒီအပြုအမူတွေက ကလေးကို စိတ်ဒဏ်ရာရစေပါတယ်။ ဒီလိုအပြုအမူတွေက ကလေးတွေအတွက် ဘာပျော်ရွှင်စရာ၊ စိတ်ဝင်စားစရာမှ မကောင်းတဲ့အပြင် ကလေးတွေကို လုံခြုံစိတ်ကင်းမဲ့အောင်၊ မလေးစားရာရောက်အောင် ခံစားစေပါတယ်။ ခံစားစေပါတယ်။ ကလေးငယ်ရဲ့ မိမိကိုယ်ကိုယ်လေးစားစိတ်ကို ထိခိုက်စေပြီး လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အကြောက်တရားကို ပိုတိုးအောင်၊ တခြားလူအပေါ် မယုံကြည်ရဲအောင်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးနဲ့ ကြုံကြိုက်လာတဲ့အခါ အုပ်ထိန်းသူက ယဉ်ယဉ်ကျေးကျေးနဲ့ တားမြစ်ရပါတယ်။ ဒါဟာ ကိစ္စအသေးအမွှားမဟုတ်ပါဘူး။ ကလေးငယ်ကို ပြုစုပျိုးထောင်ရာမှာ ကိစ္စအသေးအမွှားဆိုတာ မရှိပါဘူး။ လူကြီးတွေရဲ့အကြည့်ထဲက ကိစ္စအသေးအမွှားဟာ ကလေးငယ်အနေနဲ့ပြောရရင် ကိစ္စကြီးကြီးမားမားဖြစ်နေလို့ပါပဲ။ ကလေးငယ်တွေနဲ့ ဆော့ကစားရင်လည်း ကိုယ်ကျင့်တရားပညာပေးကို လက်ကိုင်ထားရပါမယ်။ အမြဲတမ်း စနောက် နောက်ပြောင်ခံရတဲ့ ကလေးငယ်မှာ ကိုယ်ကျင့်တရားချို့ယွင်းတာတွေ ဖြစ်စေတတ်ပါတယ်။
----------------
(တရုတ်စာရေးဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းကဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။)

Tuesday, February 16, 2016

စိတ်ညစ်နေသူအတွက် နည်းကောင်း (၅)ချက်

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့
စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။ စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။
၁။စိတ်ညစ်တာ
၂။ထိတ်လန့်တာ
၃။စိုးရိမ်ကြောင့်ကြတာ
၎။အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။မရပ်လို့ကတော့ စိတ်ညစ် တာကပဲ ပတ်ချာလည်နေမှာပဲ။
အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့...
၁။တည်ငြိမ်တာ
၂။သတ္တိရှိတာ
၃။ဇွဲရှိတာ
၎။ပျော်ရွှင်တာတွေ ဖြစ်တယ်။
စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။
၁။..ပထမဆုံးနည်းတစ်နည်းက ...။
ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊
အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင်
နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာ
သဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။
ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။
ကျန်းမာရေးလည်း မထိခိုက်ဘူး။ပေါင်းသင်း ဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်
သွားတော့တယ်။အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။
စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။
ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာဖြစ်တယ်။
၂။..ဒုတိယနည်းကတော့ ...။
ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။
ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမျိုး ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ်
အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။
အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။
အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။
မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။
၃။.တတိယနည်းကတော့ ...။
ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။
ယောက်ယက်မခတ်ဘူး။
အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။
၎။..စတုတ္ထနည်းကတော့...။
(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။
(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ်မဖြစ်ပါစေနဲ့။
၅။ ပဉ္စမနည်းကတော့...။
တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာ မေတ္တာဖြင့် ပူလောင်နေတဲ့
စိတ်ကိုငြိမ်းအေးအောင်လုပ်ရမယ်...ပူလောင်နေတဲ့ စိတ်ရဲ့ထွက်ပေါက်သည်
မေတ္တာ တရားလမ်းပင်ဖြစ်ပါတယ်..လို့ ဘုရားရှင်ဟောထားပါတယ်။
ဤနည်း ၅ နည်းဖြင့် မိမိစိတ် ပူလောင်နေမှုကို ငြိမ်းအေးနိုင်ကြပါတယ်။
ဒါတွေသိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို
လျောက်လှမ်းနိုင်မှာဖြစ်ပါတယ်...။
(ဆရာတက်တိုး - သောကကင်းဝေးနေနိုင်ရေးစာအုပ်မှ)

ဘဝမှာ တန်ဖိုးထားရမယ့်အရာများ

(၁) မိသားစု

ဘယ့်တော့မှ အစားပြန်မရတော့မယ့်အထဲမှာ မိသားစုပါဝင်ပါတယ်။ သင်ကိုယ်တိုင် တည်ဆောက်ထားတဲ့ မိသားစုပဲဖြစ်ဖြစ်၊ သင့်မိဘတွေနဲ့ ဆိုင်တဲ့ မိသားစုပဲဖြစ်ဖြစ် သင့်အနေနဲ့ တန်ဖိုးထားသင့်ပါတယ်။ လူအတော်များများဟာ ကိုယ်နဲ့အရင်းနှီးဆုံး မိသားစုကို လျစ်လျူရှုပြီး တခြားသောအရာများကို အာရုံစိုက်တတ်ကြပါတယ်။ သင့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဂရုမစိုက်ဘဲ သင့်အတွက် နွေးထွေးမှုပေးမယ့် အသိုက်အမြုံလေးက မိသားစုပါပဲ။

(၂) မိတ်ဆွေကောင်းများ

သူငယ်ချင်းဆိုတာ များပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာတော့ ရှားပါတယ်။ လူတစ်ယောက်ဟာ ခင်မင်ဖို့ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းကောင်းစာရင်းထဲကိုတော့ ဝင်လာချင်မှ ဝင်လာပါလိမ့်မယ်။ မိတ်ဆွေကောင်းဆိုတာ အပြန်အလှန်သဘောဆောင်တဲ့အတွက် သင်က မိတ်ဆွေကောင်းလိုချင်ရင် သင်ကိုယ်တိုင်လည်း မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ၊ ဖေးမမှုတွေ၊ ဝေဖန်မှုတွေနဲ့ပဲ မိတ်ဆွေကောင်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုတန်ဖိုးထားရမယ့်စာရင်းထဲ ထည့်သင့်ပါတယ်။

(၃) ဘဝရည်မှန်းချက်ပန်းတိုင်

သင့်ဘဝကို ပဲ့ကိုင်ပေးမယ့် ရွက်တိုင်ကတော့ သင့်ရည်မှန်းချက် အိမ်မက်ပါပဲ။ ဒီရည်မှန်းချက်သာ မရှိခဲ့ရင် သင့်ဘဝဟာ ဟိုကူး၊ဒီကူးနဲ့ ဘယ်တော့မှ တည်ငြိမ်ရာရမှာ မဟုတ်ပါဘူး။ ဒီတော့ ရည်မှန်းချက်ဆိုတာဟာ ဘဝမှာ ရှိကိုရှိသင့်တဲ့အရာတစ်ခုပါ။ အလုပ်နဲ့ပတ်သက်တဲ့ရည်မှန်းချက်၊ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊ မိသားစုနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်၊.. စသဖြင့်ပေါ့။ ဘာကိုဖြစ်ချင်မှန်းမသိလို့ ရည်မှန်းချက်မရှိဘူးဆိုရင် ပန်းတိုင်တစ်ခုကို အချိန်မှီ တည်ဆောက်ပါ။ ပြီးရင် တန်ဖိုးထားရမယ့်စာရင်းထဲမှာထည့်ပြီး တယုတယကို တန်ဖိုးထားလိုက်ပါ။

(၄) ကိုယ်လိုချင်တဲ့အရာများ

ဒီအချက်ကိုတော့ လူအတော်များများ လိုက်နာလေ့ရှိပါတယ်။ ဒါပေမယ့် အရင်ဆုံး ကိုယ်ဘာလိုချင်လဲဆိုတာကို ရေရေရာရာ အရင်သိမှဖြစ်ပါမယ်။ ကိုယ်က ငွေကြေးကိုလိုချင်တာလား၊ ကျော်ကြားမှုလား၊ လေးစားခံရမှုတွေလား။ ဘာကိုလိုချင်လဲ သိရပါမယ်။ သူများက ငွေကိုလိုချင်လို့ ကိုယ်လည်း ငွေလိုချင်တယ်။ သူများက ကျော်ကြားချင်လို့ ကိုယ်လည်း ကျော်ကြားချင်တယ်ဆိုတာမျိုးက ကိုယ်လိုချင်တဲ့ အစစ်မှန်တစ်ခု ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

(၅) ကိုယ်ကျင့်တရား

အောင်မြင်မှုနဲ့ လိုချင်တဲ့အရာတွေကို ဖန်တီးယူတဲ့အခါမှာ တစ်ခါတစ်ရံ ကိုယ်ကျင့်တရားကိုတာကို လျစ်လျူရှုလိုက်တဲ့သူတွေ ရှိပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရားဆိုတာ သင့်ရဲ့ ပုံရိပ်ပါ။ သင်တန်ဖိုးထားရမယ့် အရေးအကြီးဆုံး အချက်တွေထဲကတစ်ခုပါ။ ကားကောင်းကောင်းစီး၊ တိုက်ကောင်းကောင်းနေရဖို့အတွက် ဘယ်တော့မှ သင့်မျက်နှာကို ဓါးနဲ့မလှီးလိုက်ပါနဲ့။ ကိုယ်ကျင့်တရားဆိုတာ တခြားသူတွေက သင့်ကိုမြင်နေရမယ့် မျက်နှာတစ်ခုလိုပါပဲ။

Rich နဲ့ Wealth ရဲ့ အဓိပ္ပါယ်

အများက“I want to be rich” ဆိုပြီးတော့ပေါ့။ ထိုလူအများက“I want to be wealthy”
လို့ မပြောကြပါဘူး။ Wealth ဆိုတဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ သင့်ဆီမှာ တစ်စုံ
တစ်ခု အမြောက်အများ (Abundance) ရှိလို့ ဘယ်အရာကမှ လာမဖျက်ဆီးနိုင်
ဘူးလို့ ဆိုတာပါ။ Rich က ကျတော့ သင့်ဆီမှာ ပိုက်ဆံအမြောက်အမြားရှိတယ်၊
ဒါပေမဲ့ အဲဒါတွေကို (Wealth အဖြစ်မပြောင်းနိုင်ရင်) သုံးရင်းနဲ့ ကုန်သွားမှာပါတဲ့။

Wealthy မဖြစ်စေတဲ့ အမှား ၈ ခုရှိပါတယ်။ ထိုအမှားများကိုရှောင်နိုင်ပါစေ။

၁။ လွတ်လပ်မှု (freedom) ကို မရှာဘဲ သာယာမှု (Comfort) ကိုသာရှာခြင်း။
လူလတ်တန်းစားတွေဟာသာယာမှုဇုန် (Comfort Zone) ထဲမှာပဲနေနေကြပါတယ်။
အဲဒီ သာယာမှုဇုန်ဆိုတာကပဲ သူတို့ ချမ်းသာလာမှာကို ဟန့်တားတာပါ။ ကြွယ်ဝချမ်း
သာတဲ့သူတွေကျတော့ Comfort ဆိုတာထက် Freedom ကို သာ ရှာဖွေကြပါတယ်။
ခေတ္တခဏသာယာခြင်းကို အာရုံစိုက်ဦးစားမပေးဘဲ သည်းခံရှာဖွေစုဆောင်းလိုက်ပါ။

၂။ ဖြန့်ကျက်ရင်းနှီး မြှုပ်နှံခြင်း (Diversification)။
ဖြန့်ကျက်ရင်းနှီးခြင်းဟာ လူအတွေ အတွက်ပဲလို့ ဘီလျံနာ မာ့ခ်ကူဘင်းက ဆိုပါတယ်။
ဝေါ့စထရိက သူ့ရဲ့အကျိုးစီးပွားအတွက် Diversification ကို လူတွေလိုက်လုပ်အောင်
မြူဆွယ်ခဲ့တာမှာ အလွန်အောင်မြင်တယ်လို့ ဆိုရမှာပဲ။ ဖြန့်ကျက် ရင်းနှီးမြှုပ်နှံမှုဆိုတာ
ကိုယ့်ငွေရင်းတွေကို ဟိုတစ ဒီတစ ခွဲဝေထည့်ထားပြီး လုပ်ငန်းများစွာကို တပြိုင်နက်
တည်းလုပ်ခြင်းပါ။ အန်ထရူးကာနက်ချီကတော့ကြက်ဥတွေကို တောင်းတလုံးထဲထည့်
ပါ၊ ပြီးရင်တော့သေချာဂရုစိုက်ပါ၊ လို့ဆိုခဲ့ပါတယ်။ အချို့တွေကတော့ တောင်းတလုံးထဲ
မှာကြက်ဥအားလုံးမထည့်သင့်ဘူးလို့ဆိုကြပါတယ်။စွန့်စားမှုများလွန်းတာမကောင်းပါ။

၃။ ၀င်ငွေရလမ်းတစ်ခုတည်းအပေါ်မှာပဲ ရပ်မနေပါနဲ့။
ကျွန်ုပ်နဲ့အသိ အမှုဆောင်အရာရှိ အမျိုးသမီးဟာ တနှစ်ကို ဒေါ်လာ သုံးသိန်းခွဲ ၀င်ငွေ
ရှိပါတယ်။ ဒါဟာ တကယ့်ထိပ်တန်း အမှုဆောင်အရာရှိ တစ်ရာခိုင်နှုန်းလောက်ကပဲ
ရတဲ့ ၀င်ငွေပါ။ ဒါပေမဲ့ သူ့ရဲ့ ကုမ္ပဏီဟာ များမကြာမီမှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပါ
တယ်။ သူလဲပဲ ၀င်ငွေမဲ့အဖြစ် တမဟုတ်ချင်း ရောက်သွားပါတော့တယ်။ ဒါကြောင့်
ချမ်းသာကြွယ်ဝမှုကို လိုချင်ရင်တော့ သင့်ရဲ့ အဓိက၀င်ငွေရလမ်းတခုထဲကို မူမတည်
ဘဲဝင်ငွေရနိုင်မယ့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လိုလာပါပြီ။ ဒါဟာ Diversification နဲ့
ခြားနားပါတယ်။ ဥပမာအားဖြင့် – တိုက်ခန်းငှားထားတာမျိုး၊ ဒါမှမဟုတ် မိတ်ဖက်ပါတ
နာအနေနဲ့ ငွေကြေးထည့်ဝင်ထားတာမျိုးပါ။ အဲလိုအလုပ်မျိုးတွေက သင့်ကိုယ်တိုင် အ
လုပ်မလုပ်ရဘဲ ၀င်ငွေ ရနေစေမှာဖြစ်လို့ ၀င်ငွေအားဖြည့်ခြင်း (Fortification) လို့ ခေါ်
ဆိုရမှာဖြစ်ပါတယ်။အဲဒါဆိုရင် တော်ရုံနဲ့ ဒုက္ခမရောက်ပါ။

၎။ မိမိကိုယ်ကိုတခြားသူများနဲ့ နှိုင်းယှဉ်ခြင်း။
လူအများဟာ ကိုယ့်ကိုယ်ကိုဖြေသိမ့်ဖို့အတွက် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပါ
တယ်။ စဉ်းစားကြည့်ပါ။ အဲဒီလို နှိုင်းယှဉ်နေရုံနဲ့ သင်ဝင်ငွေတွေ ရလာပါ့မလား။မနှိုင်း
ယှဉ်သင့်ဘဲကိုယ့်ကိုလိုက်နှိုင်းယှဉ်နေသူတွေလည်းဝင်ငွေရနိုင်ကြပါမလား။အချိန်ကုန်
လူပင်ပန်းရုံဘဲရှိပြီးယှဉ်ပြိုင်ရင်းဘ၀အားလုံးအချိန်ကုန်လေလွင့်ဆုံးရှုံးကုန်ကြပါလိမ့်မယ်။

၅။ ခဏခဏ အသစ်ပေါ်နေတတ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း။
နောက်ဆုံးပေါ် နည်းပညာသုံးပစ္စည်းများဟာ အရှိန်အဟုန်မြင့်စွာ ပြောင်းလဲတိုးတက်
နေတာကြောင့် အဲလိုနေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံတာကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
ကမာ့္ဘအချမ်းသာဆုံးတစ်ဦးဖြစ်တဲ့ ၀ါရင်းဘတ်ဖက်ဆိုရင်လျှပ်စစ်၊မီးရထား၊ဘဏ်၊အာ
မခံ၊ ဖျော်ရည်လုပ်ငန်း၊ အစားအစာနဲ့ သကြားလုံးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာ
တွေ့ရပါတယ်။ ချမ်းသာသူများဘယ်လိုရင်းနှီးမြုပ်နှံလည်းဆိုတာကို စူးစမ်းလေ့လာပါ။

၆။ သက်သေသာဓကမရှိဘဲနဲ့ အယုံလွယ်ခြင်း။
ကျွန်ုပ်ယုံကြည်ခဲ့မိပြီး မှန်မယ်ထင်စွန့်စားရတဲ့လုပ်ငန်းမှာလူတစ်စုရဲ့အလိမ်အညာ
ကို ခံခဲ့ရဖူးပါတယ်။ မီလျံနဲ့ ချီတဲ့ ငွေတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဒါကြောင့်သင့်
ရဲ့အပေါ်ယံထင်မြင်မှုတွေကို လျစ်လျူရှု့ပြီး လေးစားနိုင်စွမ်းရှိတဲ့သက်သေတွေနဲ့ မှန်
ကန်စွာ အလုပ်လုပ်ပါ။ သက်သေနဲ့အလုပ်လုပ်ဖို့မ၀ံ့မရဲဖြစ်နေတဲ့လူတွေနဲ့ဆိုရင်ဘ
အလုပ်မှတွဲမလုပ်ပါနဲ့။

၇။ ပိုက်ဆံကို ခြစ်ကုတ်စုဆောင်းနေခြင်း။
ပိုက်ဆံစုနေယုံနဲ့တော့ သင်ကြွယ်ဝချမ်းသာလာမှာ မဟုတ်ပါဘူး။ ဘဏ်ကပေးတဲ့
အတိုးနှုန်းဆိုတာက ငွေကြေးဖောင်းပွမှုကို ကာမိယုံလေးပါ။ အဲဒီထက် နည်းနည်း
လေးပွားဖို့ကို ဆယ်စုနှစ်တစ်ခုလောက်တောင် အချိန်ယူရပါဦးမယ်။ နောက်ဆုံးမှာ
ငွေစုတယ်ဆိုတာအရေးပေါ်တစ်ခုခုပေါ်လာရင်ထုတ်သုံးဖို့ဘဲဖြစ်သွားတတ်ပါတယ်။

၈။ ဟန်ပြသုံးစွဲပြခြင်း။
လူတချို့ရှိပါတယ်။ ကိုယ့်မှာ ဘာမှလဲ မရှိဘဲနဲ့ တခြားလူအထင်ကြီးအောင် ဟန်ပြ
သုံးစွဲပြကြပါတယ်။ နာမည်ကြီး Brand တွေဝယ်သုံးမယ်၊ စားသောက်ဆိုင်ကောင်း
ကောင်းတွေမှာ သုံးစွဲပြပါလိမ့်မယ်။ အဲလိုလူတွေဟာ အကြွေးတွေ လည်ပင်းထိနစ်
ပြီး နောက်ဆုံးတော့မရှူနိုင်မကယ်နိုင် ဖြစ်ကြမှာပါ။ ကြွယ်ဝချမ်းသာလာမဲ့သူတွေက
တခြားလူအများ အထင်ကြီးဖို့ သုံးပြလေ့မရှိကြပါ။ကိုယ်ပိုင်လွတ်လပ်မှုအတွက်သာ
ချင့်ချိန်သုံးစွဲလေ့ရှိပါတယ်။ ဘီလျံနာကြီးတွေက လေယာဉ်တွေ၊ အပန်းဖြေအိမ်တွေ၊
ဇိမ်ခံသင်္ဘောတွေဝယ်တာ၊ စတာတွေ ကြားဖူးကြမှာပါ။ သူတို့ သုံးစွဲတယ်ဆိုတာသူ
တို့ရှာထားတာရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေပါ။ အားကျရုံနဲ့လိုက်မတုပါနဲ့။

ဒါဆို ဘယ်ဟာတွေက သင့်ကြွယ်ဝမှုကို ဟန့်တားနေတာလဲဆိုတဲ့ အချက် ၈ ချက်ကို
ဖော်ပြပြီးပါပြီ။ ငွေကြေးဆိုတာကသင့်ကို ပျော်ရွှင်စေနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင်
ရွေးချယ်လိုက်တဲ့ အရာတိုင်းအတွက် တစ်ခုခုကို ပေးရစမြဲမို့ ချမ်းသာကြွယ်ဝမှုကသင့်
အတွက် ရွေးချယ်စရာတွေ များစွာ ဖန်တီးပေးဖို့ပေးနိုင်အားရှိရုံပါဘဲ။ ရွေးချယ်စရာများ
ပြားလာတာနဲ့အမျှ သင် လွတ်လပ်မှု (Freedom) ကိုရရှိလာနိုင်မယ်ဖြစ်တာကြောင့်
Rich ဖြစ်ရုံဖြစ်မဲ့အစား ဘယ်သောအခါမှကုန်မသွားနိုင်တော့မဲ့ Wealthy ဖြစ်ပါစေ။

သင် အတုယူနိုင်တဲ့ အောင်မြင်သူတို့ရဲ့ ကျင့်ထုံးများ

(၁) အာရုံစူးစိုက်မှု (Focus)

သင့်အနေနဲ့ အာရုံတွေ ပြန့်လွင့်နေမယ်ဆိုရင် သင့်ရဲ့လုပ်ဆောင်ချက်တွေဟာ အကောင်းဆုံးအနေအထားမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုကို
လုပ်တော့မယ်ဆိုရင် အတွေးတွေမများပဲ အကောင်းဆုံး အာရုံစူးစိုက်နိုင်ဖို့ လိုပါတယ်။ ဒီအချက်က သိပ်မခက်ပေမယ့် လူတော်တော်များများဟာ အကြောင်း
အမျိုးမျိုးကြောင့် ဗျာများနေလေ့ရှိပါတယ်။ ဒါကိုသာ သတိထားပြင်နိုင်ရင် သင့်လုပ်ဆောင်ချက်တွေ တိုးတက်လာမှာပါ။

(၂) စိတ်အားထက်သန်မှု (Passionate)

ဝတ်ကျေတန်းကျေလုပ်တဲ့ အလုပ်တစ်ခုနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်တဲ့အလုပ်တစ်ခုဟာ ပြောစရာမလိုအောင် ကွာပါတယ်။ စိတ်အားထက်သန်မှု
တစ်ခုဖြစ်ဖို့ဆိုရင် တွန်အား (motivation) တစ်ခုလိုပါတယ်။ ဒါဟာ ဖိအား (pressure) နဲ့ မတူပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်၊ ကိုယ့်အတွက် စိန်ခေါ်မှု
တွေရှိတဲ့အလုပ်၊ ကိုယ့်အတွက် အနာဂတ်ရှိတယ်လို့ ခံစားရတဲ့အလုပ်တွေက ကိုယ့်ကို တွန်းအားတစ်ခုဖြစ်စေပါတယ်။

(၃) ကြိုးစားမှု (Work Hard)

မကြိုးစားဘဲ အောင်မြင်သွားတဲ့သူဆိုတာ မရှိပါဘူး။ အောင်မြင်မှုတိုင်းမှာ လုံလောက်တဲ့ အားထုတ်မှုတစ်ခုလိုအပ်စမြဲပါ။ အခုလက်ရှိမှာ မအောင်မြင်နိုင်သေး
ဖူးဆိုရင် ကိုယ့်ရဲ့အားထုတ်မှုဟာ မလုံလောက်သေးဖူးလို့သာ မှတ်ယူထားပါ။ ဒါပေမယ့် ကြိုးစားမှုကိုတော့ ဘယ်တော့မှ မလျော့ပစ်လိုက်ပါနဲ့။

(၄) တိုးတက်ခြင်း (Improving)

လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ထိပ်တန်းအောင်မြင်သွားတယ်၊ သင်စရာမရှိတော့လောက်အောင် ဆိုတာ မရှိပါဘူး။ အရမ်းတိုးတက်တဲ့ နည်းပညာမှာ
တောင် စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှာဖွေနေရပါတယ်။ ဒီလိုပဲ ကိုယ့်ရဲ့တိုးတက်မှုတွေကို ရပ်တန့်ပစ်လိုက်လို့မရပါဘူး။ တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး
ကိုယ့်ရဲ့ တိုးတက်ခြင်း လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြုပ်နှံနိုင်ပါတယ်

(၅) အချိန်ကို အသုံးချခြင်း (Time Spending)

ဆင်းရဲတဲ့သူရော၊ အောင်မြင်တဲ့သူရောမှာ သာတူညီမျှပိုင်ဆိုင်ခွင့်ဆိုလို့ ၂၄နာရီ ဆိုတဲ့ အချိန်ပဲရှိပါတယ်။ ဒီအချိန်ကို အသုံးချပုံကွဲပြားခြင်းကပဲ မတူညီတဲ့ အနာ
ဂတ်တွေကို ဖြစ်ပေါ်လာစေပါတော့တယ်။

(၆) ပိုလုပ်ပါ (Go Beyound limit)

ဒီနေ့ တစ်နာရီစာဖတ်မယ်လို့ စိတ်ကူးရင် ငါးမိနစ်ပိုဖတ်လိုက်ပါ။ မနက် ၅ နာရီထမယ်ဆိုရင် ငါးမိနစ်စောထလိုက်ပါ။ နည်းနည်းချင်းဆီပိုလုပ်တဲ့အကျင့်က ရေ
ရှည်မှာကျရင် သင့်ကို မထင်ထားလောက်အောင် အကျိုးများစေပါလိမ့်မယ်။

(၇) ပေါင်းသင်းဆက်ဆံရေး (Build Relationships)

အောင်မြင်ရေးရဲ့ အရေးကြီးတဲ့သော့ချက်နောက်တစ်ခုက ပေါင်းသင်းဆက်ဆံရေးပါပဲ။ လူများများကိုပေါင်းနိုင်လေလေ၊ ကိုယ့်အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်း
များလေလေပါပဲ။ ဒီလိုပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုရင် လူတွေအပေါ်ထားတဲ့ သင့်အမြင်ကို အရင်ဆုံးပြောင်းလဲပစ်ရပါမယ်။ လူတွေကို မကောင်းမြင်လို့ မရပါဘူး။ သင်သိထားရမှာက အခွင့်အရေး၊ သင်ယူစရာတွေနဲ့ ဗဟုသုတ အများစုက လူတွေဆီက မြစ်ဖျားခံလာတယ်ဆိုတာပါပဲ။

ကိုယ်ရေးကိုယ်တာငွေရေးကြေးရေး စည်းမျဉ်းအချို့"

(ကိုယ်ရေးကိုယ်တာငွေရေးကြေးရေး (Personal Finance) အကြောင်းကို မြန်မာပြည်မှာ ရေးသားဖော်ပြတာ သိပ်မတွေ့ရဘူး။ အခြားနိုင်ငံတွေမှာတော့ Personal Finance အကြောင်းကို စာနယ်ဇင်းတွေမှာ အတော်လေးရေးသားဖော်ပြကြပါတယ်။ ငွေရေးကြေးရေးဆိုတာ လူ့ဘဝမှာ အတော်ကြီးအရေးပါတဲ့အတွက် personal finance ကိုပိုင်မှ လူ့ဘဝဟာ အဆင်ပြေမယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် အသုံးတည့်နိုင်မယ့် Personal Finance စည်းမျဉ်းတချို့ကို ဖော်ပြလိုက်ပါတယ်။)

(၁) ဝင်ငွေထက် ထွက်ငွေနည်းပါစေ

ကိုယ်ရေးကိုတာငွေရေးကြေးရေးမှာ ဒါက အခြေခံအကျဆုံး စည်းမျဉ်းပါ။ ဒီစည်းမျဉ်းကို မလိုက်နာနိုင်လို့ ဒုက္ခရောက်ရသူတွေ မနည်းပါ။ ဝင်ငွေထက် သုံးငွေကများလို့ လစာဒေါ်လာသောင်းချီရသည့်တိုင် ကြွေးထူပြီး လူမွဲစာရင်းခံလိုက်ရသူတွေ ရှိနေပါတယ်။ ဝင်ငွေထက် ထွက်ငွေနည်းအောင် နေတယ်ဆိုတာ အလေ့အကျင့်နဲ့ ဆိုင်ပါတယ်။ လစာ ဒေါ်လာ ၂,၀၀၀ ရတဲ့အချိန်မှာ တပြားမှမစုမိသူဟာ လစာဒေါ်လာ ၂၀,၀၀၀ ရတဲ့အချိန်မှာလည်း တပြားမှ မစုမိဖို့များပါတယ်။
တကယ်က ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာထက် ဘယ်လောက်စုမိသလဲဆိုတာက အများကြီးပိုအရေးကြီးပါတယ်။ စုသင့်သလောက်ကို လစဉ်စုတဲ့ အကျင့်လုပ်ထားရပါမယ်။ ဝင်ငွေ ဘယ်လောက်နည်းနည်း ၅%, ၁၀% လောက်တော့ လူတိုင်းစုနိုင်သင့်ပါတယ်။ ပထမအချက်က စုဆောင်းမိဖို့ပါ။ ဒုတိယအချက်က စုဆောင်းမိတာကို ရေရှည်တိုးပွားအောင် ရင်းနှီးမြုပ်နှံဖို့ပါ။ ဒါမှ ငွေရေးကြေးရေးအရ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ရပါမယ်။ ဝင်ငွေမရှိတော့တဲ့အချိန်၊ နာမကျန်းဖြစ်ချိန်၊ ပင်စင်ယူချိန်တွေမှာ မကြောင့်မကျ နေနိုင်ပါမယ်။

(၂) နောင်ခါလာ နောင်ခါဈေးလို့ ဘယ်တော့မှ မတွက်ပါနဲ့

"ရှိ, ပူရသေး၊ ကုန်မှ အေး" ဆိုတာ အလွန်လွှဲမှားတဲ့ အတွေးပါ။ အခုချိန်မှာ အသုံးမှား၊ အသုံးလွန်တာတွေကို နောင်အနာဂတ်မှ အဖတ်ပြန်ဆယ်မယ်လို့ သဘောထားရင် နောင်တအကြီးကြီးရနိုင်စရာရှိပါတယ်။ နောင်အနာဂတ်မှာ ဝင်ငွေတိုးလာမယ်လို့ ဘယ်သူမှ သေချာပေါက်မပြောနိုင်ပါ။ ဝင်ငွေတိုးလာသည့်တိုင် ကုန်ကျစရာတွေ များလာမှာ ရှိပါသေးတယ်။ အိမ်ဝယ်ရမှာ၊ သားသမီးကို တက္ကသိုလ်ပို့ရမှာ၊ ကျန်းမာရေးစရိတ်သုံးရမှာ စတာတွေပါ။

(၃) အတိုးမြင့်အကြွေးတွေကို အမြန်ဆုံးဆပ်ပါ

အကြွေးတွေရှိရင် အတိုးနှုန်းအမြင့်ဆုံး အကြွေး (ဥပမာ၊ ခရက်ဒစ်ကတ်အကြွေးကို) အရင်ဆုံးစဆပ်ပါ။

(၄) အရေးပေါ်ရန်ပုံငွေ အဆင်သင့်ပြင်ထားပါ

လက်ထဲမှာ (သို့မဟုတ်) ဘဏ်ထဲမှာ ခြောက်လစာလောက်အသုံးစရိတ် အဆင်သင့်ရှိထားသင့်ပါတယ်။ ဘဝမှာ ကြုံ့လာတဲ့အခက်အခဲ တော်တော်များများကို ငွေက ရှင်းပေးနိုင်ပါတယ်။ ဥပမာ၊ ရုတ်တရက် ဆေးရုံတက်ဖို့လိုလာတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါမျိုးမှာ အရေးပေါ်ရံပုံငွေ အဆင်သင့်ရှိနေမှ စိတ်လုံခြုံစွာ ရင်ဆိုင်ကျော်လွှားနိုင်ပါမယ်။

(၅) လစဉ်အသုံးစရိတ် ရေးဆွဲပါ

လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ပါ။ အစားအသောက်အတွက်က ဘယ်လောက်၊ ဖျော်ဖြေရေးအတွက်က ဘယ်လောက်၊ ရေမီးဖုန်းအတွက်က ဘယ်လောက်၊ သွားလာစရိတ်က ဘယ်လောက်ကုန်တယ်ဆိုတာ ဆန်းစစ်ပါ။ ဘာက တကယ်ကုန်သင့်လို့ ကုန်တာ၊ ဘာက မကုန်သင့်ဘဲကုန်တာ၊ ဘာက မသုံးလည်း ရတယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။ တကယ်မလိုအပ်ဘဲ သုံးမိနေတာတွေကို လျှော့ပါ။ ရှောင်ပါ။

(၆) ကားဝယ်တဲ့အခါ ပြုပြင်ထိမ်းသိမ်းစရိတ်နည်းမှုနဲ့ ဆီးစားသက်သာမှုကို
အဓိကထားပါ

ဆင်ဖိုးထက် ချွန်းဖိုးကြီးတတ်ပါတယ်။ ကားပြုပြင်ထိမ်းသိမ်းစရိတ်နဲ့ ဆီဖိုးက ရေရှည်မှာ ကားဖိုးထက် အဆမတန်ကြီးသွားနိုင်တာကို သတိပြုရပါမယ်။

(၇) အကုန်အကျမများတဲ့ ဝါသနာတွေကို မွေးမြူပါ

ဥပမာအားဖြင့် ဂေါက်ရိုက်တာဟာ အကုန်အကျများတဲ့ ဝါသနာတခုဖြစ်ပါတယ်။ ဂေါက်သီး၊ ဂေါက်တံ၊ ဂေါက်ကွင်းခ စသဖြင့် အမြဲတမ်းကုန်ကျစရိတ် ရှိပါတယ်။ စာဖတ်၊ သီချင်းနားထောင်၊ ဂစ်တာတီး၊ လမ်းလျှောက် စတာတွေကတော့ အကုန်အကျမများတဲ့ ဝါသနာတွေလို့ ဆိုရပါမယ်။

(၈) သူများ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာ မစိုးရိမ်ပါနဲ့

ကားဝယ်တဲ့အခါ၊ အဝတ်အစားဝယ်တဲ့အခါ၊ ဟန်းဖုန်းဝယ်တဲ့အခါ သူများအထင်ကြီးအောင် မဝယ်ပါနဲ့။ အဲဒါတွေကို ဘယ်သူမှ တကယ်အထင်မကြီးပါဘူး။ ခင်ဗျား ဘယ်လိုလူစားလဲ၊ ဘယ်လောက်စိတ်ကောင်းနှလုံးကောင်းရှိသလဲ၊ ဘယ်လောက်စိတ်ကူးစိတ်သန်း ကောင်းသလဲ။ ဘယ်လောက်ပေါင်းလို့သင်းလို့ကောင်းသလဲဆိုတာကိုပဲ လူတွေက စိတ်ဝင်စားတာပါ။ မဆိုင်တာတွေအတွက် ငွေတပြားမှ အပိုအကုန်မခံပါနဲ့။

(၉) ဘယ်တော့မှ ထီမထိုးနဲ့

ဘယ်ထီပဲဖြစ်ဖြစ် ထီရောင်းတာဟာ အမြတ်ရဖို့ရောင်းတာပါ။ ထီရောင်းရငွေ ၁၀၀ ရှိရင် ဆုကြေးငွေက ၆၀ လောက်ပဲ ရှိပါတယ်။ ထီတခါထိုးတိုင်း ၄၀% ရှုံးတဲ့သဘောပါ။ နှစ်လုံးထီ၊ သုံးလုံးထီတွေ ထိုးလို့ သူဌေးဖြစ်သွားသူ မရှိပါ။ ငွေရှုံး၊ အလုပ်ပျက်၊ အိမ်ထောင်ပျက်၊ ထောင်ကျသွားသူတွေကတော့ မနည်းပါဘူး။ ကာစီနိုနဲ့ အခြားလောင်းကစားတွေကိုလည်း ဝေးဝေးကသာ ရှောင်ပါ။

(၁၀) အရက်၊ ဆေးလိပ်၊ ဆိုဒါ၊ ကော်ဖီ လျှော့ပါ

ဒီကောင်တွေဟာ အာဟာရတန်ဖိုးလည်း မရှိ၊ ကျန်းမာရေးကိုလည်း ထိခိုက်၊ ငွေကုန်ကြေးကျလည်းများပြီး စွဲလမ်းစေတတ်တဲ့အတွက် ရှောင်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့ပါ။

"အောင်မြင်ဖို့ အတွက် အချက် ၈ချက်"

ဒီတခါတော့ Richard St. John ရဲ့TED Talk မှာ သူ ဟောပြောခဲ့တဲ့ ”အောင်မြင်ဖို့ အတွက် အချက် ၈ချက်” ကို အကျဉ်းခြုံး ဝေမျှလိုက်ပါတယ်။
သူဟာ အောင်မြင်မှု တွေအကြောင်း နှစ်ပေါင်းများစွာ သုတေသန လုပ်ခဲ့သူဖြစ်တယ်။ သူက အောင်မြင်သူတွေမှာ တွေ့ ရလေ့ရှိတဲ့  အချက်၈ ခု ကို ဖော်ထုတ်ခဲ့ ပြီး သူ့ရဲ့  “8 To Be Great” ဆိုတဲ့ စာအုပ်ဟာ ရောင်းအကောင်းဆုံး Best seller ဖြစ်ခဲ့တယ်။ ဒါကို ဖတ်ပြီး အတွေးကောင်းတခုခု ရကြပါစေ။
“ကျွန်တော့် အနေနဲ့ လွန်ခဲ့တဲ့ ၇နှစ်အတွင်း အောင်မြင်သူတွေနဲ့  အင်တာဗျူး ၅၀၀ လုပ် ခဲ့ပါတယ်။ အဲဒီ မှာတွေ့ ရတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဘာလုပ်ရင် သေချာပေါက်အောင်မြင်လိမ့်မယ် ဆိုတာ ကိုပြောပြမှာပါ...

၁။ Passion (ကိုယ်စိတ်ဝင်စားတာ၊ကိုယ်ဝါသနာပါတာ လုပ်ပါ) ပထမဆုံး အချက်ကတော့ ဝါသနာပဲ။ Freeman Thomas ကပြောတယ်.."ကျွန်တော်ကို ကျနော့် ဝါသနာကပဲ တွန်းအားပေး မောင်းနှင်ပါတယ် ..တဲ့။" အလုပ်ကို ၀ါသနာပါလို့  လုပ်ပါ။ ငွေကြောင့်တော့ မလုပ်ပါနဲ့ တဲ့ ။ Carol Coletta ကလဲ ပြောတယ် “စိတ်ဝင်စားစရာ ကောင်းတာကတော့ ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုးလုပ်ပေးရင် ပိုက်ဆံရမှာပဲ။ ကြိုးစားလုပ်ပါ.တဲ့။

၂။ Work (ကြိုးကြိုးစားစား လုပ်ပါ) Rupert Murdoch က ကျွန်တော့်ကိုပြောဖူးတယ် "အလုပ်ဆိုတာကတော့  ပင်ပန်းတာပေါ့ ဗျာ။လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး မဟုတ်လား။ ဒါပေမဲ့ အရမ်းပျော်စရာကောင်းပါတယ် ..တဲ့။

၃။Good/Improve (ကောင်းသထက်ကောင်းအောင်လုပ်ပါ) Alex Garden ကပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊ ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။ ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ..တဲ့။

၎။ Focus (အာရုံစူးစိုက်ပါ) Norman Jewison က ကျွန်တော့်ကိုပြောဖူးတယ်၊ "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး..လို့ ထင်ပါတယ်..တဲ့။တကယ်အရေးကြီးပါတယ်ဗျာ။

၅။Push (တွန်းပေးပါ) David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။ ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။ ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်..တဲ့ ။ တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ သိပ်တော့ လွယ်လှတာမဟုတ်ဘူးမလား။ အဲဒါကြောင့် မိခင်တွေကို တီထွင်ပေးခဲ့တယ်ထင်ပါရဲ့  (ရယ်သံများ)။ Frank Gehry ကျွန်တော့်ကိုပြောဖူး တာကတော့ "ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ တွန်းခဲ့တာပေါ့ "..တဲ့။

၆။ Serve (အကျိုးဆောင်ရမယ်) တခါတုန်းက ကျနော်ကို ကလေးတွေက သူတို့ သန်းကြွယ် သူဌေးဖြစ်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်က သူတို့ကို "ကဲ..ကောင်းပြီ၊ အခုတော့ မင်းတို့ ကိုယ့်အကျိုးကိုတောင် မဆောင်နိုင်ကြသေးပေမယ့် နောက်မှာ သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်တယ်..လို့ ။

၇။ Idea (စိတ်ကူးအကြံများ ထုတ်ပါ) Bill Gates ကပြောတယ်.. "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ်။ အဲဒါက ပထမဦးဆုံး Micro-computer software ကုမ္ပဏီ ကို တည်ထောင်ဖို့ပါ။" အတော့်ကိုကောင်းတဲ့ စိတ်ကူး ပါ။ တကယ်တော့ တီတီထွင်ထွင် လုပ် နိုင်ဖို့ အကြံဥာဏ်ကောင်း ရှာကြံတယ်ဆိုတာ သိပ်မှော်ဆန်တဲ့  အရာတော့  မဟုတ်ဘူးလေ။

၈။Persist (ဇွဲ ရှိရမယ်) Joe Kraus ပြောတာကတော့"မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ အောင်မြင်မှု အတွက် အရေးကြီးဆုံးပေါ့ ဗျာ.တဲ့ ။ မအောင်မြင်မှုတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်။ စိတ်ညစ်စရာဆိုတာတွေကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက်ပေးတဲ့ လူတွေနဲ့ စိတ်ဖိစီးမှုတွေ ပေါ့ ။
ကျနော်ပြောတာကိုယုံပါ။ ဒါတွေဟာ ခင်ဗျားတို့ ကို အောင်မြင်မှုတွေဆီအရောက်ပို့ပေးကြမဲ့ အရေးကြီးဆုံး ရှစ်ချက်ပါပဲ...”