Tuesday, March 8, 2016

"ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်"

၁။ နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။
၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။
၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။
၎။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။
၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့
၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။
ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။
၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။
၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့
၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။
၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။
၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။
၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာဝယ်ပေးမယ်။ ဒီခေါ်လည်မယ်လို့ ကတိပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင်အကောင်အထည်ဖေါ်ပါ။
၁၄။ မိဘများအနေနဲ့ နေရာလဲလည်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါသူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ၊
၁၅။ အခြားကလေးထက် ညံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာ မမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့
၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုး ကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။
၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်၊ အထူးသဖြင့် ဘာသာရေး ပုံပြင်များဖြင့် အခြိမ်းခြောက်ပါနှင့်
၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိ ပါစေနှင့်၊ ကလေး ကိုယ့်ကိုကို ယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။
ကလေးပျိုးထောင်တဲ့ အကြောင်းအရာတွေကို မရေးဖြစ်တာတောင် အချိန်အတော်ကြာနေပါပြီ။ အဓိက ကတော့ ရေးစရာ အချက်အလက်တွေ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းထပ်လာလို့ပါ။ အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ရှည်ရှည် နဲ့ ကုန်ဆုံးအောင် ဖတ်ရူ့သူ မိဘများအားလုံးကို အစဉ် ကျေးဇူးတင်ပါတယ်။ အသုံးဝင် အကျိုး ပြု နိုင်ပါစေ။

Monday, March 7, 2016

ကျောင်းမှာ စာညံ့တဲ့သူတွေက ဘာကြောင့် ဘဝမှာ အောင်မြင်တတ်သလဲ??

ကျောင်းမှာ စာတော်ရဲ့သားနဲ့ လက်တွေ့ဘဝမှာ ထင်သလောက် ဖြစ်မလာခဲ့တဲ့သူတွေ။
 ကျောင်းမှာတုန်းက စာညံ့ပြီး တကယ့်လူမှုဘဝထဲရောက်မှာ ထိပ်တန်းအောင်မြင်တဲ့သူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
ကျောင်းစာမှာ အားနည်းရဲ့သားနဲ့ ဘဝမှာ ဘာလို့အောင်မြင်တတ်သလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ သူတို့ဆီမှာ စာတော်တဲ့သူတွေ၊  

သာမန်သူတွေထက် အားသာချက်တစ်ချို့ကို တွေ့ရပါတယ်။

၁။ သူတို့ ဘာလုပ်ရမလဲဆိုတာကို စောစောစီးစီးသိတယ်။
မယုံမရှိပါနဲ့။ ကျောင်းမှာ စာတော်တဲ့သူတွေ၊ သာမန်သူတွေဟာ ကျောင်းစာမှာပဲ နပန်းလုံးနေလေ့ရှိပါတယ်။ တော်တဲ့သူက အဆင့် ၁ ရအောင်၊
သာမန်လူက စာမေးပွဲအောင်ဖို့နဲ့ အမှတ်ကောင်းအောင် ကြိုးစားနေချိန်မှာ စာမလိုက်နိုင်တဲ့သူတွေရဲ့အာရုံမှာ ကျောင်းစာထက်စာရင် အပြင်ကိစ္စတွေ၊
ဗဟုသုတတွေကို စိတ်ဝင်စားနေလေ့ရှိပါတယ်။ ဒါကြောင့် ဘဝမှာ ဘာဖြစ်ချင်လဲ၊ သူတို့ရဲ့ ကျွမ်းကျင်မှုဟာ ဘာလဲဆိုတာကို သူများတွေထက် စောစောစီးစီး  သိလေ့ရှိပါတယ်။
(ဥပမာ- လျှပ်စစ်နဲ့ ပါတ်သက်ပြီး စိတ်ဝင်စားတာတို့၊ ဂီတတွေ၊ ပန်းချီတွေကို ဝါသနာပါတာတို့)

၂။ သူတို့ဟာ ကျောင်းနေအရွယ်ကတည်းက အတွေ့အကြုံများတယ်။
စာတော်တဲ့သူတွေက ကျောင်းကနေ ကျူရှင်၊ ကျူရှင်ကနေ Guide၊ Guide ကနေ စာကြည့်စားပွဲကို ကူးချီသန်းချီလုပ်နေချိန်မှာ သူတို့ကတော့
အားလပ်ချိန် များစွာရနေပါတယ်။ စာတော်တဲ့သူတွေက စာကလွဲပြီး ဘာမှမသိတဲ့အချိန်မှာ သူတို့က ကိစ္စပေါင်းများစွာကို လေ့လာသင်ယူပြီး ဖြစ်နေပါလိမ့်မယ်။
ဒါတွေဟာ ဘဝကိုတကယ်တမ်း လျှောက်လှမ်းရပြီဆိုတဲ့အချိန်မှာ သူတို့အတွက် အားသာချက်တွေ ဖြစ်လာပါတော့တယ်။

၃။ လူဝင်ဆန့်တယ်။
သူတို့ဟာ အပေါင်းအသင်းတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲဆိုတာ သိပါတယ်။ အပေါင်းအသင်းလည်း များပါတယ်။ လူတွေနဲ့ အသားကျစွာ နေတတ်တဲ့အကျင့်က
စာမှစာပဲသိတဲ့ လူတော်တွေထက်စာရင် အများကြီး တာသွားပါပြီ။

၎။ ဘဝကို နေပျော်အောင် နေတယ်။
စာတွေကျက်ရင်း ဖိစီးမှုတွေနဲ့ ရှင်သန်နေရတဲ့အခါ ကိုယ့်အတွေးတွေလည်း ပိတ်လှောင်နေတတ်ပါတယ်။ သူတို့ကတော့ စာမေးပွဲရလဒ်တွေထက်စာရင်
စိတ်ကိုပေါ့ပါးစွာ နေလေ့ရှိပါတယ်။ လွတ်လပ်စွာနဲ့ စိတ်ကူးတွေလည်း ယဉ်တတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါမှာ ကျောင်းကအမှတ်တွေထက် ဘဝမှာ ဘယ်အရာတွေကို
အဓိကကျလဲဆိုတာကို စာတော်တဲ့သူတွေထက် ပိုပြီး စောစော နားလည်သဘောပေါက်ကြပါတယ်။

၅။ အလွယ်နည်းကို ရှာတတ်တယ်။
သူတို့ဟာ Theory တွေ၊ ပုံသေနည်းတွေနဲ့ ဘောင်ခတ်မနေဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်ပါတယ်။ ပြသနာတစ်ခုကို ဖြေရှင်းဖို့
အဓိကလိုအပ်တဲ့ အဖြေကိုရဖို့ကိုပဲ အာရုံစိုက်ပါတယ်။ ဒါဟာ ဘဝအတွက် အသုံးဝင်မယ့် အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်သွားပါတယ်။

၆။ အိမ်မက်တွေနဲ့ ရှင်သန်တယ်။
စာတော်တဲ့သူတွေဟာ ဘဝမှာ ဘာဖြစ်ချင်လဲဆိုတာကို တွေးဖို့ထက်စာရင် အမှတ်ကောင်းတဲ့အခါ ဆရာဝန်လုပ်မယ်၊ အင်ဂျင်နီယာလုပ်မယ်ဆိုပြီး
ဘဝကို အမှတ်နဲ့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ကတော့ သူတို့အားသာချက်၊ သူတို့ ဖြစ်ချင်စိတ်တွေပေါ်အခြေခံပြီး ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်ပါတယ်။
ဘဝကို အမှတ်နဲ့ သတ်မှတ်တဲ့သူနဲ့ ဘဝကို အိမ်မက်တွေနဲ့ တည်ဆောက်တဲ့သူတို့ ရေရှည်မှာ အောင်မြင်မှုချင်းလည်း ကွာဟလာတတ်ပါတယ်။

၇။ ဘယ်အချိန်မှာ ရုန်းကန်ရမလဲသိတယ်။
စာညံ့ဖူးတဲ့သူတိုင်းဟာ လူပျင်းတွေ မဟုတ်ပါဘူး။ သူတို့စိတ်မပါတဲ့ ကျောင်းစာမှာ အားနည်းတတ်ပေမယ့် သူတို့မှာ ဘဝနဲ့ပါတ်သက်ပြီး ပြင်းပြခဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။

Sunday, March 6, 2016

က လေးတွေ ငြိမ်ငြိမ် မ နေနိုင်ကြတာ ဘာကြောင့်လဲ

ရုပ်သံ ဇာတ်လမ်းတွဲကို အရမ်း စိတ်ဝင် စားနေ တုန်း ဘေးက နေ လှုပ် ရွ လှုပ် ရွ လုပ်နေတဲ့ က လေး ကို စိတ်တိုဖူး ပါသလား။ ညအတူ အိပ် ရင် တဘုန်း ဘုန်း ကန်တတ်တဲ့ သား ငယ်လေးကြောင့် နှစ်ဦး ကြားမှာ ခေါင်းအုံးတွေ ခံထားရ ပါသလား။ က လေးတွေ ဆော့လွန်းလို့ ဆိုပြီး မ ပြောကောင်း မဆိုကောင်း ရိုက်နှက်တာမျိုး လုပ်ဖူးပါသလား။
တစ်ချို့ မိဘ တွေက က လေးဆော့လွန်းလို့  စိတ်ညစ်ကြပါတယ်။ Attention Deficit Hyperactivity Disorder (ADHD) လို့ ခေါ်တဲ့ လှုပ် ရှားလွန်းပြီး အာရုံမစိုက်နိုင် တဲ့ ရောဂါ ဒါမှ မဟုတ် Attention Deficit Disorder (ADD) လို့ ခေါ်တဲ့ အာရုံစူးစိုက်နိုင် စွမ်း ကင်းမဲ့တဲ့ ရောဂါ ရ နေပြီလားလို့ လည်း အချို့ မိဘများ အစိုးရိမ် ပိုတတ်ကြပါတယ်။
လွန်ခဲ့တဲ့ ၁၀-စုနှစ်အတွင်းမှာ ကမ္ဘာတ၀န်းက
အ ဆော့သန်တဲ့ က လေးတွေခမျာ မဟုတ်ပါဘဲနဲ့  ADHD, ADD အစရှိတဲ့ ရောဂါအမည်တွေ အတပ်ခံခဲ့ရပါတယ်။ အာရုံစူးစိုက်ဖို့ အ ရေး စိန်ခေါ်မှုတွေကြုံရပြီး အသက်အရွယ်နဲ့  မလိုက်အောင် စိတ်ကူးတည့်ရာ လျှောက်လုပ် တတ်တယ်ဆိုရင် ADHD လို့ ပြောလို့  ရနိုင် တဲ့ လက္ခဏာတွေဖြစ် ပေမယ့် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်က စစ်ဆေးပြီးမှ အတည်ပြုလို့  ရတာပါ။ စာသင် ခန်းထဲမှာ ငြိမ်ငြိမ်မထိုင် နိုင် ရုံ၊ စာကို စိတ်မ၀င် စားရုံနဲ့ တော့ ADD, ADHD ဆိုပြီး ရက် ရက်စက်စက် ရောဂါအမည် မတပ်သင့်ပါဘူးလို့  ကလေးစိတ်ပညာရှင် နဲ့  စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ ဇီရက်မာကာ က ပြောပါတယ်။
တစ်ကယ်တော့ အသက် (၇) နှစ်အောက် က လေးအများစုဟာ ငယ်ရွယ်စဉ် က လေးဘ၀ရဲ့  ခန္ဓာကိုယ် ဖွံ့ ဖြိုးမှု ဖြစ်စဉ်အရကို ငြိမ်ငြိမ် မ နေ နိုင်ကြပါဘူး။ ဥပမာအားဖြင့် က လေးတွေမှာ ဆဲလ်အသစ်ဖြစ်ပွား မှုနှုန်းက ဆဲလ်အ ဟောင်း သေဆုံးမှုနှုန်းထက် ပိုများပါတယ်။ ဆဲလ်အသစ်တွေ က ဖြစ်၊ဖြစ်၊ဖြစ်၊ဖြစ်၊ဖြစ်နဲ့  ဖြစ်နေတဲ့အချိန်မှာ ဆဲလ်သေဆုံးမှု က ‘ပျက်’ ဆိုပြီး တစ်ချက်လောက်ပဲ ပျက်တာပါ။ ဒီမှာတင် ပရိုတိန်းကူးပွားမှုဖြစ်စဉ်က မြန်လွန်းတဲ့အတွက် ဖြစ်ပေါ် လာတဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က ဖြုန်းပေးဖို့  လိုအပ်လာပါတယ်။ ဒီတော့ မဖြစ် မ နေကို လှုပ် ရ တော့တာပါပဲ။ ဘယ်လိုပဲ လက်ပိုက်ခိုင်းထားထား၊ အဲဒီ က လေးဟာ လှုပ်နေမှာပါ။ စာအုပ်၊ သင် ပုန်း အစရှိတာတွေကို အကြာကြီး ကြည့်မနေနိုင်ပါဘူး။ ရုပ်ပုံတစ်ခုကိုမြင်လိုက် ရင် သူ့ စိတ်ကူးလေးက ဆက်စပ်တွေးမိ တာလေးတွေကို ပုံဖော်ကြည့် ပြီး အော်ရယ်ချင် ရင် ရယ်နေမယ်၊ တစ်ခုခုပြောချင် ရင် ပြောနေမယ်၊ ဒါ သဘာဝပါ။
ဒီလို က လေးတွေအတွက် အသုံး ပြုနေတဲ့ သင်ကြားမှုစနစ်ဟာ က လေးတွေရဲ့  ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုဖြစ်စဉ်ကို ထည့်သွင်းတွက်ချက် ချိန်ညှိမထားဘူးဆို ရင် က လေးတွေရဲ့  အမူအကျင့်နဲ့ ဝိရောဓိဖြစ်သွားမှာပါ။ မှားယွင်းတဲ့ သင်ကြားမှု စနစ်ကြောင့် စိတ်ဆင်းရဲနေတဲ့ က လေးကို ADD, ADHD ဆိုပြီး ရောဂါ နာမည် အတပ်မှားပြန်လေ တော့ က လေးမှာသူနဲ့ ဘာမှမဆိုင်တဲ့ ဆေးဝါးတွေ သောက် ရမယ်၊ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရပါမယ် လို့  က လေးစိတ်ပညာရှင် ဒေါက်တာရစ်ချတ်ဟောက်စ် က ပြောပါတယ်။
က လေးတွေ အာရုံမစိုက်နိုင်ရတဲ့ အ ကြောင်းရင်း တစ်ခုပဲ ရှိပါတယ်။ သူတို့ လှုပ် ရှားသင့်သ လောက် လှုပ်ရှားခွင့် မရကြလို့ ပါ။ ပညာရေး လိုအပ်ချက်တွေ မြင့်မားလာတာနဲ့ အမျှ ကစားဆင်းချိန်တွေကို လျော့ ပစ်ကြပါတယ်။ လမ်းပေါ်ကစားရင် အန္တရာယ်ဖြစ်မှာစိုးလို့  မိဘ တွေကလည်း က လေးတွေကို ခြံဝိုင်းကျဉ်းထဲ မှာပဲ ဆော့ကစားစေ ပါတယ်။ အချိန်အမြဲလုနေရတဲ့ မိဘ တွေအဖို့  ကိုယ့်ကိုယ်ကိုလိမ်နေတဲ့ အချက်တစ်ခု က တော့ ကလေးတွေကို ကွန်ပျူတာ၊ ဗီဒီယိုဂိမ်းတွေ ကစားတာကို တားမြစ်ပေမယ့် iPad ကိုတော့ ပေး ထားတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ iPad ပေါ်က ဂိမ်းတွေကစားရင်း ငြိမ်နေတဲ့ က လေးကြောင့် မိဘက အလုပ်ပိုလုပ်လို့ ရတယ်ဆိုပေမယ့် က လေး ကိုယ်၌မှာတော့ ဆိုးကျိုးတွေ အများကြီး ခံစားရမှာပါ။
တစ်ကယ်တော့ က လေးတွေဟာ သဘာဝလောကထဲမှ လွတ်လပ်ပေါ့ပါးစွာ ဆော့ကစားခွင့်ရဖို့  အ ရေးကြီး ပါတယ်လို့  က လေးအထူးကုဆရာဝန်ကြီး အိန်ဂျလာဟန်စကွန်း က ပြောပါတယ်။
တစ်နေ့ တာ လုပ်စရာကိုင် စရာ ပြည့်ကြပ်နေတဲ့ ဒီဘက်ခေတ်ကြီးမှာ က လေးတွေကို ကျောင်းစာသင်ခန်း ထဲ ပို့ ထား လိုက်တာကလွဲပြီး မိဘ တွေ သိပ်များများစားစား မလုပ်ပေးနိုင်ကြပါဘူး။ ငယ်ရွယ်စဉ် က လေး ဘ၀မှာ သဘာဝ လောကကြီးထဲက နေ လေ့လာသင်ယူစရာတွေ အများကြီးလုပ်ဖို့ လိုတဲ့ က လေးတွေဟာ သဘာဝလောကကြီးနဲ့  ထိတွေ့ မှု နည်းသည်ထက်နည်းလာပြီး လွတ်လပ်စွာ စိတ်ကူးယဉ် တွေးတော ခွင့်တွေကိုလည်း ဆုံးရှုံးလာရပါတယ်။
ကွန်ပျူတာ၊ iPad နဲ့  ဆဲလ်ဖုန်းတွေဟာ သဘာဝလောကကြီးကို ဘယ်နည်းနဲ့ မှ အစားမထိုးနိုင်ပါဘူး။ အဲဒီ အီလက် ထရွန်းနစ် လျှပ်စစ်ပစ္စည်းတွေရဲ့  ဘက်ထရီ အားကုန်ခမ်းလာသလို ကလေးတွေရဲ့  စူးစမ်းလေ့လာ လိုအားလည်း ယုတ်လျော့လာပါတယ်။ က လေးတွေကို သဘာဝလောကကြီးထဲ လွတ်လပ်စွာ ဆော့ကစား ခွင့်မ ပေးတာနဲ့ ကို အဲဒီ က လေး လူညွှန့် တုံးအောင် လုပ်ပေးသလိုဖြစ်နေပါပြီ။
ဒီလို က လေးတွေကို စာသင်ခန်း၊ စာဖတ်ခန်း၊ တီဗီခန်း၊ မှန်လုံပိတ် အဲယားကွန်း တပ်ထားတဲ့အခန်း တွေထဲ မှာပဲ ထားမယ်ဆိုရင် သူ့ ဆဲလ်အသစ်တွေဖြစ်ပေါ်လာတဲ့အခါ မငြိမ်မသက်ဖြစ်လာတဲ့ ပရိုတိန်းနဲ့  ကယ်လိုရီတွေကို ဖြုန်းပစ်ဖို့  အဲဒီ က လေးဟာ အပြည့်အ၀ လှုပ်ရှား ခွင့်မရတဲ့အတွက် အမြဲတ စေ တလှုပ်လှုပ် တရွရွ ဖြစ်နေတာပါ။
က လေးကို စာတော်အောင် သင်ပေးစေချင် တဲ့ မိဘနဲ့  က လေးကို စာတတ်အောင် သင်ပေးစေချင် တဲ့ မိဘထဲမှာ စာဖတ်သူဟာ ဘယ်မိဘမျိုးလဲဆိုတာ ကျွန်တော်မသိပါဘူး။ သေချာတာက တော့ စာရေး၊ စာဖတ်၊သင်္ချာတွက်ရာမှာ အမှတ်အပြည့်ရ စေ အုံးတော့ အဲဒီကလေးဟာ က လေးတစ်ယောက်လို ရှင်သန်ဖို့  လိုပါသေးတယ်။
ဘာသာတိုင်းမှာ အောင် မှတ်ထက် နဲနဲပဲပိုတယ် ထားအုံးတော့ က လေးပီပီ လွတ်လပ်ပေါ့ပါးစွာ ကစားခွင့် ရ နေတဲ့အတွက် ဘ၀ကို နဖူး တွေ့ ဒူးတွေ့  ရင်ဆိုင်ရတဲ့အချိန်မှာ အမှတ် ၁၀၀ ပြည့်ဖို့ အ ရေး ဖိအား အမြဲ အ ပေးခံခဲ့ရတဲ့ က လေးတွေဟာ အလုပ် ပြီးမြောက်ဖို့ ကိုပဲ ကြိုးစားပြီး စီမံခန့် ခွဲမှုပိုင်းမှာ အားနဲ သူတွေ ဖြစ် လာကြတဲ့အတွက် ခေါင်းဆောင် မှု ပိုင်းဆိုင် ရာ ရာထူးတွေကို မရကြပါဘူး။ စာမေးပွဲအောင်ပြီး အခြား ကဏ္ဍတွေမှာလည်း တက်ကြွလှုပ်ရှားခဲ့တဲ့ က လေးတွေဟာ ကြီးလာတဲ့အခါမှာလည်း အလုပ်တစ်ခု ကို အောင်မြင်ပြီးစီးအောင် နည်းလမ်းမျိုးစုံနဲ့  ချဉ်းကပ်နိုင်ကြတဲ့အတွက် ထိပ်တန်း မန်နေဂျာတွေ ဖြစ်လာ ကြပါတယ်။
ဒီတော့ ‘က လေးတွေ ဘာဖြစ်လို့  ငြိမ်ငြိမ်မနေနိုင်ကြတာလဲ’ လို့  စာဖတ်သူမေးမယ်ဆိုရင် ‘ဘာဖြစ်လို့ ’ ဆိုတာကို ဖြုတ်လိုက်ပြီး ‘က လေးတွေ ငြိမ်ငြိမ် မ နေနိုင်ကြပါဘူး’ လို့ ပဲ ပြန်ဖြေရမှာပါ။ ကလေးတစ်ယောက် ဟာ လှုပ် ရွ လှုပ် ရွ လုပ်နေပြီဆိုရင် သူဟာ ကစားသင့်သ လောက်၊ လှုပ် ရှားသင့်သ လောက် လှုပ်ရှား၊ ကစားခွင့် မရဘူးဆိုတာကို ဖော် ပြ နေတာ ဖြစ်ပါတယ်။
က လေးတစ်ယောက် ငြိမ်သွားပြီဆိုရင်ကို စိတ်ပူရတာပါ။ သူ့ ဇီဝဖြစ်စဉ်မှာ အ နှောက်အယှက် တွေ ရှိနေပြီလား၊ နေများ မ ကောင်းတာလား အစရှိသည်ဖြင့် တွေးပူရ တော့မှာပါ။
က လေးတွေဟာ တစ်နေ့ တာ နိုးကြားချိန်မှာ ကျောင်းမှာ အ နေအကြာဆုံးပါပဲ။ ညအိပ်ချိန်ကို နုတ်ပြီး တွက်ကြည့်မယ် ဆိုရင် ကျောင်းမှာ အများဆုံး နေကြတာပါ။
ဒါဆိုရင် ကျောင်းတွေ က နေ ဒီ က လေး တွေကို ကိုင် တွယ်ပုံမှန်ကန်နေဖို့  သိပ်အ ရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲက ပိုလျံကယ်လိုရီတွေကို ဖြုန်းပစ်ဖို့  လုံလောက်တဲ့ ဆော့ကစားချိန် ရမှ စာသင် ခန်းထဲမှာ သွက်လက်မြူးကြွစွာနဲ့  စာသင်ယူနိုင်ကြမှာ ဖြစ်ပါ တယ်။
သဘာဝမြေ ကွက်လပ်တွေကို တစ်နေရာမချန် အ ဆောက်အဦးတွေ ဆောက်လုပ်နေတဲ့ ဒီဖက်ခေတ်ကြီး မှာ က လေး တွေအတွက် သဘာဝကစားကွင်းတွေကို ကျောင်းတွေမှာပဲ မျှော်လင့်ရတာပါ။ ဒါပေမယ့် ကွန်ကရစ် အပြည့်ခင်းထားတဲ့ ကစားကွင်းတွေဟာ အမြင်အားဖြင့် ခေတ်မှီသန့် ရှင်းနေ ပေမယ့် က လေးတွေရဲ့  သဘာဝနဲ့ ထိတွေ့ ခွင့်ကိုတော့ လုယူလိုက်သလိုပါပဲလို့  လေ့လာရေးသား တင်ပြအပ်ပါ တယ်။

Saturday, March 5, 2016

သင်ရဲ့ ရင်သွေးကို ဘယ်လိုနည်းနဲ့ ပျိုးထောင်လို့ရမလဲ

နာခံတတ်၊ ကျေးဇူးသိတတ်၊ လူတွေကို ကြင်နာတဲ့စိတ်နဲ့ ဆက်ဆံ တတ်တယ်ဆိုတဲ့ ကလေးအများစုဟာ မိဘတွေရဲ့ မေတ္တာအပြည့်နှင့် အပြုသဘောဆန်ဆန် ပြောဆိုမှုနှင့် ဆုံးမှု့တွေကနေ ကြီးပြင်းလာကြတဲ့ကလေးတွေ ဖြစ်နေလေ့ရှိကြပါတယ်။
မိဘလုပ်သူတွေက ကလေးကိုအပြုသဘောဆန်စွာ ပြောဆိုမှုကအခရာကျပါတယ်။ မိဘက မိမိရဲ့ သားသမီးကို ဒီလိုဆက်ဆံတဲ့နေရာမှာ မေတ္တာနဲ့ ကျေးဇူးတရားကို ထည့်သွင်းပျိုးထောင် ပေးလိုက်မယ်ဆိုရင် သူတို့လေးတွေဟာလည်း တစ်ခြားသူတွေရဲ့ပျော်ရွှင်မှုနှင့်ခံစားချက်များ အပေါ်မှာ ပိုမိုကိုယ်ချင်းစာနာနိုင်စွမ်းတွေရှိလာကြပါတယ်။ ဒါဟာသင့်ရဲ့ ရင်သွေးမှာ မိဘရဲ့ အပြုသဘောဆောင်တဲ့ မေတ္တာကိုကောင်းစွာ ရရှိလိုက်တဲ့အတွက်ဖြစ်ပါတယ်။ ဒီရဲ့ အကျိုးဆက်ကတော့ သူတို့လေးတွေဟာ် ပိုမိုနာခံတတ်ခြင်းနှင့် ကျေးဇူးသိတတ်စိတ်တိုးပွားလာစေ တဲ့အပြင်သူတို့ခံစားရတဲ့အတိုင်းပြုမှုဆောင်ရွက်လာကြပါတယ်။
လူတွေကိုရိုရိုသေသေဆက်ဆံတတ်လာတယ်၊ ချိုသာစွာစကားပြောဆိုတတ်တယ် ဆိုတာတွေဟာ ဗဟုသုတဖြစ်ဖွယ်စာပေတွေကို လေ့လာနေ ကျက်မှတ်နေ သင်ပေနေတာနဲ့ ဖြစ်လာစေမှာ မဟုတ်ဘူးဆိုတာ မိဘကသဘောပေါက်ရပါမယ်။ သူတို့လေးတွေကိုလည်း နေရာပေးပြီး လူကြီးလေးတွေလို လေးလေးစားစား ချိုချိုသာသာဆက်ဆံ ပေးမှရရှိလာနိုင်တယ်ဆိုတာကိုမှတ်ထားစေလိုပါတယ်။

မိဘနှင့်သားသမီးကြားမှာ အပြန်အလှန်ယုံကြည်မှု့တည်ဆောက်လို့ရမယ် အလွယ်ကူဆုံးနည်းကိုသင်သိပါသလား။

မိဘနှင့်သားသမီးအကြား အပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်ပြီး မိသားစု စည်းစည်းလုံးလုံးဖြစ်အောင် ဆောက်ရွက်ခြင်းက ကလေးပြုစုပျိုးထောင်ရာမှာ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ မိဘကသားသမီးကိုပျိုးထောင်ပေးတယ်ဆိုတဲ့နေရာမှာ မသိတာတွေသင်ကြားပေးဖို့နဲ့ လိုက်နာရမဲ့စည်းကမ်းတွေချမှတ်ထားပေးထားရုံသက်သက်နဲ့ မပြီးပါဘူး။ မိဘနဲ့ ကလေးအကြား ဆက်ဆံရေးကောင်းမွန်ဖို့ကလည်း လွန်စွာမှအရေးကြီးလှတယ်လို့ဆိုပါရစေ။ ဒီလိုအခြေအနေမျိုးကိုရဖို့ဆိုရင် မိဘနဲ့ ကလေးရဲ့ နှလုံးသားတွေတသားတည်းဖြစ်နေအောင် မိဘဘက်ကနေမေတ္တာတွေအလုံအလောက်ပေးပြီး မေတ္တာဂဟေဆက်ပေးရမှာဖြစ်ပါတယ်။ မိမိရဲ့ ရင်သွေးငယ်ကို ရင်ထဲအသည်းထဲကချစ်တဲ့စိတ်နဲ့ တင်းတင်းကျပ်ကျပ်လေး ဖက်ထားပေးတားမျိုးနေ့စဉ်အချိန်ယူလုပ်ပေးပါ။ ဒါမှသာ ကလေးကမိခင်ရဲ့ မေတ္တာကို အမြဲတမ်းခံစားရရှိနေတဲ့အတွက် ပိုမိုတသားတည်းဖြစ်စေပြီး နားလည်မှုဂဟေဆက်ပြီးသား ဖြစ်စေမှာပါ။

မိမိကိုယ်ကိုယုံကြည်မှု့ ရှိတဲ့ကလေးငယ်ဖြစ်အောင် မိဘကဘယ်လိုစကားမျိုးကိုပြောပေးရမလဲ။

မိဘရဲ့ စကားတွေထဲမှာ မိမိရဲ့ရင်သွေးငယ်တွေအတွက် တန်ခိုးစွမ်းအားတွေ အများကြီးပါဝင်စီးဆင်းနေပါတယ်။ မိဘတွေက အကြောင်းအရာတစ်ခုခုကိုအမှုမဲ့ အမှတ်မဲ့ ပြောလိုက်တာမျိုးကိုတောင် သားသမီးတွေကတော့ အဲဒီစကားတွေကို မှတ်မိနေတတ်ကြပါတယ်။ ဒါ့ကြောင့် မိဘပြောတဲ့စကားကအပြုသဘောဆောင်ခြင်း၊ မဆောင်ခြင်းက မိမိသားသမီးရဲ့ စိတ်နေစိတ်ထား ပြောင်းလဲလာမှု့ အပေါ်မှာ အများကြီးသက်ဆိုင်လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင့်ကလေးငယ်က ကိစ္စတစ်ခုကိုကောင်းမွန်စွာပြုလုပ်နိုင်တယ်ဆိုရင် သူတို့လေးတွေတော်တဲ့ကိစ္စကို အဓိကထားပြီး သူတို့လေးတွေ တော်တယ်ဆိုတာကို အသိအမှတ်ပြုပြောပေးပါ။ ပြီးတော့ ပိုကောင်းအောင်လုပ်နိုင်သေးတယ်ဆိုတာမျိုးကိုမဖြစ်မနေထဲ့ပြောပေးပါ။ မိဘကသူတို့လေးတွေလုပ်နိုင်တယ်ဆိုတာ ကိုယုံကြည်တယ်ဆိုတာမျိုးကိုလည်းထည့်သွင်းပြောကြားပေးပါ။
ဥပမာ"သားလေးကဘယ်လိုနေရာမျိုးမှာ သိပ်တော်တာပဲနော်။ မေမေကအရမ်းချီးကျူးတယ်သိလား။ နောက်ဆိုသားက ဒါထက်ပိုကောင်းအောင်လုပ်နိုင်လိမ့်မယ်ဆိုတာ မေမေယုံကြည်တယ်နော်" လို့ပြောရင် ကလေးက အဲဒီလုပ်တဲ့ကိစ္စမှာပိုမို ကောင်းမွန် တိုးတက်အောင် လုပ်ရတာကိုပိုမိုနှစ်သက်လာပါလိမ့်မယ် ဒါဟာသဘာဝပါပဲ။
မိဘတွေပြောပေးတဲ့စကားတွေက သင့်ရင်သွေးငယ်ရဲ့ စိတ်ကူးထဲမှာပုံဖော်နိုင်ဖို့ ကြီးမားစွာဖန်တီးအထောက်အကူဖြစ်စေနိုင်သလို မိဘတွေ ပြောလိုက်တဲ့ စကားတွေ ကြောင့်လည်းသင့်ရင်သွေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုများဟာလည်း ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘဖြစ်သူက အပြုသဘော မဆန်တဲ့စကားမျိုးပြောဆိုခြင်းကို အထူးသတိထားပြီးရှောင်သင့်ပါတယ်။


မိဘအပေါ်လေးစားသမှုရှိပြီး နာခံတတ်တဲ့ကလေးငယ်ဖြစ်အောင်ဘယ်လိုပျိုးထောင်းပေးမလဲ။

"အမေ့ကိုကူညီလို့ကျေးဇူးတင်ပါတယ်"၊ "လိမ္မာလိုက်တဲ့ကလေးကွယ်"၊ "တကယ်ကူညီဖော်ရတာပဲ" ဆိုတဲ့ စကားတွေကို ပြောပေးရင် ကလေးဟာ မိဘစကားနားထောင်တတ်လာပြီး ပိုပြီးလိမ္မာရေးခြားရှိလာကာ လူတိုင်းနှင့်ဆက်ဆံရေးမှာလည်း ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။ မိဘကို မဖြစ်မနေဝိုင်းကူညီပြီးလုပ်ခိုင်းပါ။ သူတို့လေးတွေအရွယ်နဲ့ သင့်တော်ပြီးလုပ်နိုင်တဲ့အလုပ်ကလေးတွေကို ခိုင်းပေးပါ။ တစ်နှစ် သို့မဟုတ် နှစ်နှစ်သားဆိုလည်း ရပါတယ်။ လုပ်နိုင်တာလေးတွေကိုခိုင်းပေးပါ။ တစ်ခါတစ်ရံမှာ ဒီလိုလုပ်ခိုင်းလိုက်ရတာ မိဘလုပ်တဲ့သူအတွက်အလုပ်ပိုများပြီး အချိန်ပိုကုန်တာမျိုးဖြစ်လာနိုင်ပေမယ့် ဒါကိုဒုက္ခလို့မတွေးပဲ သူတို့လေးတွေကိုမဖြစ်မနေ ဝိုင်းကူညီလုပ်ခိုင်းဖြစ်အောင်ပြုလုပ်ပေးပါ။ သားသမီးဆိုတာ မိဘရဲ့ အသိအမှတ်ပြုတာကိုလိုချင်ကြတဲ့သူတွေချည်းပါပဲ။ သူတို့ကိုအသိအမှတ်ပြုရင် သူတို့ကလည်း ကိုယ့်ကိုပြန်ပြီးလေးစားလာပါတယ်။ အိမ်အလုပ်ဝိုင်းကူလုပ်ခိုင်းခြင်းဖြင့် သူ့တို့လေးတွေကို လူရာသွင်းတယ်ဆိုတာကို ကလေးကခံစားမိလာပြီး မိဘအပေါ်လေးစားသမှုရှိလာတဲ့အပြင်နာခံတတ်သည့်သားသမီးဖြစ်လာစေပါတယ်။

သင့်ရဲ့ ရင်သွေးကို အတင်းအကျပ်လုပ်ခိုင်းရတာမျိုးမဟုတ်ဘဲ သူတိုကိုယ်တိုင်လိုလိုချင်ချင်လုပ်လာအောင်ဘယ်လိုပြုလုပ်သင့်ပါသလဲ။

မိဘကခိုင်းစေတဲ့စကားမျိုးကိုမသုံးဘဲ အကူအညီတောင်းတဲ့စကားမျိုးတွေဟာ သင့်ရင်သွေးငယ်ရဲ့ စိတ်နှလုံးသားကို ပိုမိုကြည်နူးစေတဲ့ အတွက် သူရဲ့စိတ်နှလုံးသားကိုဖွင့်ပေးသလိုမျိုးဖြစ်စေမှာပါ။ သင့်ကလေးငယ်ကိုတားမြစ်တာတွေ၊ခိုင်စေတာတွေကို အတင်းအကျပ်လုပ်မဲ့အစား ကလေးကိုအကူအညီတောင်းတဲ့ပုံစံမျိုးနှင့်ပြောင်းပြီး ပြောဆိုမှုတွေလုပ်ပေးကြည့်ပါ။ "ကူညီပေးပါမလား" ဆိုတဲ့စကားမျိုးပေါ့။ လုပ်ခိုင်းမယ့်ကိစ္စ အကြီးအသေးကအရေးမကြီးပါ။ ဟိုလိုမလုပ်နဲ့၊ ဒီလိုမလုပ်နဲ့၊ ဒါလုပ်စမ်း ဆိုတဲ့စကားတွေဟာ များသောအားဖြင့် တားမြစ်တဲ့စကားတွေဖြစ်လို့ ကလေးတွေက အဲဒီလိုစကားတွေကို ရည်ရှည်မှာ သူတို့လေးတွေ နားမထောင်တတ်ကြပါဘူး။ အဲဒီအစား အကူအညီတောင်းတာမျိုးကိုမိဘဘက်ပြောင်းသုံးကြည့်ပါ။ ဒီလိုဆိုရင်ကလေးရဲ့ကူညီလိုစိတ်ကို တဖြည်းဖြည်းချင်းဖြစ်ပေါ်လာစေမှာပါ။ ဒီလိုဖြစ်ရအောင် အကူအညီတောင်းဆိုတဲ့ စကားမျိုးပြောတဲ့အခါ အဖြစ်အနေနှင့်မဟုတ်ဘဲ မိဘကယုံယုံကြည်ကြည် လေးလေးစားစားပြောဆိုပေးသင့်ပါတယ်။ သူတို့လေးတွေကူညီလုပ်ကိုင်ပေးပြီးတဲ့အခါတိုင်းလည်း တင်းတင်းကျပ်ကျပ်လေးဖက်ပြီးတော့ အခုလိုအကူအညီပေးလိုက်လို့ အဆင်ပြေသွားတယ်ဆိုတာမျိုး၊ ကျေးဇူးတင်တယ်ဆိုတာမျိုး ကိုမဖြစ်မနေပြောပြပေးပါ။

သားသမီးအပေါ်မှာထားရှိတဲ့မိဘရဲ့ နားလည်လက်ခံပေးနိုင်စွမ်းက သူတို့လေးတွေရဲ့အောင်မြင်မှု့အတွက်အခရာကျတယ် ဆိုတာကို သင်သိပါသလား။

မိဘရဲ့ သားသမီးအပေါ် နားလည်လက်ခံပေးခြင်းဟာ ချီးကျူးခြင်းထက် သူတို့လေးတွေဘဝ အောင်မြင်မှုမှာ ပိုအခရာကျပါတယ်။
"သား/သမီးက ကြိုးစားခဲ့တာပဲ!အရမ်းဂုဏ်ယူတယ်။" "စိတ်ကူးအရမ်းကောင်းတာပဲ" စသဖြင့် သူတို့လေးတွေ ကြိုးစားမှုကို လက်ခံနားလည်ပေးသည့် စကားလုံးများကို များများပြောဆိုအသုံးပြုပါ။ နားလည်လက်ခံပေးခြင်းက သင်က ကလေး၏ခံစားချက်များကို စာနာနားလည်ပေးခြင်းကို ဖော်ပြနေသည့်အတွက် သင့်ကလေးငယ်က ကျေနပ်မှု့ကိုဖြစ်စေပါလိမ့်မယ်။ "ကောင်းလိုက်တာ" "တော်လိုက်တဲ့ကလေး" ဆိုတာမျိုးတွေကို ပြောနေရုံနှင့် ရည်ရှည်မှာကလေးငယ်အတွက် အလုပ်မဖြစ်နိုင်ပါဘူး။ ကလေးနဲ့စကားပြောရင် တိတိကျကျ ရည်ညွှန်းတဲ့စကားကိုပြောပါ။ ဥပမာ-“တစ်အုပ်လုံးဖတ်ပြီးသွားပြီပဲ၊နည်းနည်းနောနောမဟုတ်ဘူး” ဆိုတာမျိုးတွေကို ပြောပေးပါ။ သူလုပ်တဲ့အလုပ်တွေ၊ တွေးတဲ့အတွေးအခေါ်တွေကို အရေးတယူလက်ခံမှု ခံရတယ်လို့ သိရှိခံစားလာရတဲ့အခါမှာ ကလေးငယ်ရဲ့ နှလုံးသားအတွက် အင်အားတွေဖြစ်စေပြီး နိုးကြားစွာ ကြိုးစားလာစေပါတယ်။

မိဘနှင့်သားသမီးကြားမှာ မေတ္တာနှင့်တည်ဆောက်ထားတဲ့တသားတည်းဖြစ်နေတဲ့နားလည်မှု့ဘာကြောင့်ရှိသင့်တာပါလဲ။

ကျွန်တော်တို့ရဲ့ ရှီချီဒါပညာရေးအောင်မြင်မှုသော့ချက်က မိဘနဲ့သားသမီးတို့ကြား စိတ်တူကိုယ်တူ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေခြင်းကို အခြေခံတာပါ။ မိဘနှင့်ကလေးငယ်ကြားကမေတ္တာပေါင်းကူးလေးက ကွာဟမှုလေးတွေရှိနေမယ်ဆိုရင်တော့ မိဘတွေကကြိုးစားထားသမျှ အရာထင်ဖို့ခဲယှဉ်းပါလိမ့်မယ်။ ပထမဆုံးအနေနှင့်ကတော့ မိဘတွေက သားသမီးအပေါ်ချစ်မေတ္တာတွေကိုအလျှံပယ်လုံလောက်အောင် ပြပေးရပါမယ်။ ဥပမာ - "မေမေကအရမ်းချစ်တာပဲ.......အစရှိသဖြင့်" ။ မိဘမေတ္တာကိုတကယ်ရရှိလာတဲ့အခါဆိုရင် မိဘနဲ့သားသမီးကြားမှာ နီးကပ်မှုပိုရှိလာပြီး စိတ်ချင်းဆက်သွယ်မှုတိုးလာစေပါတယ်။အဲဒီကတဆင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာစေမှာပါ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ သူတို့လေးတွေဟာ ပိုမိုတက်ကြွလာပြီး မိဘတွေရဲ့ စကားသွန်သင်မှုမှာ အလွယ်တကူခံယူလာကြပါတော့တယ်။

မိမိရဲ့ကလေးငယ်ကို နားလည်လက်ခံပေးခြင်း၊ ချီးကျူးပေးခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် ပြုစုပျိုးထောင်ပါက ကလေးငယ်တို့သည် မိမိကိုယ်မိမိယုံကြည်မှုရှိလာပြီး ၄င်းတို့၏ဘ၀ စတင်တောက်ပလာမည် ဖြစ်သည်။
ကလေးငယ်များဆိုတာဟာ ရင့်ကျက်မှုနှင့် ဘဝအတွေ့အကြုံ အလွန်ပဲနုနယ်ကြပါတယ်။ မိဘများအနေဖြင့် မိမိရဲ့ကလေးငယ်များကို အပြုသသောမဆောင်တဲ့ အပြစ်တင်စကားမျိုးပြောခြင်းကိုအထူးသတိထားပြီး ရှောင်သင့်ပါတယ်။ သူတို့လေးတွေရဲ့ အားနည်းချက်တွေကိုသာ မိဘမြင်နေမည်ဆိုရင် သူတို့လေးတွေရဲ့ ကောင်းမွန်သောအရည်အသွေးများကိုမြင်ဖို့ ပိုမိုတိုးတက်လာအောင်ပြုလုပ်ဖို့ဆိုတာတွေ နှောင့်နှေးသွားပါမယ်။ကောင်းကွက်များကို အပြုံးပန်းဖြင့် ချီးကျူးပေးနိုင်ကြမည်ဆိုလျှင်တော့ သူတို့လေးတွေရဲ့ဘဝတွေဟာလည်း တဖြည်းဖြည်းနှင့်တောက်ပလာမှာမလွှဲပါဘဲ။ ကလေးငယ်တွေဆိုတာဟာ အဖြူစင်ဆုံးမွေးဖွားလာကြပါတယ်။ သူတို့လေးတွေကြီးပြင်းရတဲ့ ပတ်ဝန်းကျင်အခြေအနေအပေါ် မူတည်ပြီးသာ ပြောင်းလဲသွားကြတာပါ။
“လက်ခံ၊ချီးကျူး၊မေတ္တာထား ပြုစုပျိုးသွားကလေးများ”

ကလေးတစ်ယောက်ကို ထူးချွန်ထက်မြက်သူဖြစ်လာစေဖို့ဆိုရင် သူတို့အိပ်ပျော်စအချိန်က အသုံးချတာအကောင်းဆုံးပါပဲ။
“လူ့သမိုင်းတစ်လျှောက် ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေဟာ စာဖတ်ခြင်းနဲ့ အပြုသဘောဆောင်တဲ့အကြံပြုချက်ကောင်းတွေကြောင့်ပဲအောင်မြင်သူတွေ၊ ကြီးမြတ်တဲ့သူ တွေဖြစ်လာကြတာပါ” လို့ ဂျာမန် သိပ္ပံပညာရှင် အောက်စဝါးဒ်ဆိုသူက ပြောဖူးပါတယ်။ ကလေးငယ်တစ်ဦးကိုအောင်မြင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်တယ်ဆိုတဲ့နေရာမှာ မိဘနှစ်ပါးစလုံးရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေထက်ပိုပြီး ဘယ်ဟာမှပိုပြီးလိုအပ်တာမရှိပါဘူး။ ဒီလို အကြံပြုတာတွေလုပ်မယ်ဆိုရင် ကလေးငယ်အိပ်ပြီးစ ၁၀ မိနစ်လောက်မှာလုပ်တာကအသင့်တော်ဆုံးသောအချိန်ပါပဲ။ သင့်ကလေးရဲ့ နားရွက်အနားကိုကပ်ပြီး ကြင်နာတဲ့အသံနှင့် မေတ္တာထားတဲ့၊ အပြုသဘောဆောင်တဲ့ စကားလုံးလေးတွေကိုပြောပြပြီးတော့ အကြံပြုချက်၊ လုပ်ဆောင်စေလိုတာအရာကို ပြောပြပေးလို့ရပါတယ်။ ဒါဟာအလွန်မှထိရောက်တဲ့နည်းလမ်းပါ။

သင့်ကလေးစွန့်စားလိုစိတ်နဲ့ လွတ်လပ်တဲ့စိတ်ထားပိုင်ဆိုင်လာအောင်ဘယ်လိုပျိုးထောင်ပေးမလဲ။

မိဘက ကလေးဟိုဟာလုပ်လုပ်ပြန်ပြီ ဒါဟာလုပ်လုပ်ပြန်ပြီ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဆိုတာမျိုးတွေ တစ်ချိန်လုံး ပွစိပွစိလုပ်လွန်းရင် ကလေးဟာ အရာရာအပေါ်မှာ သက်တောင့်သက်သာမဖြစ်တော့ဘဲ လွန်လွန်ကျူးကျူး သတိထားတတ်သူတွေဖြစ်လာပါလိမ့်မယ်။ မိဘတွေကတော့ ဒါတွေဟာလိုက်နာဖို့လိုတဲ့ စည်းကမ်းတွေလို့ပြောကြမှာပါပဲ။ အသေအချာပြန်စဉ်းစားစေလိုပါတယ် မိမိကသားသမီး ကို အလွန်အမင်းကာကွယ်မှုတွေပြုလုပ်နေတာလားဆိုတာကိုပါ။ ကာကွယ်မှုလွန်ကဲပြီးကလေးလုပ်သမျှအရာအားလုံးကို လိုက်ပြီးဝေဖန်ပြောဆိုနေတယ်ဆိုတာ သင့်ကလေးရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းကို ချေမွဖျက်ဆီးလိုက်တာပါပဲ။ မိဘပြောသမျှကိုသာ လိုက်နာတတ်ပြီး သင့်ကလေးရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားတတ်မှု့တွေ ပျောက်ပျက်သွားအောင်လုပ်ဖို့အလွန်လွယ်ကူလှပါတယ်။ မိဘဖြစ်သူကကြင်ကြင်နာနာ သင့်ကလေးရဲ့အပြုအမူနဲ့ လုပ်ရပ်တွေအပေါ်မှာသာမသိမသာလေ့လာကြည့်ပေးပါ၊ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် သူတို့ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာသင်ယူခွင့်ပေးမယ်ဆိုရင် သင်ရဲ့ရင်သွေးဟာ စူးစမ်းလေ့လာလိုစိတ်တွေ တိုးပွားလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရရှိလာပြီး စွန့်စားလိုစိတ် နဲ့ လွတ်လပ်တဲ့စိတ်ထားကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

သင့်ကလေး မကြောက်မရွံ ဘဝကိုရင်ဆိုင်ရဲတဲ့သူဖြစ်အောင် ဘယ်လိုပြုလုပ်ပေးကြမလဲ။

သင်ကသင့်ကလေးတွေကိုအတ္ထုပ္ပတ္ထိစာအုပ်တွေကိုများများဖတ်ပြပေးမယ်ဆိုရင်တော့ သင့်ရဲ့ကလေးငယ်ဟာ ရှုံးနိမ့်မှုတွေ ကျရှုံးမှုတွေကို ကြောက်ရွံမှုမရှိတော့ဘဲ စိန်ခေါ်မှုတွေကို ပိုမိုပြီးတော့ ရင်ဆိုင်လာရဲလာပါလိမ့်မယ်။
သင်ကလေးကို ပေးအပ်ထားတဲ့ တာဝန်တွေကို ဖြစ်မြောက်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နိုင်အောင်ပြုစုပျိးထောင်ရပါမယ် ဒါ့အပြင် အမှားတွေလုပ်မိတာကြောင့်လည်း ဆက်လက်မလုပ်ဆောင်ရဲအောင်ပြုတာမျိုးတွေရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ အတ္ထုပ္ပတ္ထိစာအုပ်တွေထဲက ပုဂ္ဂိုလ်တွေရဲ့ ဘဝကိုလေ့လာကြည့်မယ်ဆိုရင်လည်း အစကတည်းကအောင်မြင်မှုတွေရပြီး စွမ်းဆောင်နိုင်ခဲ့ကြတယ်ဆိုတာမျိုးကို တွေ့ရခဲပါတယ်။ ဒီပုဂ္ဂိုလ်တွေအားလုံးဟာဘဝမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် လက်လျှော့အရှုံးမပေးခဲ့ကြပါဘူး။ စိန်ခေါ်မှုတွေကို ဆက်ရင်ဆိုင်ပြီး ဘဝအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ကြတာပါ။ သင့်အနေနဲ့ ကလေးကို အတ္ထုပ္ပတ္ထိတွေဖတ်ပြရုံသပ်သပ်ထက် သင့်ကလေးတွေကိုလည်း သူတို့လည်း ဒါမျိုးတွေကိုလုပ်ဆောင်နိုင်တယ်ဆိုတာမျိုးကို အမြဲထည့် သွင်းပြောကြားပေးတာမျိုးကိုမဖြစ်မနေလုပ်ပေးရပါတယ်။ မိဘရဲ့ ယုံကြည်မှုနဲ့ အားပေးမှု ဟာကလေးတွေအတွက် အကောင်းဆုံးအားဆေးဆိုလည်း မမှားပါဘူး။

မိမိကိုယ်ကိုယုံကြည်မှု့ ရှိတဲ့ကလေးငယ်ဖြစ်အောင် မိဘကဘယ်လိုစကားမျိုးကိုပြောပေးရမလဲ။

မိဘရဲ့ စကားတွေထဲမှာ မိမိရဲ့ရင်သွေးငယ်တွေအတွက် တန်ခိုးစွမ်းအားတွေ အများကြီးပါဝင်စီးဆင်းနေပါတယ်။ မိဘတွေက အကြောင်းအရာတစ်ခုခုကိုအမှုမဲ့ အမှတ်မဲ့ ပြောလိုက်တာမျိုးကိုတောင် သားသမီးတွေကတော့ အဲဒီစကားတွေကို မှတ်မိနေတတ်ကြပါတယ်။ ဒါ့ကြောင့် မိဘပြောတဲ့စကားကအပြုသဘောဆောင်ခြင်း၊ မဆောင်ခြင်းက မိမိသားသမီးရဲ့ စိတ်နေစိတ်ထား ပြောင်းလဲလာမှု့ အပေါ်မှာ အများကြီးသက်ဆိုင်လွှမ်းမိုးနေပါတယ်။ ဥပမာအားဖြင့် သင့်ကလေးငယ်က ကိစ္စတစ်ခုကိုကောင်းမွန်စွာပြုလုပ်နိုင်တယ်ဆိုရင် သူတို့လေးတွေတော်တဲ့ကိစ္စကို အဓိကထားပြီး သူတို့လေးတွေ တော်တယ်ဆိုတာကို အသိအမှတ်ပြုပြောပေးပါ။ ပြီးတော့ ပိုကောင်းအောင်လုပ်နိုင်သေးတယ်ဆိုတာမျိုးကိုမဖြစ်မနေထဲ့ပြောပေးပါ။ မိဘကသူတို့လေးတွေလုပ်နိုင်တယ်ဆိုတာ ကိုယုံကြည်တယ်ဆိုတာမျိုးကိုလည်းထည့်သွင်းပြောကြားပေးပါ။
ဥပမာ"သားလေးကဘယ်လိုနေရာမျိုးမှာ သိပ်တော်တာပဲနော်။ မေမေကအရမ်းချီးကျူးတယ်သိလား။ နောက်ဆိုသားက ဒါထက်ပိုကောင်းအောင်လုပ်နိုင်လိမ့်မယ်ဆိုတာ မေမေယုံကြည်တယ်နော်" လို့ပြောရင် ကလေးက အဲဒီလုပ်တဲ့ကိစ္စမှာပိုမို ကောင်းမွန် တိုးတက်အောင် လုပ်ရတာကိုပိုမိုနှစ်သက်လာပါလိမ့်မယ် ဒါဟာသဘာဝပါပဲ။
မိဘတွေပြောပေးတဲ့စကားတွေက သင့်ရင်သွေးငယ်ရဲ့ စိတ်ကူးထဲမှာပုံဖော်နိုင်ဖို့ ကြီးမားစွာဖန်တီးအထောက်အကူဖြစ်စေနိုင်သလို မိဘတွေ ပြောလိုက်တဲ့ စကားတွေ ကြောင့်လည်းသင့်ရင်သွေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုများဟာလည်း ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့်မိဘဖြစ်သူက အပြုသဘော မဆန်တဲ့စကားမျိုးပြောဆိုခြင်းကို အထူးသတိထားပြီးရှောင်သင့်ပါတယ်။


တစ်ခြားသူတွေရဲ့ကောင်းကွက်ကိုပါမြင်တတ်တဲ့သူလေးဖြစ်အောင်ဘယ်လိုပြုစုပျိုးထောင်ပေးကြမလဲ။

ကလေးတွေရဲ့စိတ်ထဲမှာ သူတို့တစ်ခုခုကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တိုင်း မိမိကိုယ့်မိမိဂုဏ်ယူတယ်၊ မိဘကဂုဏ်ယူတယ် ချီးမွှမ်းတယ်ဆိုတာအလွန်ကောင်းမွန်တဲ့ အပြုအမူတွေဖြစ်ပါတယ်။ သို့သော် ကလေးရဲ့စိတ်ထဲမှာ သူသာလျှင် ထူးခြားတဲ့သူ ဘယ်သူမှသူ့လိုမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ စိတ်ကြီးဝင်တဲ့အတွေးမျိုးတွေဖြစ်နေပြီဆိုရင်တော့ မိဘဖြစ်သူကဂရုတစိုက်နဲ့ ထိန်းကျောင်းရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးတွေကို ငယ်စဉ်ကတည်းက အလွန်အကျွံချီးမွန်းခံခဲ့ရတဲ့ ကလေးတွေမှာတွေ့ရလေ့ရှိ ပါတယ်။ သူတို့လေးတွေရဲ့ လုပ်ဆောင်နိုင်တာထက်ပိုမိုတဲ့ အလွန်အမင်းချီးကျူးမှုတွေက ကလေးငယ်ကိုအမှန်တရားနဲ့အလွန် ဝေးကွာစေပြီး မလိုလားအပ်တဲ့မာနမျိုးတွေကိုပိုင်ဆိုင်လာစေပါတယ်။ အဲဒီလို "ငါမှငါ" စိတ်ထားမျိုး၊ သားလိုမျိုး သူကမလုပ်နိုင်ဘူးဆိုတာမျိုး၊ "သူကညံ့တယ်၊ သားကတော်တယ်" ဆိုတာမျိုး ကလေးမှာဖြစ်မလာအောင် မိဘတွေက မှန်ကန်စွာ လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။ တခြားလူတွေရဲ့ ကောင်းကွက်တွေကို ရှာတတ်အောင် သင့်ရင်သွေးကို လေ့ကျင့်သင်ကြား ပေးရမှာဖြစ်ပါတယ်။

မိမိကလေးငယ်ကို ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနှင့်မြင့်မားတဲ့စိတ်ဓါတ်ကိုငယ်စဉ်ကတည်းကအခြေခံကောင်းတွေရအောင် ဘယ်လိုပြုလုပ်မလဲ။

ကလေးရဲ့ ခိုင်မာတဲ့စိတ်ဓါတ်ခွန်အား၊ သည်းခံနိုင်စွမ်းနဲ့ ကျေးဇူးသိတတ်မှုတွေဟာ
 ကောင်းမွန်တဲ့ကိုယ်ကျင့်တရားနှင့်မြင့်မားတဲ့စိတ်ဓါတ် ကိုတည်ဆောက်ပေးမဲ့
အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ ရှီချီဒါပညာရေးနည်းစနစ်မှာတော့စာရိတ္တပညာရေး (Moral Education) လို့သတ်မှတ်ခေါ်ဆိုပါတယ်။မိဘတွေအနေနဲ့ မိမိရဲ့ ရင်သွေးကို သူတို့ကိုယ်ကို သူတို့ဘယ်လိုထိန်းထိန်းသိမ်းသိမ်းနေရမယ်၊ အမှားအမှန်ကို ဘယ်လိုမျိုး ဝေဖန်ပိုင်းခြားရမယ် ဆိုတာမျိုးကို သင်ပြပေးခြင်းမျိုးမရှိခဲ့ဘူးဆိုရင်တော့ ကလေးတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် ဖြစ်လာမှာဖြစ်ပါတယ်။ ခိုင်မာတဲ့စိတ်ခွန်အားဆိုတာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် မိမိရဲ့ တစ်ကိုယ်ကောင်းစိတ်ကို ဆန့်ကျင်နိုင်စွမ်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့စိတ်ခွန်အားကိုပိုင်ဆိုင်အောင် လေ့ကျင့်ပေးရာမှာ မိမိကလေးနဲ့ အရင်းနှီးဆုံး အရာကတွေကနေစပြီး လေ့ကျင့်ပေးရပါမယ်။ ဥပမာ - အိပ်ရာစောစောဝင်ပြီး နံနက်စောစောထနိုင်အောင် လေ့ကျင့်ပေးထားတာမျိုးပါ။ မိဘကအပြောနဲ့အလုပ် ညီအောင်နေပြတာမျိုးတွေ၊ မိဘကိုယ်တိုင်ကတိတည်တာတွေ၊ အလွယ်တကူ ကလေးစိတ်ကြိုက်အလွန်အကျွံ အလိုလိုက်မှုတွေကို ထိန်းသိမ်းရမှာဖြစ်သလိ၊ု မိဘတွေက "ကျေးဇူးပါ" ဆိုတဲ့စကားကိုသူတို့လေးတွေရှေ့မှာအမြဲပြောပြီး ကျေးဇူးသိတတ်မှုကို မိမိကလေးငယ်ကသိအောင် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပြရမှာဖြစ်ပါတယ်။


သားသမီးပျိုးထောင်တဲ့နေရာမှာ ထိရောက်မှုရှိအောင်မိဘက ဘယ်လိုမျိုးဆောင်ရွက်သင့်ပါသလဲ။

ထိရောက်မှုရှိတဲ့သားသမီးပျိုးထောင်ခြင်းဆိုတာ သင့်ရဲ့သားသမီးတွေကသူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို သူတို့ကိုယ်တိုင်တည် ဆောက်လိုစိတ်ရှိအောင် မိဘကနမူနာကောင်းတွေနဲ့ ရှေ့ဆောင်လမ်းပြပေးတာကိုဆိုလိုပါတယ်။ မိဘကမဖြစ်မနေ လှုံ့ဆော်ပေးရမှာက တော့ သူတို့လေးတွေရဲ့ ကိုယ်အားကိုယ်ကိုးလိုတဲ့စိတ်ကို နက်နက်ရှိုင်းရှိုင်းရှိနေအောင် အလေ့အကျင့်ပြုလုပ်ပေးဖို့ပါပဲ။ ဒီလိုအလေ့အကျင့်နဲ့ နေသားတကျရှိလာတဲ့ကလေးတွေဟာ မိဘက လုပ်ခိုင်းလို့ လိုက်လုပ်နေရတဲ့ အခြေအနေမျိုးမဟုတ်တော့ဘဲ သူတို့လေးတွေကိုယ်တိုင်ကိုက လိုလိုချင်ချင်နှင့် သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မြင့်မားလာအောင်ဆောင်ရွက်သွားကြမှာ မလွဲပါဘဲ။
ဂျပန်နိုင်ငံက နာမည်ကျော် ဘတ်စကတ်ဘောသမား ဖြစ်တဲ့ ရှီချီရို ဆူဇူကီးဟာ သူ့မိဘတွေ အတင်းအကျပ်ခိုင်းလို့ အားကစားသမားဖြစ်လာတာမဟုတ်ပါဘူး။ အဖေဖြစ်သူက သားရှေ့မှာစံပြနမူနာနေပြခဲ့ပြီး သူ့ဘဝမှာသူရဲ့အရည်အချင်းတွေကို ပြနိုင်မဲ့ကိစ္စကို နှစ်နှစ်ခြိုက်ခြိုက်ပြုလုပ်ဖြစ်အောင် စည်းရုံးပေးနိုင်ခဲ့တဲ့အကျိုးရလာဒ်ပါပဲ။

သင့်ကလေး ပညာရေးမှာ စိတ်ဝင်တစားနဲ့ သင်ယူလိုစိတ်ပြင်းပြအောင် ဘယ်လိုပြုလုပ်ပေးမလဲ

ကလေးတစ်ယောက်ကို ပညာရေးမှာ စိတ်ဝင်တစားနဲ့ သင်ယူလိုစိတ်ပြင်းပျအောင် လာစေဖို့အတွက် သူ့တို့ကို မက်လုံးတစ်ခုခု သို့မဟုတ် ဆွဲဆောင်မှုတစ်ခုပေးထားရမှာဖြစ်ပါတယ်။ မိဘရဲ့ ယုံကြည်ခံရမှုနှင့် ချီးမွှမ်းခံရတယ်ဆိုတဲ့အရာတွေဟာ သင့်ကလေးအတွက် ဆွဲဆောင်မှု၊ မက်လုံးတွေပါပဲ။ လက်ခုပ်တီးခံရတာ မကြိုက်တဲ့ကလေးဆိုတာမရှိသလောက်ပါဘဲ။
မိဘဘက်ကလည်မိမိရဲ့ ကလေးစွမ်းဆောင်နိုင်တယ်ဆိုတာ ယုံကြည်ထားရမှာဖြစ်ပါတယ်။ မိဘလုပ်သူက မိမိကလေးငယ် စိတ်ဝင်တစားရှိတဲ့ ကြိုက်နှစ်သက်တဲ့ ဘာသာရပ်/နယ်ပယ်ကို သိဖို့ရန်ကြိုးစားပါ။ မက်လုံးနှင့် ဆွဲဆောင်မှု့ကိုလည်းသင့်တင့်ရုံသာသုံးပါ။
သင့်ကလေးမှာ စွမ်းရည်တစ်ခုခုကို အတိုင်းအတာတစ်ခုထိပိုင်ဆိုင်လာပြီဆိုရင် သူစိတ်ဝင်စားတဲ့ နယ်ပယ်နဲ့ ပတ်သက်ပြီး မိဘက အရည်အချင်းစစ်ဆေးပေးတာမျိုး မဖြစ်မနေပြုလုပ်ပေးရပါမယ်။ စစ်ဆေးပေးတဲ့ ရမှတ်ကို သူများနဲ့ သွားယှဉ်တာမျိုးလုံးဝမလုပ်ပါနဲ့။
ဒီလိုစစ်ဆေးရတာ အောက်ပါရည်ရွယ်ချက်များကြောင့်ဖြစ်ပါတယ်။
၁) ကလေးရဲ့ ကျွမ်းကျင်မှုအဆင့်ကို မိဘကအမှန်အတိုင်း နားလည်နိုင်ဖို့ရန်
၂) ယင်းရမှတ်တွေကို ကလေးရဲ့ နောက်ထပ်ပန်းတိုင်တွေအတွက် လမ်းညွှန်ချက်အဖြစ်အသုံးပြုနိုင်စေရန်နှင့်
၃) အဲဒီရမှတ်ကြောင့် မိဘက ကလေးကို ချီးမွမ်းဖို့အခွင့်အရေးရပြီး ကလေးက ပိုမိုအားတက်လာစေရန်တို့ဖြစ်ပါတယ်။




သင့်ကလေးဥာဏ်ရည်မြင့်မားတိုးတက်လာအောင် သင်ဘယ်လိုပြင်ဆင်ထားသင့်သလဲ

ကလေးများအားရှုမြင်ရမည့်အချက်(၆)ချက် (သင့်ကလေးကို ချီးကျူးပေးပါ)
၁။ ကလေး၏ ကောင်းကွက်များကိုသာမြင်အောင်ကြည့်ပါ၊ ဆိုးကွက်များကိုမကြည့်ပါနဲ့။
ကလေးရဲ့ ကောင်းကွက်တွေကိုသာမြင်အောင်ကြည့်ပြီး အဲဒီကောင်းတဲ့အချက်တွေပိုများပိုကောင်းလာအောင် လုပ်ပေးရင် ကလေးကတဖြည်းဖြည်း ပြောင်းလဲလာပြီး ဆိုးနေတာတွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
၂။ ကလေးရဲ့ ဖွံဖြိုးတိုးတက်မှုဖြစ်စဉ်မှာ တိုးတက်လာနေတာကိုမြင်အောင်ကြည့်ပါ။
ကလေးကိုအရည်အချင်းပြည့်ဝပြီလို့မထင်လိုက်ပါနဲ့။ ကလေးကတိုးတက်နေဆဲဖြစ်သလို အများကြီးထပ်ပြီးတိုးတက်နေမှာလည်း ဖြစ်ပါတယ်။
၃။ ကလေးတွေနဲ့ပါတ်သတ်ပြီး ဇီဇာမကြောင်ပါနဲ့။
အစပိုင်းမှာကလေးတွေကို အရာအရာပြီးပြည့်စုံသူတွေလို့ မသတ်မှတ်လိုက်ပါနဲ့။ သူတို့လေးတွေဟာ အခုမှပထမဆုံးစပြီး လေ့လာကြရမှာပါ။ ပထမဆုံးအကြိမ်မှာတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ခုခုကိုလုပ်လိုက်နိုင်တိုင်း သင်က ချီးကျူးပေးဖို့ တကယ်ကိုအရေးကြီးပါတယ်။
၎။ မနှိုင်းယှဉ်ပါနဲ့။
ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ကလေးတိုင်းဟာ အရည်အချင်းတစ်မျိုးစီ၊ ထူခြားချက်တစ်မျိုးစီ ရှိနေကြတာချည်းပါပဲ။
၅။ ကျောင်းစာနဲ့ပါတ်သက်ပြီး အတင်းအကျပ်မလုပ်ပါနဲ့။
ကလေးဘက်က ကြိုးစားနေတာလေးကိုပဲ လက်ခံပေးလိုက်ဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ကျောင်းစာမှာ ဘယ်လောက် အနေအထားရှိတယ် ဆိုတာမျိုးကို မဆုံးဖြတ်လိုက်ပါနဲ့၊ မိမိသားသမီးက မိမိရဲ့မေတ္တာကို လုံလုံလောက်လောက်ရရှိပြီး မိမိကို အားကိုးအားထားပြုနိုင်တယ်ဆိုရင် ကျောင်းစာမှာလည်းအလိုလို အဆင်ပြေလာမှာပါ။
၆။ ကိုယ့်သားသမီးကို သူ့အရှိအတိုင်း ၁၀၀ရာခိုင်နှုန်း အပြည့်အဝ လက်ခံပေးလိုက်ပါ။
ကိုယ့်သားသမီးရဲ့ကောင်းကွက် ဆိုးကွက်တွေအပေါ်မှာခံစားချက်ဖြစ်မနေပါနဲ့။ ကလေးကို အရှိအတိုင်းရာနှုန်းပြည့်လက်ခံပေးလိုက်ပါ။ ဒီလိုလက်ခံပေးလိုက်ခြင်းဟာ သင့်ကလေးကိုပြုစုပျိုးထောင်ဖို့အတွက် ကောင်းတဲ့နည်းလမ်းပါပဲ။
ကလေးငယ်ထံမှ ရလာဒ်ကောင်းတွေကိုရဖို့ စိတ်ရှည်ဖို့လိုပါလိမ့်မယ်နော်။
"ကလေးငယ်ရဲ့အရည်အချင်းတွေဟာ မိဘကသူတို့လေးတွေအပေါ် လက်ခံ၊ ချီးကျူး၊မေတ္တာထား ပျိုးထောင်ပေးမယ်ဆိုရင် သူတို့လေးတွေရဲ့အရည်အချင်းတွေဟာ တရိပ်ရိပ်နဲ့ တိုးတက်လာမှာ အသေအချာပါပဲ။

Friday, March 4, 2016

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာ

၁။ ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂။ ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃။ အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎။ ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅။ စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆။ သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇။ စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈။ သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉။ မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀။ သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁။ ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂။ အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃။ ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄။ ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅။ ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆။ အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇။ ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈။ တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉။ အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀။ အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

စိတ်ဆင်းရဲရင် လိုက်နာဖို့နည်း (၄) မျိုး

နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်မှာ သေချာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။
စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။
— စိတ်ညစ်တာ
—- ထိတ်လန့်တာ
—- စိုးရိမ်ကြောင့်ကြတာ
—- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်း ရပ်ပစ်ရမယ်။

မရပ်လို့ကတော့ စိတ်ညစ်တာကပဲ ပတ်ချာလည်နေမှာပဲ။
အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့……….
—- တည်ငြိမ်တာ
—- သတ္တိရှိတာ
—- ဇွဲရှိတာ
—- ပျော်ရွှင်တာတွေ ဖြစ်တယ်။
စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။
ပထမဆုံးနည်းတစ်နည်းက ဘယ်လိုလဲဆိုတော့ စိတ်ဆင်းရဲနေပေမယ့်၊ အခက်အခဲကြုံနေပေမယ့် အပြင်ပန်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေရမယ်။ တတ်နိုင်သမျှ ဖြစ်နေတဲ့စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ မိမိ ကြုံတွေ့နေရတဲ့အဖြစ်ကို ရယ်စရာသဘော၊ ဟာသသဘော ပြောင်းသွားအောင် စိတ်ကူးရမယ်။ ရယ်ပစ်ရမယ်။ ပြောပြပြီး ရယ်ပစ်၊ တွေးပြီး ရယ်ပစ်လိုက်။
အချို့ဟာ အဲဒီလိုနေတတ်လို့ စိတ်ဆင်းရဲနေပေမယ့် ဆင်းရဲမှန်းတောင် မသိသာပါဘူး။ ဒုက္ခကို ဟာသလုပ်တယ်။ ဟာသလုပ်နိုင်တဲ့အတွက် တော်ရုံတန်ရုံ အခက်အခဲဟာ လွန်မြောက်တာပဲ။ ကျန်းမာရေးလည်း မထိခိုက်ဘူး။ ပေါင်းသင်းဆက်ဆံရေးမှာလည်း မချို့ယွင်းဘူး။ အချိန်ကာလက သူ့ဒုက္ခန့ အခက်အခဲကို ပြောင်းလဲ ကယ်တင်သွားတော့တယ်။
အချို့ဆို အဲဒီလိုနေနိုင်တတ်လို့ “ဟင်- သိတောင် မသိလိုက်ဘူး” လို့ ပြောကြရတာပဲ။
စိတ်ညစ်ပြီး လင်းတမှိုင် မှိုင်ကြသူမျိုးကို လူတွေက မုန်းကြတယ်။ မမြင်မတွေ့ချင်ကြတဲ့သဘော ရှိတယ်။ ကိုယ့်ဒုက္ခနဲ့ကိုယ် ပြန်အမုန်းခံကြရတာပဲ။ စိတ်ညစ်စရာရှိရင်တောင် ညစ်မပြနဲ့ ဆိုတာ အဲဒါကြောင့်ပြောတာ ဖြစ်တယ်။
ဒုတိယနည်းကတော့
ကိုယ်ကြုံနေရတဲ့ ဒုက္ခဆင်းရဲကို အပ်ကြောင်းထပ်နေအောင် မတွေးတာပါဘဲ။ ဓာတ်ပြားကြီးကို အဖန်တလဲလဲလည်ပြီး တွေးနေရင် အဖြေနဲ့ ထွက်ပေါက် မရဘဲ ရူးတောင် ရူးတတ်ပါတယ်။
အဲဒီလိုမို ဒုက္ခဆင်းရဲကို အဆက်မပြတ် တွေးမနေရပါဘူး။ ဘယ်သူက ငါ့ဘယ်လိုပြောတယ်၊ ဘယ်လိုပြုတယ် အစရှိတာပဲ ထပ်ထပ်တွေးနေရင် အကုသိုလ်တက်တာနဲ့အမျှ စိတ်မှာ ၀န်ထုပ်ဝန်ပိုးပိသလို ဖြစ်နေတတ်တယ်။
အဲဒါကြောင့် အဆက်မပြတ် မတွေးလည်း မတွေးနဲ့၊ ပြီးတော့ စိတ်လည်း တိုမနေပါနဲ့။
အခက်အခဲကို ဆူဆူပူပူလုပ်နေရင်လည်း ပိုပြီး ခက်ခဲမယ်။
အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် သနားပြီး စိတ်ငယ်သွားတယ်။ အဲဒါလည်း မှားတာပဲ။
မိမိကိုယ်မိမိ သနားပြီး စိတ်ငယ်သူတွေရဲ့အခက်အခဲဟာ လွတ်မြောက်ခဲလှတယ်။
တတိယနည်းကတော့ ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။
စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။
အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။
စတုတ္ထအချက်က…..
(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။
(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။
စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို သတိထားရမယ်။
သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

မေတ္တာသည်သာ

တစ်ခါက တရုတ်ပြည်မှာ ရင် ဆိုတဲ့ အမျိုးသမီးတစ်ဦးနေထိုင်တယ်။ တစ်နေ့တော့ ထိုအမျိုးသမီးရဲ့ အိမ်ရှေ့မှာ အဖိုးကြီးသုံးရောက် ရပ်နေကြတယ်။ ရင် ကလဲသနားတတ်တဲ့သြူုဖစ်တော့ ဒီအဖိုးကြီးသုံးရောက်ကို အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်သတဲ့ ။ အဖိုးကြီးသုံးယောက်က ရင် ကိုနင့် ယောက်ျား အိမ်ထဲမှာရှိလားလို့ မေးတာပေါ့။ ရင် ကတော့ မရှိသေးဘူး အပြင်ခဏသွားတယ်လို့ပြန်ဖြေတော့ အဖိုးကြီးတွေက ” ယောက်ျားမရှိတဲ့အိမ်ကို ငါတို့ဝင်ဖို့ မသင့်တော် နင့်ယောက်ျားလာမှဝင်မည် ” ဟုဆိုကာ ရပ်နေသတဲ့
မကြာမီ သူ့ယောက်ျားပြန်လာတော့ ရင် က အဖိုးကြီးတွေကို လာခေါ်သတဲ့။ အဖိုးကြီးတွေက ရုတ်တရက် ပုံစံပြောင်းသွားပြီးတော့ နတ်မင်းတွေ ဖြစ်သွားကြသတဲ့။ပြီးတော့ ” ချစ်သမီး ရင် ငါတို့မှာ ကောင်းကင်မှနတ်မင်းများဖြစ်ကြသည် ငါ့သမီးကောင်းမှုတွေ လုပ်ခဲ့တဲ့အတွက် ငါ့သမီးကို ကယ်တင်ဖို့ဖြစ်သည် ငါ့သမီး ငါတို့သုံးယောက်ထဲက တစ်ယောက်သည အိမ်ထဲဝင်မည်ဖြစ်သည် တစ်ယောက်ကတော့ ချစ်ခြင်းမေတ္တာနှင့်စည်းလုံးခြင်းကို ကိုယ်စားပြုတဲ့နတ်မင်း “ဖူ” ပေတည်း နောက်တစ်ယောက်ကတော့ ချမ်းသာကြွယ်ဝမှုကိုပေးတဲ့ နတ်မင်း ” လူ” ဖြစ်သည် ကျွန်ုပ်ကတော့ အောင်မြင်ကျော်ကြားမှုကို ပေးမယ့် “ရှိုး” ဖြစသည်။ ငါ့သမီးအိမ်ထဲဝင်ပြီးတော့ နင့်ယောက်ျားနဲ့တိုင်ပင်လိုက်ပါ။ ဘယ်တစ်ယောက်ကို ရွေးမလဲလို့”
ရင် လဲအိမ်ထဲဝင်သွားပြီးတော့ သူ့ယောက်ျားနဲ့တိုင်ပင်တယ်။ ရင်ကတော့ “ချမ်းသာချင်တယ် အဲဒါကြောင့် လူ ကိုရွေးမယ်” သူ့ယောာက်ျားကတော့ ” မင်းကွာ မင်းဘာလို့ ကျော်ကြားမှုကို မရွေးတာလဲ” သူတို့နှစ်ယောက်ရန်ဖြစ်ကြတာ အချိန်တော်တော်ကြာတယ်။
နောက်တော့ လင်မယားခြင်းရန်ဖြစ်ရင်းနဲ့ ပန်းကန်တွေခွဲကြ၊ တစ်ယောက်နဲ့တစ်ယောက် ရိုက်မယ်နှက်မယ်ပေါ့ နောက်ဆုံးသူတို့လင်မယားရန်ဖြစ်နေကြတာကို အိမ်မှာရှိတဲ့ သမိးက ကြားသွားပြီးတော့ ” အဖေနဲ့အမေ ရန်ဖြစ်နေတာကို မြင်ရတော့မှ ချစ်ခြင်းမေတ္တာကို ရွေးချယ်ရမှန်းသိလာတယ် ဖူ ကိုမရွေးဘူးလား” လို့မေးသတဲ့။
အဲတော့မှ ဟိုလင်မယားလဲ သံဝေဂရပြီးတော့ ဖူကို ထွက်ခေါ်သတဲ့။ ဖူ ကထိုင်နေရာကနေ ထလာတယ် အခြားနတ်မင်းနှစ်ပါးလဲ လိုက်လာတယ်။ ရင် က ” ကျွန်မ ဖူကိုပဲခေါ်တာ ဘာလို့အကုန်လိုက်လာတာလဲ ” လို့ မေးလိုက်တယ်။
ဖူကတော့ ” အိမ်တစ်အိမ်မှာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးခြင်းတွေရှိနေမှတော့ ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုဆိုတာ သိပ်မကြာခင် ရောက်လာမှာပဲလေ ”

Thursday, March 3, 2016

အသက်သုံးဆယ်အရွယ်မှာစတင်ရမယ့်အရာများ

အသက် ၃၀+ ဆိုတာဘဝရဲ့ ငါးပုံနှစ်ပုံခန့်ကို ဖြတ်သန်းပြီးစအရွယ်ဖြစ်ပါတယ် နုပျိုမှုနဲ့ ဘဝအတွေ့အကြုံ ဥာဏ်ပညာရင့်ကျက်မှု သမမျှတတဲ့အရွယ်ပါ။ ဒီအရွယ်မှာလိုက်နာသင့်တဲ့ အချက် ၁၉ ချက်ကို Brightside ဆိုတဲ့ website က ဆောင်းပါးတစ်ခုကနေ ကျနော် နားလည်သလောက်ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။ ၃၀ ပြည့်စ၊ ကျော်စ သူငယ်ချင်းတွေဖတ်ဖို့ပါ

၁။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်သူဆိုရင်လည်း ချက်ချင်းဖြတ်ဖို့ကြိုးစားပါ။
ပိုက်ဆံကုန်တယ်၊ အနံ့ဆိုးတယ်၊ ရောဂါရဖို့ ၁၀၀ ရာခိုင်နှုန်းပြည့်သေချာတယ်။ ဆေးလိပ်သောက်တာကို ခုပဲရပ်လိုက်သင့်ပါပြီ။
.
၂။UV ခရင်မ်လိမ်းပါ
သင့်ရဲ့အသားအရေမှာ နေလောင်ဒဏ်တွေ၊ မှဲ့ခြောက်တွေ အဖုအပိန့်တွေမဖြစ်ချင်ဘူးဆိုရင်တော့ UV ခရင်မ်တစ်ခုခုကိုစလိမ်းဖို့လိုပါပြီ။
.
၃။ ပိုက်ဆံ စစုပါ။ နည်းတာများတာ ပဓာနမဟုတ်ပါ။
ပျင်းစရာကောင်းတဲ့အကြံပြုချက်ကြီးလို့ထင်စရာပါ။ ဒါပေမယ့် အသက်သုံးဆယ်နောက်ပိုင်းမှာ ကိုယ့်ရှိတဲ့ဝင်ငွေထဲက နည်းနည်းဖြစ်ဖြစ် စုဆောင်းထားတတ်တဲ့အကျင့်လုပ်ထားခြင်းဟာ အနာဂတ်အတွက် အာမခံချက်တစ်ခုကိုတည်ဆောက်နေခြင်းပါပဲ။
.
၎။ မိဘတွေ၊ မောင်နှမတွေနဲ့ဆက်ဆံရေးကောင်းကို တည်ဆောက်ပါ၊ မကောင်းရင်ပြင်ဆင်ပါ။
သင့်မိဘတွေ၊ မွေးချင်းတွေနဲ့ သင့်ရဲ့ဆက်ဆံရေးဟာ ရှုပ်ထွေးတယ်၊ အဆင်မပြေဘူးဆိုရင်တောင် သူတို့တွေနဲ့လိုက်လျောညီတွေဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်။ မိသားစုသံယောဇဉ်ဆိုတာ ဘဝမှာအင်မတန်ကိုအရေးပါပါတယ်။ မိသားစုဆိုတာ သင့်ဘဝမှာ တန်ဖိုးအကြီးဆုံးအရာဆိုတာ အနှေးနဲ့အမြန်ဆိုသလို သင်သိလာပါလိမ့်မယ်။
.
၅။ ရုပ်ဝတ္ထုပစ္စည်းတွေအစား အမှတ်တရတွေကိုစုဆောင်းသိမ်းဆည်းပါ။
ဘဝတစ်ခုဆိုတာ အတွေ့အကြုံတွေ အမှတ်တရတွေနဲ့တည်ဆောက်ထားတာပါ။ အသက် ငါးဆယ်လောက်ကျမှ "ငါ့ဘဝမှာ ရုပ်ဝတ္ထုပစ္စည်းတွေပဲစုဆောင်းမိခဲ့ပြီး အမှတ်တရဆိုလို့ဘာမှမရှိ၊ ဗလာနတ္ထိဘဝကြီးပါလား" ဆိုပြီးနောင်တမရချင်ပါနဲ့။ အမှတ်တရဖြစ်ရပ်တွေဆိုတာ ဟောင်းသွားလို့ တန်ဖိုးကျတယ်တို့၊ မီးလောင်လို့ပျက်စီးသွားတယ်တို့ လုံးဝမရှိပါဘူး။
.
၆။ လောကကြီးကို တစ်ခုခုပြန်ပေးဖို့ကြိုးစားပါ။
သူတပါးအကျိုးကိုဆောင်ရွက်လိုက်ရခြင်းကြောင့် မိမိကိုယ်မိမိ လူကောင်းတစ်ယောက်အဖြစ် ထင်မြင်လေးစားမှုရရှိစေပါတယ်။ ဒါပေမယ့် သူတပါးအတွက်ပေးကမ်းဆောင်ရွက်တဲ့အခါ ဘာအကျိုးအမြတ်ကိုမှမမျှော်ကိုးဖို့နဲ့ တကယ့်ရင်ထဲနှလုံးထဲက လှိုက်လှိုက်လှဲလှဲဆောင်ရွက်ဖို့တော့လိုပါလိမ့်မယ်။
.
၇။ အားကစားလိုက်စားပါ။
သွက်လက်တဲ့ဘဝပုံစံမျိုးကို အခုပဲစတင်တည်ဆောက်လိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်းရဲ့အကျိုးကျေးဇူးကို သင့်အသက် ငါးဆယ်ဝန်းကျင်ကျရင် သိသိသာသာခံစားရပါလိမ့်မယ်။ ကိုယ်အလေးချိန်ကို ထိန်းပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ရမယ့်အရွယ်ရောက်လာပါပြီ။
.
၈။ ဘဝမှာရောင့်ရဲတတ်ဖို့ လေ့ကျင့်သင်ယူပါ။
တစ်ကိုယ်ရေပျော်ရွှင်မှုဆိုတာ လူသိများပြီးကမ္ဘာကျော်တဲ့အောင်မြင်မှုတွေထက်ပိုအရေးကြီးပါတယ်။ ကိုယ့်မှာရှိသမျှလေးနဲ့ရောင့်ရဲတတ်တဲ့အတွက်ကြောင့် မီလီလျံနာကြီးမဖြစ်ပေမယ့် ပျော်ရွှင်တဲ့လူသားတစ်ဦးတော့ဖြစ်စေမှာသေချာပါတယ်။ မီလီလျံနာသူဌေးကြီးဖြစ်လာရင်လည်း အောက်ခြေမလွတ်တဲ့၊ ဘဝကိုပျော်ရွှင်ကျေနပ်မှုရတဲ့ သူဌေးကြီးဖြစ်လာပါလိမ့်မယ်။
.
၉။ ဘဝရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့ အချိန်မစောင့်ပါနဲ့တော့။
အိမ်တစ်လုံးလောက်ဝယ်ချင်နေလား ? အိမ်ထောင်ပြုပြီး သားသမီးတွေယူဖို့စိတ်ကူးနေလား? စာအုပ်တစ်အုပ်လောက်ရေးချင်နေလား ? မဟာဘွဲ့တစ်ခုခုယူဖို့စိတ်ကူးနေလား? အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်တစ်ခုစချင်ပြီလား ? တူရိယာတစ်ခုခု တီးမှုတ်တတ်ဖို့ လေ့လာချင်နေလား? ကိုယ်ပိုင်လုပ်ငန်းတစ်ခုထောင်ချင်နေလား? ဒီနေ့ပဲ သင့်အိမ်မက်ကိုအကောင်အထည်စဖော်ပါတော့။ "တစ်နေ့နေ့တော့စကိုစမယ်ကွ" ဆိုပြီး နေ့ရွှေ့ညရွှေ့လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် သင့်အသက်သုံးဆယ်နောက်ပိုင်းရောက်လာရင် အချိန်ကအရင်ကထက်အကုန်မြန်တော့မှာ။ ဟိုလှည့်သည်လှည့်နဲ့ လေးဆယ် ငါးဆယ် ရောက်သွားမှာ။ သင့်အိမ်မက်တွေကို မဖြစ်မနေစတင်ရမယ့်အချိန်ဟာ သည်နေ့ သည်ချိန်ပါပဲ။
.
၁၀။ အိပ်ရေးဝဝအိပ်ပါ။
အလင်းရောင်စူးစူးတွေမရှိတဲ့၊ မှောင်ပြီးတိတ်ဆိတ်တဲ့ အခန်းမှာ အေးအေးချမ်းချမ်းအိပ်စက်ပါ။ အိပ်ယာထဲမှာ ဖုန်းမပွတ်ပါနဲ့။ အိပ်ပျော်ဖို့ခက်ခဲပါလိမ့်မယ်။ အိပ်ချိန်နဲ့ ထချိန်ကို သတ်သတ်မှတ်မှတ်လုပ်ထားပြီး အချိန်မှန်အိပ်၊ အချိန်မှန်ထဖို့ လေ့ကျင့်ပါ။
.
၁၁။ သွားကျန်းမာရေးကိုဂရုစိုက်ပါ။
သွားဆေးခန်းမှာ သင့်သွားနဲ့ခံတွင်းကိုအခုပဲစစ်ဆေးပါ။ ပျက်စီးနေတာတွေရှိရင်အခုကတည်းကပြင်ဆင်ဖာထေးလိုက်ပါ။ သွားကျန်းမာရေးဆိုတာ ဂရုမစိုက်ပဲထားရင် သူ့ဟာသူပြန်ကောင်းသွားတယ်လို့ ဘယ်တော့မှမရှိပါဘူး။ ပိုဆိုးလာဖို့ပဲရှိပါတယ်။ သွားနဲ့ပတ်သက်တဲ့ကုသမှုတွေက ဈေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် မကုမဖြစ်အခြေအနေကျမှ ဆေးခန်းသွားရင် အဆပေါင်းများစွာပိုကုန်သလို ပိုလည်း နာပါလိမ့်မယ်။
.
၁၂။ စူးစမ်းလေ့လာပါ၊ ခရီးထွက်ပါ။
အိမ်ထဲကနေထွက်ပြီး ခရီးတွေသွားဖို့ ခုပဲပြင်ဆင်ပါတော့။ သင်သွားနိုင်သမျှ ဝေးဝေးနဲ့ သင်တတ်နိုင်သမျှ ထူးခြားဆန်းပြားတဲ့ နေရာတွေဆီကို ခရီးထွက်ပါ။ ဓာတ်ပုံတွေအများကြီးရိုက်ပါ။ စွန့်စွန့်စားစားသွားရမယ့်နေရာတွေအထိသွားပါ။ ဖြစ်နိုင်ရင်တော့ သင်နဲ့အရင်းနှီးဆုံးသူတစ်ယောက်ကိုခရီးဖော်အဖြစ် ခေါ်သွားပါ။ ဘဝမှာ ကြီးမားတဲ့အမှတ်တရတွေ ဖန်တီးလိုက်ပါ။ သင်အသက်ကြီးလာတဲ့အခါ ဒီခရီးတွေအကြောင်းပြန်တွေးပြီး ပြုံးနေပါလိမ့်မယ်။
.
၁၃။ ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ပါ။
သင့်မှာပိုက်ဆံတွေရှိလွန်းလို့ တစ်ကမ္ဘာံလုံးကိုဝယ်ရင်ဝယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ဝယ်ယူလို့မရပါဘူး။ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအသောက်တွေကို အသက်သုံးဆယ်ကနေစပြီး ရှောင်ရှားပါ။
.
၁၄။ တစ်နှစ်ကို အနည်းဆုံး စာအုပ် ဆယ်အုပ်တော့ဖတ်ဖြစ်အောင်ဖတ်ပါ။
လူတစ်ကိုယ်လုံးမှာ သေတဲ့အထိဖွံ့ဖြိုးကြီးထွားနိုင်တဲ့အရာဟာ သင့်ရဲ့ဥာဏ်ပညာသာဖြစ်ပါတယ်။ ဦးနှောက်ကြီးထွားဖွံ့ဖြိုးအောင် စာကောင်းပေမွန်တွေနဲ့လေ့ကျင့်ပျိုးထောင်ပေးပါ။
.
၁၅။ စိတ်လေ့ကျင့်ခန်းတစ်ခုခုကိုသင်ယူလေ့ကျင့်ပါ။
စိတ်တည်ငြိမ်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ အနန္တပါ။ ပြောလို့မကုန်ပါဘူး။ သင့်ဘက်ကရင်းနှီးရမှာဆိုလို့ တစ်နေ့တာရဲ့ အချိန်နည်းနည်းလေးရယ်ပါ။ စိတ်တည်ငြိမ်ရင့်ကျက်လာတာနဲ့အမျှ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတောင် သင့်ရဲ့ပြောင်းလဲမှုကိုသတိထားမိလာကြပါလိမ့်မယ်။
.
၁၆။ ကိုယ့်ကိုယ်ကို သူများတွေနဲ့နှိုင်းယှဉ်တာမျိုးတွေမလုပ်ပါနဲ့တော့။
သူများတွေကိုယ့်ကိုအထင်ကြီးမကြီးဆိုတာ အရေးမပါမှန်း သင့်အသက် ၅၀ လောက်ကျရင် သင်သိလာပါလိမ့်မယ်။ ကိုယ့်လမ်းကိုယ် ခိုင်ခိုင်မာမာ လျှောက်ပါ။
.
၁၇။ ဒိုင်ယာရီရေးတဲ့အကျင့်လုပ်ပါ။
ဘဝထဲကအမှတ်တရဖြစ်ရပ်အချို့ဟာ သင်သတိတရနဲ့ ရေးမှတ်ထားတာမျိုးမလုပ်ရင် တစ်ချိန်ကျ မေ့သွားတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဘဝအမှတ်တရလေးတွေစုစည်းရေးမှတ်ထားတဲ့ ဒိုင်ယာရီလေးကိုပြန်ဖတ်ရတာ ဖျော်ဖြေမှုတစ်မျိုးပဲပေါ့။ Memory stick လေးနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေအားလုံးကိုသိမ်းဆည်းထားပါ။ သင့်ရဲ့အမှတ်တရသိမ်းဆည်းတတ်တဲ့အကျင့်လေးကို သင့်ရဲ့အိမ်ထောင်ဖက် နဲ့ သားသမီးမြေးမြစ်တွေက ကျေးဇူးတင်ကြပါလိမ့်မယ်။
.
၁၈။ သူငယ်ချင်းတွေအပေါ် ဂရုတစိုက်ရှိပါ။
ကိုယ်နဲ့အသင့်တော်ဆုံး၊ ရင်ဘတ်ချင်းအနီးဆုံး သူငယ်ချင်းကိုရွေးချယ်ပေါင်းသင်းပါ။ သူတို့နဲ့အတူ ဘဝကို နိမ့်မြင့်မဟူ အတူတူဖြတ်သန်းပါ။ သူငယ်ချင်းကောင်းတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့။ အနည်းဆုံးတစ်ပတ်တစ်ခါတော့ အဆက်အသွယ်လုပ်၊ စကားစမြည်ပြောပါ။
.
၁၉။ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ယူပါ။
လူတော်တော်များများအတွက်တော့ ဒီအရာဟာ လက်ရှိအခြေအနေအရမလွယ်ကူနိုင်ပါဘူး။ ဒါပေမယ့် တစ်နေ့တာရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ကိုယ်ပိုင်ဆိုင်တဲ့ အိမ်လေးထဲမှာ အနားယူဖြေဖျောက်နိုင်ဖို့ ရည်မှန်းချက်ထားပြီး တတ်နိုင်သမျှကြိုးစားပါ။ အိမ်တစ်လုံးကို အသက် ၃၀ မှာအရစ်ကျနဲ့ဝယ်ယူနိုင်မယ်ဆိုရင် သင့်အသက် ၅၀ ဆို သင်ဟာ အိမ်ပိုင်ယာပိုင်နဲ့ဖြစ်နေဖို့သေချာသလောက်ရှိပါတယ်။

ကလေးတို့ရဲ့ ဉဏ်ရည်ဖွံ့ ဖြိုးမှုနဲ့ အဖေတစ်ယောက်ရဲ့ တာဝန်

မွေးစကနေ သုံးနှစ်တာကာလမှာ ကလေးတစ်ယောက် ဥာဏ်ရည်ဖွံ့ဖြိုးဖို့အတွက် မေမေတို့နဲ့အတူ ဖေဖေတွေကပါ ၀ိုင်းဝန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးရပါမယ်။ အများအားဖြင့် ကလေးတစ်ယောက် လူ့လောကရောက်လာပြီဆိုရင် မေမေတွေကပဲ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေးကြရပါတယ်။ မွေးစကတည်းက အဖေ၊ အမေတို့ရဲ့ တစ်လှည့်စီချော့မြူခြင်းခံရတဲ့ ကလေးဟာ အထိအတွေ့အားဖြင့်လည်း အမေ့ရဲ့ညင်သာပျော့ပြောင်းမှုနဲ့ အဖေ့ရဲ့တောင့်တင်းမာကျောမှုဆိုတာတွေကို သိရှိခံစားလာရပါတယ်။ အဲ့ဒီလိုပဲ အဖေ့အနံ့၊ အမေ့အနံ့၊ အဖေ့အသံ၊ အမေ့အသံ စတဲ့ မတူညီတဲ့အသံတွေ၊ အနံ့တွေကိုလည်း ခွဲခြားခံစားလာနိုင်ကြပါတယ်။
ဒါကြောင့် ကလေးတစ်ယောက်ကို မွေးစအရွယ်ကတည်းကစပြီး ဖေဖေများကပါ မေမေများနှင့်အတူ ၀ိုင်းဝန်းပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးမယ်ဆိုရင်ဖြင့် ကလေးရဲ့ဥာဏ်ရည်ဖွံ့ဖြိုးမှုကို များစွာအထောက်အပံ့ဖြစ်စေမယ်ဆိုတဲ့အကြောင်းကို ဥာဏ်ကြီးရှင် မဂ္ဂဇင်း ဇန်န၀ါရီလထုတ် Cover Story အဖြစ် ရေးသားခဲ့တဲ့ "ကလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ အဖေတစ်ယောက်ရဲ့တာဝန်" ဆောင်းပါးကို ပြန်လည်တင်ပေးလိုက်ပါတယ်။
------------------------------------------------------------------------------
ကလေးတို့ရဲ့ ဉဏ်ရည်ဖွံ့ ဖြိုးမှုနဲ့ အဖေတစ်ယောက်ရဲ့ တာဝန်
ခေတ်ဘုန်းသစ်
မွေးစကနေ သုံးနှစ်တာ ကာလဟာ ကလေးတစ်ယောက် ရဲ့ ဉဏ်ရည်ဖွံ့ ဖြိုးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးလိမ်္မာဖို့အတွက် အများဆုံး ပုံဖော်ပေးနိုင်တဲ့ ကာလပါ။ ဒါကြောင့်မို့လို့ ကလေးတို့ ဉဏ်ကောင်းဖို့နဲ့ ယဉ်ကျေးလိမ်္မာဖို့အတွက် ဒီကာလမှာ ကလေး အနားမှာ နေသူ (ကလေးပြုစုစောင့်ရှောက်သူ)များရဲ့ ပြုစုပျိုးထောင် မှုဟာ ကလေးအတွက် သိပ်ကိုမှ အရေးကြီးတယ်လို့ ဆိုတာပါပဲ။ အရင်တုံးကတော့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ဟာ မိန်းမတွေရဲ့ အလုပ်(အမေ)တွေရဲ့ အလုပ်ပဲလို့ ကျွန်မတို့ လူ့အဖွဲ့အစည်းက ထင်မြင်ခဲ့ကြပါတယ်။ အိမ်ထောင်တစ်စုမှာ ကလေးကို လိမ်္မာအောင်လို့ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ တာဝန်ဟာ မိန်းမ တွေရဲ့ တာဝန် (တစ်နည်းပြောရမယ်ဆိုရင်တော့) အမေတွေရဲ့ အလုပ်လို့ လူ့အဖွဲ့အစည်းက လက်ခံခဲ့ကြပါတယ်။ ဒီလိုယူဆမှုများ ဟာ ၁၉၅၀လောက်အထိ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ အတူတူပဲ ဖြစ်ပါတယ်။ ၁၉၄၀၊ ၁၉၅၀ ခုနှစ်လောက်အထိ မိသားစု တစ်စုထဲမှာ အဖေလို့ပြောလိုက်ပြီဆိုရင် ဒီအဖေရဲ့ တာဝန်ဟာ ပိုက်ဆံရှာပေးသူ၊ အိမ်ရဲ့ စီးပွားရေးကို ဦးစီးလုပ်ကိုင်သူလို့ပဲ မြင်ခဲ့ ကြတယ်။
ဒါပေမယ့် ၁၉၅၀ နောက်ပိုင်း(တစ်နည်းပြောရရင်တော့) လူရဲ့ ဦးနှောက်ဖွံ့ ဖြိုးပုံအကြောင်းကို သေသေချာချာနားလည်လာကြ ပြီးနောက်ပိုင်းမှာတော့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ ကိစ်္စဟာ အမေတစ်ယောက်ထဲနဲ့ မလုံလောက်ဘူးဆိုတာကို ပညာ ရှင်များက နားလည်လာခဲ့ကြပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ ကလေးကို မေမေဘယ်လို ထိန်းသလဲဆိုတဲ့ ကိစ်္စအရေးကြီးသလိုပဲ ကလေးကို ဖေဖေဘယ်လိုထိန်းသလဲဆိုတဲ့ ကိစ်္စကလည်း အရေးကြီးတဲ့ ကိစ်္စပဲဆိုတာကို ပညာရှင်များ သိမြင်လာခဲ့ကြပါတယ်။
ဒါကြောင့်မို့လို့ ကလေးတစ်ယောက်အပေါ် ကျေပွန်ရမယ့် အဖေတစ်ယောက်ရဲ့ တာဝန်ဟာ ကျွန်မတို့ ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ ဒို့ဖေဖေ ကဗျာထဲကလိုမျိုး စားဝတ်နေရေး ငွေရှာပေးရုံ လောက်၊ ကိစ်္စများပေါ်ပေါက်လာတဲ့အခါ စီစဉ်တတ်ရုံနဲ့ လောက်နဲ့ မလုံလောက်တော့ပါဘူး။ ဒီ့ထက်ပိုလာပါတော့တယ်။
အဖေများရဲ့တာဝန်
အဖေရဲ့ ထိန်းကျောင်းမှုဟာ ကလေးတို့ရဲ့ ဖွံ့ ဖြိုးရေး အတွက် အရေးကြီးတယ်ဆိုတာကို မသိခင် အချိန်တုံးကတော့ ကလေးတစ်ယောက် လူ့လောကထဲကို စတင်ရောက်ရှိလာပြီဆိုတာ နဲ့ တစ်ပြိုင်နက်ထဲမှာ ဒီကလေးနဲ့ ပတ်သက်တဲ့ ကိစ်္စအ၀၀ မှန်သမျှကို အမေအပါအ၀င် မိန်းမထုကြီးကပဲ လုပ်ကိုင်ဆောင်ရွက်ပေးကြရပါ တယ်။ ကလေးဟာ မွေးကတည်းကိုက အမေပဲ ပြုစုထိန်းကျောင်း လာရတာမို့လို့ ကျောင်းနေတော့လည်း အမေ၊ ကျောင်းမှာ ကလေး စာမရတာ၊ စာမလိုက်တာ၊ စာညံ့တာလည်းအမေ၊ ဘာကိုပဲဖြစ်ဖြစ် သားသမီးနဲ့ပတ်သက်တာ မှန်သမျှအားလုံးကို အမေကပဲ အားလုံး တာဝန်ယူဖြေရှင်းကြရပါတော့တယ်။ သားသမီးများဟာ အနီးကပ် နေရသူ အမေနဲ့ပဲ ရင်းနှီးနေတာမို့လို့ အဖေ့ကို ပြောစရာရှိလာပြီဆို ရင်တောင်မှ အဖေ့ကို တိုက်ရိုက် မပြောရဲကြပါဘူး။ အမေက တစ်ဆင့် ပြောခိုင်းကြပါတယ်။ တကယ်တော့ အခုလိုမျိုး ကလေး ဟာ အမေနဲ့နီးပြီးတော့ အဖေနဲ့ ဝေးဝေးမှာနေခိုင်းတဲ့ သားသမီး ထိန်း ကျောင်းမှုပုံစံဟာ ကလေးတို့အတွက် မှန်ကန်တဲ့ ထိန်းကျောင်းမှု ပုံစံ မဟုတ်ပါဘူး။
မွေးစကတည်းက အမေပဲနို့တိုက်၊ အမေပဲ ချီပိုး၊ အမေပဲ စကားတွေပြောနေတဲ့ ကလေးထက်စာရင် အဖေပါ ကလေးအနား မှာ နေပေး၊ ချီပိုးပေး၊ စကားပြောပေးတာဟာ ကလေးတို့ရဲ့ ဉဏ်ရည် ဖွံ့ ဖြိုးမှုအတွက် ပိုကောင်းစေပါတယ်။ မွေးကာစ အရွယ် မှာ ကလေးတို့ဟာ အာရုံငါးပါးထဲက အမြင်အာရုံကိုကောင်းကောင်း မခံစားနိုင်သေးပေမယ့်လည်း ကျန်တဲ့ အာရုံများကိုတော့ ကောင်း ကောင်းခံစားသိရှိ နေကြပါပြီ။ မွေးစမှာကတည်းက အဖေတစ်လှည့် အမေတစ်လှည့်ဆိုသလို ချီပိုးချော့မြူခြင်း ခံရတဲ့ ကလေးတို့ဟာ အမေ့ရင်ခွင်ရဲ့ ပျော့ပြောင်းညင်သာမှုကို အထိတွေ့အားဖြင့် သိရှိ ခံစားကြရသလို၊ အဖေ့ရင်ခွင်ရဲ့ တောင့်တင်းမာကြောမှုကိုလည်း မွေးစကတည်းမှာကိုက အထိတွေ့အားဖြင့် သိရှိခံစားလာရပါပြီ။ အဲလိုပဲ အဖေ့အနံ့၊ အမေ့အနံ့၊ အဖေ့အသံ၊ အမေ့အသံ စတဲ့ မတူညီ တဲ့ အသံတွေ၊ အနံ့တွေကိုလည်း သူတို့ခွဲခြားခံစားလာနိုင်ကြပါ တယ်။
ကလေးမိခင် တော်တော်များများဟာ ကလေးမွေးဖွားချိန် မှာ စိတ်တိုတာ၊ စိတ်ဆတ်တာ၊ အိပ်မပျော်တာစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ခံစားရတတ်တာမို့လို့ ဒီအချိန်မှာ ခင်ပွန်း ယောင်္ကျားဖြစ်သူ (ကလေးအဖေ)ရဲ့ အကူအညီနဲ့ စောင့်ရှောက်မှုကို ရဖို့ သိပ်ကိုမှ အရေးကြီးပါတယ်။ အထူးသဖြင့် မွေးဖွားတဲ့ ကလေး ဟာ ပထမဆုံးမွေးတဲ့ ကလေးမဟုတ်ဘဲနဲ့ သူ့ရှေ့မှာ ဒုတိယကလေး၊ တတိယကလေးတွေများရှိနေခဲ့မယ်ဆိုရင်ဖြင့် အဖေတစ်ယောက်ရဲ့ တာဝန်ဟာ ပိုပြီးတော့ ကြီးလို့ သွားပါပြီ။ အဲ့ဒီအချိန်မှာ အမေဖြစ်သူ က မွေးစကလေးလေးနဲ့ အလုပ်ရှုပ်နေတာမို့လို့ ကလေးကြီးများကို ဟိုးအရင်တုံးကလိုမျိုး သိပ်ဂရုမစိုက်နိုင်တော့ပါဘူး။ အရင်မွေးတဲ့ ကလေးများဟာ နောက်ကလေး မွေးလို့သာ မမကြီး၊ ကိုကိုကြီးဖြစ် သွားရပေမယ့် တကယ်တော့ ကလေးအရွယ်သာ ရှိသေးပါတယ်။ ကလေးကြီးတွေရဲ့ စိတ်ထဲမှာ အမေကိုယ်ဝန်ဆောင်မှာ တုံးက တောင်မှ အမေနားကို ကပ်လို့ရသေးတယ်။ ဒီပိစိလေးမွေးမှ အမေ့ နားကပ်မရတော့ဘူးဆိုတဲ့ ၀မ်းနည်းနာကြည်းစိတ် မဖြစ်ရအောင်လို့ အဖေတစ်ယောက်အနေနဲ့ ကလေးတို့ကို စောင့်ရှောက်ပေးဖို့ လိုလာ ပါပြီ။
ကလေးငယ်လေးနဲ့ပဲ အလုပ်တွေ ရှုတ်နေတဲ့ အမေ့နားကို အရင်လိုကပ်ခွင့် မရတော့ပေမယ့် ကလေးတို့ဟာ အဖေနဲ့အတူ ကစားရတာ၊ အတူတူ ထမင်းစားရတာ၊ လျှောက်လည်ရတာ၊ ကိုယ် ပြောချင်တဲ့စကားတွေကို အဖေ့လက်ကို ကိုင်ဆွဲရင်း တစ်တွတ် တွတ် ပြောခွင့်ရတာ၊ အဖေက ကိုယ်ပြောတဲ့စကားမှန်သမျှကို စိတ် ၀င်တစားနဲ့ ထိုင်ပြီးတော့ နားထောင်ပေးတာမျိုးတွေရယ်ကြောင့် ကလေးတို့ဟာ ပျော်ကြရပါတယ်။ တကယ်တော့ ဒီအပျော်ဟာ အမေ့နားကပ်ခွင့်မရလို့ စိတ်ညစ်နေရှာသူ ကလေးတို့အတွက် အမေ့ ကိုယ်စား အဖေ့ဆီကနေ ရလိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံပျော်ရွှင် ခြင်းပါပဲ။
မတူညီတဲ့ မသဘာဝနဲ့ ကျားသဘာဝ
ကလေးတွေကို အမေတစ်ယောက်တည်း ထိန်းတာထက် အဖေပါ ၀ိုင်းထိန်းပေးမယ်ဆိုရင် ကလေးတို့ ဉဏ်ပိုကောင်းစေ တယ်ဆိုတော့ ဟုတ်မှ ဟုတ်ပါ့မလားရယ်လို့ မိဘများ တွေးမိကြမှာ ပါပဲ။ အဖေက ယောင်္ကျား၊ အမေက မိန်းမဖြစ်တာကြောင့်မို့လို့ ကလေးတို့ကို ကစားပေးတဲ့ အချိန်၊ ကလေးနဲ့ စကားပြောဆိုတဲ့ အချိန်တွေမှာတောင်မှ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အမေတော်တော်များများက ကလေးနဲ့ ကစားတဲ့အချိန်မှာ များသော အားဖြင့် ငြိမ်ငြိမ်ထိုင်ကစားတဲ့ ကစားနည်းလေးတွေကို ရွေးခြယ် ကစားပေးတတ်ကြပေမယ့် အဖေကတော့ ကလေးတွေနဲ့အတူတူ ဘောလုံးကန်တာ၊ ဘောလုံးပစ်တာ၊ ပွေ့ချီမြှောက်တမ်း ကစားတာ လိုမျိုး လှုပ်လှုပ်ရှားရှားကစားနည်းတွေကို ကစားပေးတတ်ကြပါ တယ်။ ဒီကစားနည်းနှစ်ခုလုံးဟာ ကလေးတို့ရဲ့ ဉဏ်ရေဖွံ့ ဖြိုးဖို့ အတွက် လိုအပ်တဲ့ ကစားနည်းများပဲ ဖြစ်ပါတယ်။
အမေအများစုဟာ ကလေးတို့နဲ့အတူတူ စိတ်ကူးယဉ် ကစားနည်း၊ တီထွင်ဖန်တီးကစားနည်း စတဲ့ ကစားနည်းမျိုးတွေကို သာ ကစားပေးတတ်ကြပေမယ့် အဖေများကတော့ ခန်္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားကြီးတွေကို ဖွံ့ ဖြိုးလာအောင်လို့ ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှား ကစားရတဲ့ ကစားနည်းတွေကို ကစားပေးနိုင်ကြပါ တယ်။ ဒါတင်မကသေးပါဘူး။ ကလေးတစ်ယောက်အတွက် အဖေ ရဲ့ ရင်အုပ်ကျယ်ကျယ်နဲ့ ပခုံးကျယ်ကျယ်တို့ဟာ အင်မတန်မှ ဆော့ ကစားစရာကောင်းတဲ့ ကစားကွင်းကြီးပါပဲ။ အဖေ့ရင်အုပ်ကြီးပေါ်မှာ ကားလေးကို တင်ပြီးတော့ တွန်းမောင်းရတဲ့ အရသာ၊ အဖေ့ ရင်ဘတ်ကြီးကို ကျောက်သင်ပုန်းလို သဘောထားပြီးတော့ ဆော့ ပန်ရောင်စုံနဲ့ ဆေးခြယ်ရတဲ့ အရသာကို ကလေးတို့ အင်မတန်မှ ကြိုက် နှစ်သက်ကြပါတယ်။ ဟိုးအဝေးက မြင်ကွင်းတွေကို ပြည့်ပြည့် စုံစုံကြည့်မြင်နိုင်ဖို့အတွက် အဖေ့ပုခုံးဟာ ကလေးတို့အတွက် သိပ် ကိုမှ ယုံကြည်စိတ်ချစရာကောင်းတဲ့ မျှော်စင်ပါပဲ။
အမေတော်တော်များများက ကလေးကို ချီပိုးတဲ့ အချိန်မှာ ရင်ခွင်ထဲ ထည့်ပြီးတော့ ချီပိုးတတ်ကြတဲ့အတွက် ကလေးတို့မှာ မိခင်ရဲ့ ရင်ငွေ့ကနေ တစ်ဆင့် အမေ့ပေါ်မှာ နီးစပ်ယုံကြည်မှု ရခဲ့ကြ ပါတယ်။ ဒါပေမယ့် အဖေချီတဲ့ အချိန်မှာတော့ အဖေချီနည်းဟာ အမေ့ချီနည်းနဲ့ မတူတော့ပါဘူး။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်ဖြင့် ကလေးတစ်နှစ်ကျော်နှစ်နှစ် သားလေးဆိုပါတော့။ သူ့ကို အဖေ ချီရင် အမေ့လို မဟုတ်ဘဲနဲ့ ပုခုံးပေါ်ကို စွေ့ ကနဲထမ်းပြီးတော့ ချီပစ် လိုက်တဲ့အတွက် ကလေးတို့ဟာ အမေနဲ့မှာတုံးက အမေ့ရင်ခွင်ထဲ ကနေ တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းစုံကို အဖေ့ ပုခုံးပေါ်ကနေ စုံစုံလင် လင် ကြည့်ခွင့်ရ ရပါတော့တယ်။ ဒီအတွေ့အကြုံဟာ ကလေးတို့ အတွက် သိပ်ကိုမှ အရေးကြီးတဲ့ အတွေ့ ကြုံပါပဲ။
ငယ်ရွယ်စဉ်မှာ အဖေဆီကရော၊ အမေ့ဆီကပါ ကြင်နာမှု နဲ့ နွေးထွေးလုံခြုံမှုကို ရတဲ့ ကလေးများဟာ လူ့လောကကို အကောင်းမြင်စိတ်နဲ့ ကြည့်မြင်နိုင်ကြပါတယ်။ လောကဓံတရားနဲ့ ကြုံတွေ့ချိန်မှာလည်း စိတ်အေးငြင်သာစွာနဲ့ ဘ၀ကို ဖြတ်သန်းနိုင် ကြပါတယ်။
သားနှင့်သမီး
အဖေဖြစ်သူရဲ့ ကလေးတို့အမေ (ကိုယ့်ရဲ့ မိန်းမ)အပေါ်မှာ ဆက်ဆံတဲ့ ပုံစံဟာ သားအတွက်ရော၊ သမီးအတွက်ပါ သိပ်ကိုမှ အရေးကြီးလှပါတယ်။ များသောအားဖြင့် သားယောက်ျားလေးများ ဟာ သူတို့ အဖေ့ဆီကနေ တစ်ဆင့်စိတ်နေသဘောထားတွေ၊ အတွေးမြင်တွေကို လက်ဆင့်ကမ်းသင်ယူလာလေ့ရှိပါတယ်။
အဖေတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ ရှေ့မှာ ကိုယ့်ရဲ့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ၊ လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံဖို့ မှု မပြုဘဲနဲ့ “မင်းဘာတတ်လို့လဲ” “မင်းမသိရင် ငြိမ်ငြိမ်နေစမ်း” “မင်းတို့ မိန်းမတွေ တယ်ခက်တာကိုးကွ” စသဖြင့် ကလေးရှေ့မှာ ပြောဆို ဆက်ဆံ နေခဲ့မယ်ဆိုရင်ဖြင့် အဖေ့ဆီကနေ ဒါကို အမြဲကြားနေရသူ သားယောက်ျားလေးဟာ အမေအပါဝင် မိန်းမတော်တော်များများကို အထင်သေးတတ်၊ နှိမ်ချတတ်သွားပါလိမ့်မယ်။
သမီးမိန်းကလေးများကတော့ အဖေဆီကနေတစ်ဆင့် ယောက်ျားလေးတွေရဲ့ သဘောသဘာဝအကြောင်းကို သင်ယူပါ တယ်။ အဖေက အမေနဲ့ သူ့အပေါ်မှာ ဘယ်လို သဘောထားဆက်ဆံ သလဲဆိုတာကို ကြည့်ပြီးတော့ သမီး မိန်းကလေးများရဲ့ ယောက်ျား လေးများအပေါ်ထားတဲ့ သဘောထား အတွေးမြင် အဆိုး၊ အကောင်း ဟာပြောင်းလဲသွားရတာပါပဲ။
သားပဲ ဖြစ်ဖြစ် သမီးပဲ ဖြစ်ဖြစ် ကလေးတို့ဟာ အမေ့ဆီ ကနေ တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း စကားတွေကို သင်ယူတတ်ကြသလို အဖေ့ဆီကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အဖေ ဘယ်လို ဖြေရှင်းသလဲ၊ ဘယ်လိုဝေဖန်သုံးသပ်သလဲ ဆိုတာတွေကိုလည်း သင်ယူတတ်ကြပါတယ်၊ အဲဒီလိုပဲ အမေ အလှပြင်တာ၊ အိမ်ထောင်ထိန်းသိမ်းတာတွေကို အမြင်အားဖြင့် သူတို့ သင်ယူနေချိန်မှာပဲ ဖေဖေရဲ့ အမေ့ အပေါ်မှာထားတဲ့ သဘောထား၊ မှတ်ချက်စတာတွေကိုလည်း ကလေးတို့ဟာ တစ်ပြိုင်နက်တည်း သင်ယူနေပြန်ပါတယ်၊ ဒီသင်ယူမှု နှစ်ခုလုံးဟာ သူတို့ရဲ့ အနာဂါတ်ကို ပုံဖော်ဖို့အတွက် အရေးကြီးတဲ့ သင်ယူမှုပဲ ဖြစ်ပါတယ်၊ လက်ဦးဆရာမည်ထိုက်စွာ ပုဗ်္ဗာစရိယ မိနဲ့ဘဆိုတဲ့ အတိုင်းပဲ ကလေးတွေ ဟာ ငယ်စဉ်ဘ၀မှာကတည်းက သူတို့နဲ့ အမြဲ အတူနေရသူ မိဘတွေရဲ့ ပြောပုံ၊ ဆိုပုံ၊ စဉ်းစားပုံ တွေး တောပုံ အားလုံးတို့ကို(သူတို့ကိုယ်တိုင်တောင်မသိလိုက်ဘဲပဲနဲ့) သင်ယူ ပစ်လိုက်ကြပါတယ်။
မိသားစု အတူတူ မနေရတဲ့အခါ
လင်မယားခြင်း အဆင်မပြေတဲ့ အတွက်ကြောင့် အမုန်းကြောင့်ပဲ လမ်းခွဲခွဲ၊ အချစ်ကြောင့်ပဲ ခွဲခွဲ၊ အဖေဟာ ကလေး တို့အတွက်တော့ အရေးကြီးတဲ့ သူပါပဲ၊ အမေ့ရဲ့ စိတ်နာကြဉ်း မှုကြောင့် ကလေးတို့ကို အဖေနဲ့ လုံးဝမတွေ့ရဘူးဆိုပြီးတော့ ခွဲပစ်လိုက်တာထက်စာရင် တစ်ပတ်ကို တစ်ခါ (ဒါမှမဟုတ်) နှစ်ပတ်ကို တစ်ခါလောက်တော့ ကလေးနဲ့ အဖေနဲ့ကို ပေးတွေ့ဖို့ လိုပါတယ်။
ကိုယ်လမ်းခွဲလိုက်တဲ့ ကလေးတို့ရဲ့ အဖေဟာ ကလေးကို ပေးတွေဖို့အတွက် လုံးဝမဖြစ်နိုင်အောင် ဆိုးသွမ်းနေတဲ့သူ ဖြစ်ခဲ့ရင်တောင်မှ ကလေးကို “နင့်အဖေကတော့ ဘယ်လိုဆိုးတာ” အမေ့ကို ဘယ်လိုနှိပ်စက်တာပေါ့” ဆိုတဲ့ စကားမျိုးတွေ ကလေးကို မပြောဖို့ သိပ်လိုအပ်ပါတယ်၊ မိဘနှစ်ဦးရဲ့ လမ်းခွဲမှုဟာ ကလေးနဲ့ မသက်ဆိုင်သလို၊ ကလေးရင်ထဲမှာ ဒဏ်ရာ အနာတရတွေနဲ့ မကျန်ရစ်ခဲ့စေဖို့ ဂရုစိုက်ရပါမယ်။
အဖေနဲ့အမေရဲ့ ပြဿနာများကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးများဟာ ပညာရေးမှာရော၊ လူမှုရေးမှာပါ ထိခိုက်နိုင်တာမို့လို့ ကလေးရင်ထဲမှာ ဒဏ်ရာ အနာတရဖြစ်ကျန် မနေဖို့ကိုတော့ မိဘများအနေနဲ့ အထူးဂရုစိုက်ဖို့ လိုပါတယ်၊ လင်မယား ကွာရှင်းပြတ်စဲကြတဲ့ အချိန်မှာ ကလေးတို့ဟာ စိတ်ထိခိုက် ခံစားကြရတာမို့လို့ ဒီအချိန်မှာ ကလေးတို့ကို ဂရုစိုက်ဖို့ လိုပါတယ်၊ အဖေနဲ့အမေရဲ့ ပြဿနာဟာ ကလေးတွေကြောင့် ဖြစ်ရတာ မဟုတ်ဘူးဆိုတာကို ကလေးတို့ သိအောင်လို့ ရှင်းပြဖို့ လိုပါတယ်၊ ဖေဖေနဲ့မေမေဟာ တစ်ယောက်နဲ့ တစ်ယောက် အတူနေဖို့ မဖြစ်နိုင်တော့လို့ ခွဲနေရပေမယ့် သားတို့သမီးတို့ကိုတော့ ဖေဖေရော မေမေပါ ချစ်နေစဲပဲ ဆိုတာကို ကလေးတို့ သိအောင်လို့ ပြောပြရ ပါမယ်၊ အဖေက အိမ်မှာ အရင်လို မနေတော့ပေမယ့်လည်း ကလေးတို့ တွေ့ချင်တဲ့ အချိန်မှာ အဖေကို တွေ့ခွင့်ရဖို့ အတွက် အမေက စီစဉ်ပေးမယ်ဆိုတာမျိုးကိုလည်း ကလေးကို ပြောပြရ ပါမယ်။
အဖေနဲ့အမေ အတူမနေပေမယ့် တစ်ပတ် တစ်ကြိမ် လောက်ပဲဖြစ်ဖြစ် အဖေနဲ့တွေ့ရတာ၊ အဖေ့ကိုပဲ ပြောချင်တဲ့၊ အဖေပဲ သိနိုင်မယ် ထင်တဲ့ စကားတွေကို ပြောရတာ၊ အဖေနဲ့ ကစားကွင်း သွားရတာ၊ ဘောလုံးကန်ရတာ၊ ကြက်တောင်ရိုက်ရတာ ဒါတွေ အားလုံးဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုအတွက်ရော ၊ဉဏ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးမှုအတွက်ပါ အရေးကြီးတဲ့ အရာတွေပါပဲ။
အိမ်ထောင်ရေး အဆင်မပြေတဲ့ မိသာစုမှာ ပဲဖြစ်ဖြစ်၊ အဆင်မပြေတဲ့ မိသားစုမှာပဲဖြစ်ဖြစ် အဖေဟာ အရေးကြီးပါတယ်၊ အဖေရဲ့ တာဝန်ဆိုတာ သားသမီးကို ပိုက်ဆံရှာပေးရုံ၊ သားသမီး တွေကို မတောင့်မတထားနိုင်ရုံလောက်ပဲ ရှိတာ မဟုတ်ပါဘူး၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ ဉဏ်ဖွံ့ ဖြိုးမှုအတွက် အဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုနဲ့ နွေးထွေးကြင်နာမှုတို့ လိုအပ်ပါတယ်၊ ဒါကြောင့်မို့လို့ အဖေများအနေနဲ့ အားတဲ့အချိန် လေးမှာ ကလေးတို့နဲ့အတူ ပျော်ရွှင်နွေးထွေးစွာ ဆော့ကစားပေးကြ ပါဦး၊ ကလေးတွေအတွက် အချိန်လေးပေးပြီးတော့ ကလေးနဲ့ အတူတူနေပေးကြပါဦးလို့.......။
ခေတ်ဘုန်းသစ်

Wednesday, March 2, 2016

ကလေးကို မဆိုးအောင် ထိန်းကျောင်းပြုစုနည်း

ကလေးဆိုးလေးလို့ဆိုလိုက်တာနဲ့ မျက်စိထဲ တန်းမြင်တာက ကစားစရာတွေ တအိမ်လုံးအပြည့်နဲ့ ပြည့်စုံတဲ့ကလေးမျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆိုးစေတာဟာ ပိုင်ဆိုင်မှုများခြင်းကြောင့်မဟုတ်ပါဘူး။ ထိန်းကျောင်းပြစုနည်း လွဲမှားနေလို့ ဖြစ်ပါတယ်။
ကလေးဆိုးတွေဟာ အလိုကြီးပြီး တကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရပိုလွယ်သယောင်ထင် ရပေမဲ့ သူတို့လိုချင်တာဟူသမျှကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီး လောကကို သံသယများလာတတ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့လိုချင်တာရဖို့ နွဲ့ဆိုးဆိုးပြီးတောင်းနေကျဆိုတော့ သူများက ပေးတဲ့ အခါမှာကျေးဇူးတင်ရကောင်းမှန်းလည်း မသိတော့ ပဲ မေတ္တာတရားကို မခံစားတတ်တော့ပါဘူး။ မတင်းတိမ်မရောင့်ရဲတတ်ခြင်းဟာ ကလေးရဲ့စိတ်ကို ပင်ပန်းစေတာကြောင့် ကလေးကို အလိုလိုက်လွန်းခြင်းဟာ ကြီးပြင်းလာတဲ့ အခါ ဘ၀မှာရင်နာစရာတွေပိုမိုခံစားရအောင် လုပ်သလိုဖြစ်နေပါတယ်။
မိဘတွေအနေဖြင့် မိမိကလေးကို ဆိုးတဲ့အခြေအနေမရောက်အောင် အလိုမလိုက်ပဲ ထားဖို့လည်း ခက်ခဲတတ်သဖြင့် ကလေးဆိုးတစ်ဦးဖြစ်လာစေ တဲ့ အကြောင်းရင်းများကို မိဘများရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ကလေးရဲ့ ဆန္ဒတိုင်းကို နံပတ် (၁)ထားပြီးဖြည့်ဆည်းပေးခြင်း
ကလေးရဲ့ ဆန္ဒတိုင်းကို တလောကလုံးမှာ အရေးကြီးဆုံးလို သဘောထားပြီး လိုက်လျောပေး တာဟာ လောကကြီးတစ်ခုလုံးက သူ့အလိုကို ဖြည့်ပေးရမယ်လို့ မှားယွင်းမှတ်ယူလာစေပါတယ်။ အဲဒီအခါမှာ သူတပါး (မိသားစုအပါအ၀င်)ရဲ့လိုအပ်ချက်တွေ ဆန္ဒတွေကို မမြင်တတ်တော့ပါဘူး။ ကလေးတွေဟာ လောကမှာ အပေးအယူဆိုတာ ရှိကြောင်း သိဖို့လိုအပ်ပါတယ်။ ယူရတာပဲများပြီး ပေးဖို့မတတ်တော့တဲ့အခါ ပေးဆပ်ခြင်းမှ ရရှိတဲ့ပီတိကို မခံစားဖူးတာကြောင့် စိတ်ညစ်လွယ်တတ် ပါတယ်။
(၂) ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို လျစ်လျူရှုမိခြင်း
မိဘတော်တော်များများဟာ ကလေးတွေ အေးဆေးတိတ်ဆိတ်စွာ ကစားနေကြချိန်တွေ၊ ပြဿနာမရှာချိန်တွေမှာ ချီးကျူးစကား မဆိုမိတတ်ကြပါဘူး။ ဆူညံတဲ့အချိန်တွေမှာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့သလိုပဲ တိတ်ဆိတ်လိမ္မာစွာ ကစားနေချိန်မှာလည်း မပျက်မကွက် ချီးကျူးစကားပြောပေးပါ။ ကောင်းတဲ့အပြုအမူတစ်ခုခု လုပ်တိုင်းလည်း မဖြစ်မနေ ချီးမွမ်းပေးပါ။
(၃) မကောင်းတဲ့ အပြုအမူတွေကို မတော်တဆမှားယွင်း အလေးထားမိခြင်း
တချို့မိတွေဟာ ကလေးတွေလိမ္မာနေချိန်မှာ သတိမပြုမိတတ်တော့ ကလေးတွေက ဆူပူအော်ဟစ်ခြင်းဖြင့် ဂရုစိုက်ခံရအောင် ပြုလုပ်တတ်ပါတယ်။ ကလေးကို လိမ္မာနေချိန်ချီးကျူးခြင်းကို မပျက်မကွက်ပြုလုပ်ပါက ကလေးက လိမ္မာဖို့ ပိုကြိုးစားမှာဖြစ်ပြီး မလိမ္မာတဲ့အချိန် အလိုလိုက်ခြင်းက ပိုမိုဆိုးတဲ့ကလေးဖြစ်လာစေပါတယ်။
(၄) ကလေးအတွက် စည်းကမ်းတွေကို သေချာချမှတ်ပေးဖို့ ပျက်ကွက်ခြင်း
အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ် မထားဘူးဆိုရင်တော့ ကလေးဆိုးတစ်ယောက်ရဲ့ မိဘဖြစ်ဖို့ အများကြီး နီးစပ်နေပါပြီ။ ကလေးဆိုတာ သဘာဝအတိုင်း လိမ္မာမလာနိုင်ပါဘူး။ ဒါကြောင့် အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ်ပြီး ဆုပေး ဒဏ်ပေးစနစ်နဲ့ ပြုပြင်ထိန်းကျောင်းသင့်ပါတယ်။
(၅) စည်းကမ်းချမှတ်ထားတဲ့အတိုင်း တိတိကျကျမဆောင်ရွက်ခြင်း
ကလေးကို မလုပ်ဖို့တားမြစ်ထားတာတွေကို ကလေးက လုပ်တဲ့အခါ သတိမပြုမိလိုက်ခြင်း၊ မအားလပ်သဖြင့် အထွေအထူးမပြောမိလိုက်ခြင်းတို့ မဖြစ်သင့်ပါ။ ကလေးကို တားမြစ်ထားတဲ့ အရာကိုလည်း မိသားစုထဲတခြားသူ တစ်ဦးဦးက ကလေးရှေ့မှာ ပြုလုပ်ခြင်းကို ခွင့်မပြုသင့်ပါ။ ဥပမာ စားစရာကို မဆော့ဖို့ ကလေးကိုပြောထားပြီးမှ သူ့အထက်အကြီးလေးက စားစရာ ကိုဆော့နေတာ သတိမပြုမိလိုက်ပဲ ကလေးက တွေ့မြင်သွားခြင်းဟာ စည်းကမ်းကို ဖောက်ဖို့ တွန်းအားလိုဖြစ်နေပါတယ်။
(၆) ကလေး မလုပ်ချင်တာကို အတင်းလုပ်ခိုင်းခြင်း
မိမိလုပ်စေချင်တာကို မလုပ်ရင် သကြားလုံးမကျွေးဘူးဆိုပြီး ပြစ်ဒဏ် သတ်မှတ်တာဟာ ကလေးတွေအတွက် အထိရောက်ဆုံးပါပဲ။ ကလေးကို ဟင်းသီးဟင်းရွက် အတင်းစားခိုင်းတဲ့အခါ ထွေးထုတ်တာ၊ ပါးစပ်ပိတ် ထားတာတို့ ပြုလုပ်ရင် မိဘတွေ အခက်ကြုံရပြီပေါ့။ ဒီတော့ ကလေးနဲ့ရုန်းရင်းဆန်ခတ်မလုပ်ပဲ ဟင်းရွက်ကြော်တစ်ပန်းကန် စားရင် ချောကလက်တစ်ခုပေးမယ်လို့ ကမ်းလှမ်းခြင်းဖြင့် အနိုင်ရနိုင်ပါတယ်။
(၇) အပြစ်လုပ်တဲ့အခါ ကာကွယ်ပေးခြင်း
ကလေးက အပြစ်တစ်ခုခုလုပ်တဲ့အခါ ကာကွယ်မပေးပဲ သေချာမေးမြန်းပြီး ဆုံးဖြတ်ပါ။ အဲလိုလုပ်ဖို့ ပျက်ကွက်ပါက ကလေးဟာ မိမိလုပ်တဲ့အပြစ်ကို သူများအပေါ်ပုံချတတ်သူ အဖြစ်ကြီးပြင်းလာနိုင်ပါတယ်။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံယူရမှာဖြစ်ကြောင်း သင်ကြားပေးပြီး တကယ်လုပ်မလုပ် စောင့်ကြည့်အကဲခတ်ခြင်းဖြင့် တာဝန်သိတဲ့ကလေးဖြစ်လာပါလိမ့်မယ်။
(၈) ကလေးကို လက်ဆောင်များ အကြောင်းမဲ့ဝယ်ပေးခြင်း
ကလေးကို ၀ယ်ပေးတဲ့အရာဟာ အရေးကြီးသလိုပဲ ၀ယ်ပေးရတဲ့အကြောင်းရင်းကလည်း အရေးကြီးပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ ၃ လလောက်ကပဲ ၀ယ်ထားတဲ့စက်ဘီးကို မကြိုက်တော့လို့ စက်ဘီးအသစ်ဝယ်ပေးခြင်းဟာ အလွန်အမင်းအလိုလိုက်ခြင်းဖြစ်ပါတယ်။ တခါတလေမှာ ကလေးက လိုချင်တာ ပူဆာမရတဲ့အခါ ငိုပြ သနားအောင်လုပ်ပြလို့ နားညည်းသက်သာအောင် ၀ယ်ပေးလိုက်တဲ့အခါမှာ ကလေးက ခဏတာပဲ ပျော်ရွှင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆုလာဘ်မဟုတ်ပဲ ပူဆာခြင်းရဲ့ရလာဒ်ဖြစ်လို့ပါပဲ။
(၉) ပစ္စည်းတွေ ပစ်ပေါက်တာကို မတားမြစ်ခြင်း
ကလေးက ဒေါသတကြီးနဲ့ဖြစ်စေ အကြောင်းမဲ့ဖြစ်စေ ပစ္စည်းတွေ ပစ်ပေါက်ပြီး ဆိုးပြတဲ့အခါ ခွင့်မလွှတ်ရပါဘူး။ ဒီအကျင့်ဟာ ကြီးပြင်းတဲ့အခါထိ ပါသွားပြီး လူမှုအဖွဲ့အစည်းကြား ရှက်စဖွယ်ဖြစ်တတ်ပါတယ်။
(၁၀) မိဘကိုယ်တိုင်က ဆိုးပြနေခြင်း
မိဘဆိုတာ ကလေးရဲ့ စံပြပုံရိပ်ဖြစ်တဲ့အတွက် ကလေးကို တားမြစ်ထားတာတွေကို မိမိကိုယ်တိုင် မလုပ်မိဖို့ အရေးအကြီးဆုံးပါပဲ။ ကလေးရဲ့ရှေ့မှာ ညည်းညူးစိတ်ဆိုးပြ တာတွေ၊ အော်ဟစ်ဆူပူပြတာတွေဟာ ကလေးကို နမူနာလုပ်ပြနေသလိုပါပဲ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” လို့ပြောတတ်တဲ့ မိဘမဖြစ်အောင် ဂရုစိုက်ပါ။
မိဘတိုင်းက မိမိကလေးကို လိမ္မာစေချင်တာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကလေးက ဆိုးနေပြီဆိုရင် မိမိတို့ရဲ့ ထိန်းကျောင်းမှုပုံစံကို အမြဲဆန်းစစ်ပြီး ကလေးထိန်းကျောင်းနည်း စာပေတွေကို မပြတ်လေ့လာဖတ်ရှုပါ။ကလေးကို ဒီအတိုင်းလွှတ်မထားပဲ ရေရှည်အတွက် မျှော်တွေးကာ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ပေးပါ လို့ အကြံပြုလိုက်ပါတယ်။