Monday, October 30, 2017

စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု

စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု (Management နဲ့ Leadership) ရဲ့ အဓိကကွာခြားချက်ကတော့ Management ဟာ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာနဲ့ သက်ဆိုင်ပါတယ်။ များသောအား ဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။
Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ်ထားနိုင်တာ၊ ငွေကြေးနဲ့ဘဏ္ဍာရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ် စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။
ဒါပေမယ့် စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာ မန်နေဂျာတွေအဖို့ Management Skill နဲ့တင် မလုံလောက်တော့ပါဘူး။ အနာဂတ်မှာ ကြုံတွေ့ရမည့် စိန်ခေါ်မှုတွေကို ကျော်လွားနိုင်ဖို့ ၊ အခွင့်အလမ်းတွေ ရယူနိုင်ဖို့နဲ့ မိမိအဖွဲ့အစည်းကို အားထည့်ထားဖို့တွက် ခေတ်သစ်မန်နေဂျာတွေဟာအမြင်ကျယ်ပြီး ဥာဏ်ပညာအမျှော်အမြင်ပြည့်စုံဖို့ လိုအပ်လာပါတယ်။
ဒါကြောင့်လုပ်ငန်းတွေအောင်မြင်ဖို့အတွက် Management တခုတည်းသာမက Leadership ပါ လိုအပ်လာပါတယ်။
Leadership မှာတော့ ကျိုးကြောင်းဆင်ခြင်မှုပါရှိပြီး လုပ်ငန်းလုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက် (Purpose) ၊ စဉ်ဆက်မပြတ်လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ (Process) နဲ့ ကျွမ်းကျင်ပြီးစွမ်းရည်ပြည့်တဲ့သူတွေ (People) တို့ကို အဓိကထားပြီး စူးစိုက်ဆုံးဖြတ် လုပ်ဆောင်ပါတယ်။
Mangement နဲ့ Leadership ရဲ့အဓိကကွာခြားချက်သုံးခုကတော့
၁။ Management က Planning နဲ့ Strategy ကိုဇောင်းပေးပြီး Leadership က Organization Purpose ကိုဦးစားပေးပါတယ်။
၂။ Management က လုပ်ငန်းအဖွဲ့အစည်းရဲ့ Formal Structural Design ကိုအာရုံစူးစိုက်ထားပြီး Leadership က Effective Management Process ကိုအာရုံစူးစိုက်ထားပါတယ်။
၃။ Management က ၀န်ထမ်းတွေကို ထိန်းချုပ်ကြပ်မတ်ဖို့ တာဝန်ယူပြီး Leadership က လုပ်ငန်းမှာရှိတဲ့လူတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို တာဝန်ခံဆောင်ရွက်ပါတယ်။
Management နဲ့ Leadership ကွာခြားမှုရှိပေမယ့် တစ်ခုနဲ့တစ်ခု သီးခြားသတ်မှတ်လို့မရနိုင်သလို တစ်ခုနဲ့တစ်ခု ကင်းကွာလို့မရနိုင်ပါဘူး။ Management ရဲ့ မူလလုပ်ဆောင်ချက် လုပ်ငန်းတာဝန်တွေကိုလည်း ပစ်ပယ်လို့မရပါဘူး။ Management နဲ့ Leadership ပေါင်းစပ်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်ပြီး အဲဒီအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းမှာ ရည်မှန်းချက်နဲ့ အလုပ်အစီအစဉ်တွေသတ်မှတ်ဖို့နဲ့ သတ်မှတ်ထားတဲ့ အလုပ်တွေ သတ်မှတ်ထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့ ဘတ်ဂျက်အတိုင်း ပြီးဖို့ Management ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ Management ဟာ အလုပ်အစီအစဉ်တွေ Planning ရေးဆွဲသတ်မှတ်ရသလို သတ်မှတ်ချက်တွေနဲ့အညီ ကိုက်ညီမှုရှိမရှိကို Controlling ပြန်လုပ်ရပါတယ်။
Management ဟာ လုပ်ငန်းရဲ့ အမြတ်ရရှိနိုင်စွမ်းကို ထိန်းချုပ်လုပ်ဆောင်ရုံသာမက ဘတ်ဂျက်ဘောင်အတွင်း အချိန်ကာလသတ်မှတ်ချက် ဘောင်အတွင်း ပြီးစီးလုပ်ဆောင်နိုင်မှုကိုပါ ထိန်းချုပ်ရပါတယ်။ လုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ လူတွေကို စနစ်တကျဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ စီမံခန့်ခွဲမှု (Management) သာမက ဦးဆောင်မှု (Leadership) ပါလိုအပ်လာပါတယ်။
ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အလုပ်စံတွေသတ်မှတ်ပေးဖို့ တဖက်မှာလိုအပ်သလို တဖက်မှာလည်း ၀န်ထမ်းတွေကို စနစ်တကျဆောင်ရွက်တတ်အောင် ပံ့ပိုးမှု၊ သင်ကြားမှုနဲ့ အားပေးမှုတွေပေး ရပါမယ်။ ခေတ်သစ်အဖွဲ့အစည်းတွေမှာ ၀န်ထမ်းတွေကိုယ်တိုင်ပါဝင်ပြီး စီမံကိန်းအစီအစဉ်တွေ ရေးဆွဲစေတဲ့ အစီအစဉ်တွေပေးထားပါတယ်။ ၀န်ထမ်းတွေဆီက အဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ အဖွဲ့အစည်းပေါ် ၀န်ထမ်းက မျှော်မှန်းနိုင်မှုကိုလည်း ပွင့်ပွင့်လင်းလင်း အသိပေး ထားပါတယ်။ အမိန့်နဲ့ ထိန်းချုပ်မှုဟာ နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှု အတွက် လိုအပ်ပြီးရေရှည်မှာတော့ ၀န်ထမ်းတွေမှာ ကောင်းမွန်တဲ့ အလေ့အထနဲ့ အပြုအမူတွေရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ သင်ယူလိုစိတ်၊ ပူးပေါင်းဆောင် ရွက်လိုစိတ်တွေ ရှိလာ အောင်နဲ့ ၀န်ထမ်းတွေတိုးတက်အောင်ဆောင်ရွက်ပေးရပါမယ်။
လုပ်ငန်းတွေမှာ Management နဲ့ Leadership နှစ်မျိုးစလုံးပြည့်စုံတဲ့ ဦးဆောင်မှုမျိုးလိုအပ်ပါတယ်။ ရိုးသားမှုနဲ့ သမာဓိရှိတဲ့၊ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်မှုနဲ့ လုပ်ရဲကိုင်ရဲရှိတဲ့၊ ပူးပေါင်းမှုနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့၊ လိုက်လျှောညီထွေဖြစ်ပြီး အလိုက်သင့် ပြုပြင်နိုင်စွမ်းရှိတဲ့ အရည်အချင်းတွေအပြင် ဥာဏ်ရည်မြင့်တဲ့၊ အင်အားရှိတဲ့၊ ဇွဲရှိတဲ့၊ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ အဖွဲ့အစည်းမှာ စံနမူနာယူစရာအဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်တော့ Management နဲ့ Leadership ရဲ့ ကွာခြားမှုကို သတ်မှတ်လို့မရနိုင်ပါဘူး။ Management ပဲရှိပြီး Leadership မရှိရင် မပြည့်စုံသလို Leadership ပဲရှိပြီး Management မရှိရင်လည်း မပြည့်စုံပါဘူး။
အားကောင်းတဲ့ Management သာရှိပြီး Leadership ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းမှာ အမိန့်ညွန်ကြားချက်တွေများပြီး အမိန့်ညွန်ကြားချက်အတိုင်း အလုပ်ပြီးရုံသာလုပ်တဲ့ သဘောမျိုးရှိလာနိုင်ပါတယ်။ ဒီလိုအဖွဲ့အစည်းမျိုးကို Bureaucratic အဖွဲ့အစည်းမျိုးအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အားကောင်းတဲ့ Leadership သာရှိပြီး Management ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းတွေမှာတော့ Leadership ကိုကိုးကွယ်မှုရှိလာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းအဖွဲ့အစည်းတွေမှာ စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း (Management) နဲ့ ဦးဆောင်နိုင်စွမ်း (Leadership) နှစ်မျိုးစလုံးရှိဖို့ လိုအပ်ပါတယ်။

စက်ဘီးတစ်စီးဝယ်မယ်ဆိုရင်...

စက်ဘီးတစ်စီးဝယ်မယ်ဆိုရင်...
ဒီခေါင်းစဉ်နဲ့ ရေးဖို့ပြင်နေတာ တစ်ပါတ်လောက်ရှိပြီ။ A4 တစ်မျက်နှာတော့ စာစီပြီးသွားပြီ။ လောလောဆယ်တော့ ခုမှစပြီး စက်ဘီးဝယ်မယ် အများဆုံး နှစ်သိန်းလောက်ပဲသုံးမယ် ဆိုတဲ့သူတွေအတွက် အကောင်းဆုံးလို့ထင်တဲ့ အကြံလေးပေးပါရစေ။
ဒီပိုစ့်က စက်ဘီးနဲ့ပါတ်သက်လို့ ဘာမှမသိသေးသူတွေအတွက် ရည်ရွယ်တာပါ။ သိပြီးသားသူတွေကလဲ ထပ်မံဖြည့်စွက်ပြင်ဆင်ဆွေးနွေးပေးပါအုံး။
နှစ်သိန်းလောက်နဲ့ဆို MTB မှာ ရွေးစရာ နှစ်ခုပဲရှိပါတယ်။
၁။ တရုတ်ဘီး သက်သာတာဝယ်မလား။
၂။ အဟောင်းဝယ်မလား ပေါ့။
၁။ တရုတ်ဘီးထဲကဆို သုံးသိန်းဝန်းကျင်လောက်သုံးရင် Kaze. twitter. xds. java gtm စသဖြင့်ရှိတယ်။ နှစ်သိန်းအောက်ဆိုရင်တော့ ဟိုနားဒီနားစီးဖို့နဲ့ day return trip တွေအတွက် အဆင်ပြေလောက်ပါတယ်။ ဖြစ်လေ့ရှိတာတွေကတော့ fork ပျက်မယ် gear ဂျမ်းဖြစ်မယ်။ ဘရိတ်တိုင်ပါတ်မယ် :P အဲ့လောက်ပါပဲ။ :)
၂။ အဟောင်းဝယ်မယ်ပေါ့။ အဲ့နေရာမှာ နှစ်မျိုးထပ်ခွဲနိုင်သေးတယ်။
က။ ကွန်တိန်နာဘီးရောင်းတဲ့ဆိုင်တွေက ဝယ်မလား။
သူ့မှာတော့ ဘီးဂွေဆိုဒ် 26"/29" နဲ့ gear 3x6/7/8 တွေရနိုင်တယ်။ brand အမှန်တွေရနိုင်တယ်။ frame အမှန်တွေလဲရနိုင်ပါတယ်။ ဒါပေမယ့် လူသစ်တစ်ယောက်အနေနဲ့ဆို ရွေးချယ်ဖို့တော်တော်ခက်ပါလိမ့်မယ်။ ဥပမာ frame မှာ အက်ရာပါနေတာတို့။ gear မှာ error တတ်နေတာက လက်ပူတိုက်ပြင်ထားလေ့ရှိပေမယ့် သူ့ထဲမှာထည့်တဲ့ ပစ္စည်းလေးတွေကို ဖြစ်သလိုအပေါစားပြန်ထည့်ထားတာတို့ပေါ့။ ဒါတောင် ဈေးကို လူပေါ်မူတည်ပြီး ဂျင်းထည့်တာ မပါသေးဘူးနော်။ အဲ့ဒိတော့ ကွန်တိန်နာ ဘီးဝယ်မယ်ဆိုရင် စက်ဘီးအကြောင်း ကောင်းကောင်းနားလည်သူတွေရဲ့ အကူအညီနဲ့ သွားဝယ်သင့်တယ်ဗျ။
ခ။ စက်ဘီးလောကထဲကပဲ စီးနေတဲ့ဘီးကိုပြန်ဝယ်မလားပေါ့။
ဒီကိစ္စကတော့ မဆိုးဘူးဗျ။ စက်ဘီးလောကထဲကသူတွေအချင်းချင်း ဆိုတော့ သူတို့နံမည်ပျက်မှာစိုးလို့ ဂျင်းထည့်တာနည်းနိုင်တာပေါ့လေ။ ဂျင်းမထည့်ဘူးလို့တော့ မပြောဘူးနော်။ :) ။ ပိုကောင်းတာကတော့ သူတို့ဘီးကို ဘာလို့ပြန်ရောင်းတာလဲဆိုတာ သေသေချာချာမေးပါ။ လိုင်းပြောင်းမှာမို့လား။ ပိုကောင်းတာဝယ်မို့လား။ လက်ရှိဘီးမှာကော ဘာအပြစ်ရှိလဲပေါ့။ ကွန်တိန်နာဘီးထက်တော့ ဈေးနည်းနည်းပိုနိုင်ပေမယ့် ပိုစိတ်ချရနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ အကြမ်းဖျဉ်းအတွက် လုံလောက်ပြီထင်ပါတယ်။
နိဂုံးချုပ်ပြောရရင်တော့ စက်ဘီးတစ်စီးမဝယ်ခင်မှာ ဒီမေးခွန်းလေးတွေ အရင်ဖြေကြည့်ပါ။
၁။ ဘာလို့စက်ဘီးစီးချင်တာလဲ။ ပေါ်ပင်စီးချင်တာလား။ ဝါသနာပါတာလား စသဖြင့်ပေါ့။
၂။ ဘယ်လိုစီးချင်တာလဲ။ ပြိုင်ဘီးလား။ ခရီးသွားချင်တာလား။ လမ်းကြမ်းလား။ စတန့်လား။ စသဖြင့်ပေါ့။
စက်ဘီးကို ရူးသွပ်လို့ တစ်ကယ်စီးချင်တာသေချာပြီဆိုရင်တော့ မတတ်နိုင်သေးရင် ပိုက်ဆံစုပါ။ ပေါချောင်ကောင်းမဝယ်ပါနဲ့။ တတ်ကျွမ်းနားလည်သူတွေကို ရနိုင်သမျှ အကူအညီတောင်းပါ။ အရည်အသွေးကောင်းတာသာသုံးပါ။ စက်ဘီးကို တစ်ကယ်ရူးသွပ်တဲ့သူတိုင်းကို ကြည့်လိုက်ပါ။ တတ်နိုင်သလောက် အကောင်းဆုံးဆိုတာတွေကို ရနိုင်အောင် တစ်ချို့အရာတွေကို စွန့်လွတ်ထားသူတွေများပါတယ်ဗျာ။ စက်ဘီးလောက က ချစ်ဖို့ကောင်းပါတယ်ဗျာ။
Credit : Myo Myint Bo YFC

စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူးတွေ

ကဲဒီတစ်ခါတော့ ကွန်ပျူတာနဲ့ရေးလို့ စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူးတွေကို အကျယ်တ၀င့်လေး ရေးပြချင်ပါတယ်။
ဟိုတစ်နေ့က ရေးခဲ့သလိုပဲ စက်ဘီးစီးလို့ ပိုပြီးကျန်းမာလာစေတဲ့ နည်းလမ်း၊ အချက်စုစုပေါင်း ၈ ချက်ကို ပြောပြချင်ပါတယ်။
၁) ပိုပြီး စမတ်ကျလာမယ်
ဟုတ်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပေးတာဟာ ကောင်းတယ်လို့ လူတိုင်းသိကြပါတယ်။ အဲ့ဒီထဲမှာမှ စက်ဘီးစီးတာကို လေ့ကျင့်ခန်းတစ်ခုလို စီးနေသူတွေမှာ ဦးနှောက်စွမ်းအား တိုးတက်စေပါတယ်။ စက်ဘီးစီးအားကစားဟာ ပိုပြီးသာလွန်ကောင်းမွန်တာကတော့ သူဟာ အပြင်လောကကြီးမှာ လုပ်ရတဲ့ လေ့ကျင့်ခန်းပါ Outdoors Exercise တစ်မျိုးပါ။ နေရာခပ်ဝေးဝေးကိုလည်း သင့်ကို ယူဆောင်သွားပေးနိုင်တယ် မဟုတ်လား။
အသက်ကြီးပိုင်း လူတွေမှာဆိုရင် အဇိုင်းမားရောဂါ Alzheimer's Disease လို သတိမေ့ရောဂါလို ရောဂါဆိုးတွေကိုတောင် ပျောက်ကင်းစေပါတယ်။
ကလေးတွေဆိုရင်လည်း စက်ဘီးစီးနေရင် ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုက အံ့မခန်း တိုးတက်လာစေပါတယ်။
၂) အနာဟောင်းတွေ၊ ဒဏ်တွေဖြစ်ခဲ့ရင်လည်း စက်ဘီးစီးခြင်းက သက်သာစေပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် အသည်းကွဲဒဏ်ရာကို စက်ဘီးစီးပြီး ကုသကြတယ်ဗျ။ ;D ကုနေတဲ့သူတွေ အတော်များသား။
သက်ကြီး၊ ၀ါကြီးပုဂ္ဂိုလ်တစ်ချို့အပေါ် လေ့လာမှုများမှာ တွေ့ရတာက စက်ဘီးကို နေ့စဉ်ပုံမှန်စီးနင်းသူ လူကြီးတွေမှာ ဒူးနာတာတို့၊ အဆစ်အမြစ် ကိုက်ခဲတာတို့ကို သိသိသာသာ သက်သာစေတာပါ။
ဒီအချက်က ဘာကိုသက်သေပြနေသလဲဆိုတော့ ကျနော်တို့ အသက်ဘယ်လောက်ကြီးကြီး၊ လေ့ကျင့်ခန်းလေး ပုံမှတ်လုပ်မယ်၊ တစ်နေ့ကို ၁၅ မိနစ်ဖြစ်ဖြစ်ပေါ့ဗျာ၊ ဒါဆိုရင် တော်တော်အကျိုးကြီးမားတယ်ပေါ့။
၃) နှလုံးအားကောင်းစေတယ်
စက်ဘီးစီးတာဟာ နှလုံးအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ခင်ဗျားဟာ စက်ဘီးစီးရတာကို အရူးအမူးစွဲလမ်းနေတာလည်း ဖြစ်ချင်ဖြစ်မယ် (အဲ့ဒါလည်း ကောင်းတာပဲနော့)။ လေ့လာမှုတွေအရတော့ နေ့စဉ်ပုံမှန်စီးနေသူတွေဟာ ပုံမှန်မစီးနင်းသူတွေထက်တောင် သွေးတိုးဖြစ်နိုင်ချေက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းပါတယ်။
ကဲ ဘယ်သူတွေ နေ့တိုင်းစီးနေလဲဟေ့။
၎) ပိုပြီး ဆက်စီကျတယ်၊ ခုခေတ်လိုဆို “ကိတ်” လာတယ်ပေါ့ဗျာ။
ဒါကတော့ ဘီးသမားတွေအတွက် အကောင်းဆုံးသတင်းလို့ ဆိုရမှာနော့ 😀
အနောက်ဥရောပက လေ့လာမှုများအရတော့ စက်ဘီးသမားတွေဟာ သာမာန်လူတွေထက် ရာခိုင်နှုန်း ၁၀ ကျော် ၁၅ လောက်ကို ပိုပြီး အေးဆေးတယ်၊ ညာဏ်ကောင်းတယ်၊ တော်တယ်ပေါ့ဗျာ ဟဲဟဲ။
အဲ လူတစ်ရာမှာ ၂၀ ကျော်လောက်က စက်ဘီးသမားဆိုရင် သူတို့ပိုပြီးရွေးချယ်ချင်တဲ့ ခင်ပွန်းလောင်း၊ ဇနီးလောင်းဆိုပဲ၊ ကဲ စက်ဘီးစီးကြစို့ဗျာ။
၅) အဆီကျစေတယ်
ဒါကတော့ ခင်ဗျားကို အံအားသင့်စေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဆီကျတယ်ဆိုတာမှာ လိုအပ်တဲ့အဆီနဲ့ မလိုအပ်တဲ့အဆီဆိုတာ ရှိပါတယ်။ ပုံမှန် စက်ဘီးစီးတာကတော့ မလိုအပ်တဲ့အဆီပေါ့ဗျာ၊ အဆီပိုတွေကို လောင်ကျွမ်းသွားစေတာဗျ။ ဒါကတော့ ယုံဗျာ။
ဘယ်မီဒီယာမဆို အသေကြော်ငြာတာကတော့ အဆီကျဖို့ ဓါတ်စာရှောင်ပါ၊ ပိန်ဆေး ဘယ်လိုပိန်စေတာ၊ အဆီကျတဲ့ခါးပတ်၊ ဘာညာပေါ့ဗျာ။ ကြော်ငြာပါလိမ့်မယ်။
ဒါပေမယ့် သိပံပညာကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ လေ့ကျင့်ခန်းလုပ်၊ စက်ဘီးစီးတာဟာ အဆီတွေကို ကျဆင်းစေတယ့် အကောင်းဆုံးဆေးလို့ သက်သေပြနေပါတယ်။
၆) သွေးတိုး၊ ဆီးချိုတင်မကဘူးနော် စက်ဘီးစီးခြင်းဟာ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်တဲ့ဗျာ။
စက်ဘီးပုံမှန်စီးနေတဲ့သူတွေဟာ များသောအားဖြင့်တော့ ပိန်ပိန်သွယ်သွယ်တွေများတယ်ပေါ့၊ ခပ်၀၀တွေလည်း ပါပါတယ်) ခနာကိုယ်အလေးချိန်ကို ထိန်းထားပေးသလို ဖြစ်နေတယ်၊ ပုံမှန်လေ့ကျင့်ခန်း လုပ်နေသလိုလည်း ဖြစ်တယ်၊ ပြီးတော့ စက်ဘီးစီးလို့ ချွေးထွက်မယ်၊ ရေအများကြီးသောက်မယ် (ဘီယာသောက်ရင် ပိုကောင်းတယ်လို့ ပြောကြတာပဲ ဟက်ဟက်)၊ ဗိုက်ဆာမယ် ညာဏ်လေးကူပြီး အာဟာရပြည့်တာကို ဥပမာ အသီးအရွက်တွေ၊ အာလူးတို့ ပဲတို့ အများကြီးစားမယ်၊ ဒါဆိုရင် သင့်လျှော်တဲ့ ဓါတ်စာကို စားသလိုဖြစ်နေတယ်။ အဲ့ဒီအချက်တွေက ကင်ဆာကို အလိုလို ကာကွယ်ပြီးသားဖြစ်နေပြီလေ။
လူပေါင်း တစ်သောင်းကျော်ကို လေ့လာမှုပြုထားတဲ့ သုသေသနစာတမ်းတစ်ခုမှာဆိုရင် ငယ်ငယ်က စက်ဘီးစီးနင်းတာ ခပ်များများလုပ်ထားသူတွေဟာ လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်ကို ချဉ်းကပ်လာပြီဆိုရင် အဆုတ်ကင်ဆာဆိုတာ ဘာလဲ၊ လေဖြတ်တာဆိုတာ လုံးဝမရှိဆိုသလို ဒေါင်ဒေါင်မြည်ကျန်းမာရေး ကောင်းစေတယ်တဲ့ဗျာ။
၇) ကိုယ့်ကိုယ်ကို ကျေနပ်တယ်၊ အားရတယ်၊ ယုံကြည်မှုတွေ တိုးတက်လာစေတယ်
ဒါကတော့ စက်ဘီးသမားတိုင်းသိတဲ့ အချက်ပါပဲ။ စက်ဘီးစီးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိကြီးကြီးထားရတယ်ဗျ၊ အထူးသဖြင့် လမ်းမကြီးတွေမှာ နင်းနေရင်ပေါ့ဗျာ၊ အခုခေတ်ကလည်း ကားတွေက တအားများတာကိုး။ အဲ့တော့ သတိတွေ အရင်ကထက် ပိုကပ်လာတယ်။ အမှားကို နည်းနိုင်သမျှ နည်းအောင် ရှောင်ဖို့ လိုအပ်မှန်းသိလာတယ်။ သူများတွေကို လေးစားရမှန်း သိလာသလို (လမ်းမတွေပေါ်ဆိုရင် ကားသမားတွေပေါ့ဗျာ)
ကိုယ့်ကိုယ်ကိုလည်း လေးစားမှုတို့၊ ယုံကြည်မှုတို့ ပိုပြီးတိုးလာတယ်။
စက်ဘီးစီးနေရင်း၊ ဒါမှမဟုတ် စက်ဘီးလေးဘေးချပြီး ကိုယ့်ကိုယ်ကို ဖုံးလေးနဲ့ ဆဲလ်ဖီလေးဆွဲ၊ ဓါတ်ဖမ်းပေါ့၊ ဖေ့စ်ဘုတ်လေးပေါ်တင်၊ ခပ်ကြွားကြွားလေး နေပြလိုက်ရင် ဘ၀အမောတွေပြေပြီး လောကကြီးကို အန်တုမယ့် စိတ်တွေ ပေါ်ပေါက်လာတာဟာ စက်ဘီးသမားတွေရဲ့ ဖီးလ် တစ်မျိုးပါပဲ။
၈) နောက်ဆုံးအချက်ကတော့ “စက်ဘီးစီးရင် အသက်ပိုရှည်စေတယ်” ဆိုတာပါပဲ။
Tour De France ကမ္ဘာ့နာမည်အကြီးဆုံး စက်ဘီးပြိုင်ပွဲ “တိုး ဒွတ် ဖရန့်စ်” မှာ ဟိုးအရင်တုန်းကို ပြိုင်ပွဲဝင် စီးနင်းခဲ့သူတစ်ဦးအပေါ် လေ့လာမှုအရ စက်ဘီးစီးခြင်းဟာ ကျနော်တို့ဆီက “အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို” ဆိုသလို၊ သူ့အသက်ကို ရှည်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
သာမာန်လူတွေ ၇၃ နှစ် အထိ နေထိုင်နိုင်ကြချိန်မှာ အရင်က အဲ့ဒီမှာ စက်ဘီးပြိုင်ပွဲဝင်ခဲ့ဖူးသူတွေဟာ သက်တမ်း ၈၁ နှစ်အထိ အသက်ရှည်ရှည်နေထိုင်ခဲ့ကြတာကို တွေ့ရပါတယ်။
ကဲ စက်ဘီးစီးကြပါစို့လားဗျာ။
လေးစားလျက်
ကိုဘိုဘို
Ref: Internet

Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ

ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..
ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..
သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။
အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်....
၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။
၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို
သတိရပါ။
၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။
၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။
၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။
၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။
၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။
၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။
၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။
၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ
တွေးပူမနေပါနဲ့။
၁၁။မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုး
ဆောင်ရွက်ပါ။
လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။
၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။
၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်.
..စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။
၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။
၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။
၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။
၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။
၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။
၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။
၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။
၂၁။တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ်....တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့... တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား...လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
Credit....
Copy Barlarlar

စက်ဘီးစီးသူများ လိုက်နာရန်စည်းကမ်းများ

(၁) မော်တော်ယာဉ် လမ်းပေါ်တွင် စက်ဘီးစီးလျှင် မော်တော်ယာဉ်များနည်းတူ လမ်းစည်းကမ်းကို လိုက်နာရမည်။
(၂) မစီးဘဲ တွန်းသွားပါက ခြေကျင်လျှောက်သူများလိုက်နာရန် စည်းကမ်းအတိုင်း လိုက်နာရမည်။
(၃) စက်ဘီးတွင် ဘရိတ်၊ ခြေနင်း၊ အချက်ပေးခေါင်းလောင်း ကောင်းမကောင်းစစ်ဆေး၍ ကောင်းမွန်မှသာစီးရမည်။
(၄) စက်ဘီးကို လက်နှစ်ဘက်လုံးလွှတ်မစီးရ
(၅) သာမန်အားဖြင့် လက်ယာဘက်သို့ကပ်၍စီးရမည်၊ သတ်မှတ်ထားသော စက်ဘီးလမ်းရှိပါက ထိုလမ်းမှ စီးရမည်။
(၆) မူးယစ်နေစဉ် စက်ဘီးမစီးရ၊ ခြေနင်းမမီသော စက်ဘီးကိုမစီးရ။
(၇) လူသွားစင်္ကြံ၊ လမ်းပေါ်ကျွန်း၊ ကျွန်းအမှတ်အသားပေါ် မစီးရ။
(၈) စက်ဘီးကို အဆန်းထွင် မစီးရ၊ ရင်ဘောင်တန်းမစီးရ။
(၉) ယာဉ်ကြောကို ဆန့်ကျင်မစီးရ။
(၁၀) သွားလာနေသောယာဉ်၏ နောက်/ဘေးမှ ကပ်၍ တွယ်၍ မစီးရ။
(၁၁) စက်ဘီး၏နောက် ပစ္စည်းတင်စင်ပေါ် လူတစ်ဦးသာတင်စီးနိုင်သည်၊ အခြားမည်သည်နေရာတွင်မှ လူပိုမတင်ရ။
(၁၂) စက်ဘီး၏နောက် ပစ္စည်းတင်စင်ပေါ် အလျှား (၂) ပေ၊ အနံ (၂) ပေ၊ အမြင့် (၂) ပေထက်ပိုသော ပစ္စည်းမတင်ရ။
(၁၃) မထိန်းသိမ်းနိုင်သည့် ပစ္စည်းအလေးနှင့် အန္တရာယ်ဖြစ်နိုင်သော ပစ္စည်း မတင်ရ။
(၁၄) စက်ဘီးအရှိန်လျော့ရန်၊ ကွေ့ရန်၊ ကျော်တက်ရန်၊ တည့်တည့်သွားရန်၊ ရပ်ရန်စသည့်တို့အတွက် လက်ဖြင့်ကြိုတင်အချက်ပြရမည်။
(၁၅) စက်ဘီးရှေ့ တွင် မီးအဖြူတစ်လုံး၊ နောက်တွင် အရောင်ပြန်ပြားအနီတစ်ခု၊ ခြေနင်းများတွင် အရောင်ပြန်ပြားများ တပ်ဆင်ရမည်။
(၁၆) ညအချိန်တွင် မီးထွန်း၍ စီးရမည်။

Photo Essay အပိုင်း ၁

Photo Essay ဆိုတာကို တကယ်စာတွေ့ လက်တွေ့ သင်ကြားခွင့်ရခဲ့တာကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဖြစ်ပါတယ်။ အမေရိကန်စင်တာက ကမကထပြုလုပ်ပြီး ဆရာ Kevin Moloney က ပို့ချပေးတာပါ။ အချိန်ပိုင်းတာ တက်ခဲ့ရတာဖြစ်ပေမယ့် ဆရာကိုယ်တိုင်က ထင်ရှားတဲ့ Photo Essay တွေကို ဖန်တီးခဲ့ပြီး အသင်အပြလည်း ကောင်းပါတယ်။ဆရာ့ဆီကနေ သင်ယူလေ့လာစရာတွေ ဗဟုသုတတွေ အများရခဲ့ပါတယ်။ ဒီသင်တန်းက မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ ကျေးဇူးနဲ့ တက်ခွင့်ရတာပါ။ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၊ အမေရိကန်စင်တာနဲ့ ဆရာ Kevin Moloney တို့ကို အထူးပဲ ကျေးဇူးတင်ရပါတယ်။ အဲဒီသင်တန်းမှာ ရန်ကုန်က ဓာတ်ပုံပညာရှင်တွေအပြင် မန္တလေး ဓာတ်ပုံသမား ကဗျာဆရာ မောင်နီဦးနဲ့ပါ အတူတူ တက်ရောက်ခွင့်ရခဲ့ပါတယ်။ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။
အစပိုင်းမှာ Photo Essay က ကိုယ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း နောက်ပိုင်းကျတော့ ပြိုင်ပွဲတွေ ဝင်ဖို့ Photo Essay တွေ ကိုယ်တိုင် ရိုက်ခဲ့ရပါတယ်။ ကျွန်တော်က ဓာတ်ပုံပြိုင်ပွဲတွေကိုသာ အဓိက ထားတာမို့ ပြိုင်ပွဲနဲ့ သက်ဆိုင်တဲ့ Photo Essay မျိုးတွေသာ ရိုက်ခဲ့ပြီး တကယ့် အနုပညာမြောက်တဲ့ Photo Essay ကောင်းတွေကိုတော့ ဒီနေ့အထိ မရိုက်နိုင်သေးပါဘူး။ ရိုက်ဖို့ စိတ်ကူးတွေပဲ ရှိပါတယ်။ပြိုင်ပွဲအတွက် ရိုက်တော့ ဆုရ Photo Essay တွေ ဖြစ်လာတာ သိပ်မဆန်းပါဘူး။ ဒီနေ့ခေတ် လူငယ်တွေက ကျွန်တော့ထက် ပိုပြီး ရိုက်နိုင်ကြတာကို လေးစားဂုဏ်ယူရပါတယ်။
အနုပညာသမား ကဗျာဆရာ မောင်နီဦးက ပွဲထုတ်ပေးလို့ သူစီစဉ်ထုတ်ဝေတဲ့ စာအုပ်ထဲမှာ ကျွန်တော့်ဆုရ Photo Essay နဲ့ ဆောင်းပါးကို ပုံနှိပ်ဖော်ပြခွင့် ရခဲ့ပါတယ်။ စာအုပ်ထဲမှာ ထည့်ဖို့အတွက်ကိုပဲ အခုဆောင်းပါးကို ရေးခဲ့တာပါ။ သူကပဲ နောက်ထပ်ဖိတ်ခေါ်ပြီး ဟောပြောပွဲလေး လုပ်ပေးတော့ မန္တလေးမှာ Photo Essay နဲ့ပက်သက်ပြီး ဟောပြောခွင့် ရခဲ့ပါတယ်။ နောက်ထပ်ပြီး မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့All Myanmar Photo Exhibition 2013 မှာ ထပ်ပြီး ဟောပြောခွင့် ရခဲ့ပါတယ်။ ဟောပြောပွဲ ၂ခုစလုံးမှာ ကိုယ်လေ့လာ သင်ယူခဲ့တာတွေ၊ အတွေ့အကြုံတွေ၊ ပြိုင်ပွဲတွေကို အခြေခံပြီး အတတ်နိုင်ဆုံး ကြိုးစားပြောခဲ့ပါတယ်။အဓိကကတော့ အခုတင်မယ့် ဆောင်းပါးကို အခြေခံပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဆောင်းပါးကို ထပ်ဖြည့်စွက်ထားတာတွေလည်း ပါပါတယ်။ ဆောင်းပါးက နည်းနည်းရှည်တော့ ခွဲပြီး တင်ပါ့မယ်။ ဆောင်းပါးနဲ့အတူ ကျွန်တော်နိုင်ငံတကာဆုရခဲ့တဲ့ Photo Essay တွေကို လေ့လာနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ မသိသေးတဲ့သူတွေ၊ စိတ်ဝင်စားသူတွေအတွက် အကျိုးရှိမယ် ထင်ပါတယ်။

“Photo Essay”
ပုံရိပ်ကဗျာ
Essay ဆိုတာကို အလွယ်ကူဆုံး ဘာသာပြန်ရရင် စာစီစာကုံး လို့ဆိုနိုင်ပါတယ်။သူ့ရဲ့သဘောက အကြောင်းအရာ အဖြစ်အပျက်တစ်ခုကို အစ၊ အလယ်၊ အဆုံး ရေးဖွဲ့ရတာပါ။ ဒါပေမယ့် Essay ဆိုတာ ပုံမှန်စကားပြေထက် တဆင့်ပိုတဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ အခုအခါမှာတော့ စိတ်ခံစားမှုသက်သက်ကို ပေါ်လွင်အောင်ရေးဖွဲ့တဲ့ Essay အရေးအသားတွေလည်းရှိလာပါပြီ။ “Photo Essay” ဆိုတာကလည်းအဖြစ်အပျက် အကြောင်းအရာ တစ်ခုကို အစ၊ လယ်၊ အဆုံးပြည့်စုံပေါ်လွင်အောင်ရိုက်ကူးတင်ပြရတာမျိုးပါ။ ဒါပေမယ့် ခံစားမှုကို ပုံရိပ်ထင်ရတဲ့ ဓါတ်ပုံတွေမှာတော့ စကားလုံးထောင်ပေါင်များစွာ ဖွင့်ဆိုခံစားနိုင်တဲ့ ရသတွေ၊ အလင်္ကလာတွေ ပါဝင်နေကြတယ်။ ဒါအပြင် အကြောင်းအရာကို အဓိကမထားတော့ပဲ စိတ်ခံစားမှု၊ တင်စားဖွဲ့ဆိုမှု၊ အနုပညာသက်သက်ကိုပဲ ရိုက်ကူးတင်ပြတဲ့ Photo Essay တွေလည်းရှိလာခဲ့ပါတယ်။ ဒီနေရာမှာ Photo Essay ဆိုရင် အကြောင်းတစ်ခုကိုသာအဓိကထားတဲ့ သူတွေရှိသလို၊ အနုပညာသက်သက်ကိုပဲ အဓိကထားသူတွေ၊ ဓါတ်ပုံအတတ်ပညာကိုပဲ အဓိကထားသူ အစရှိသည်ဖြင့် ကွဲပြားလာကြတယ်။ တကယ်တော့ အောင်မြင်တဲ့ Photo Essay တစ်ပုဒ်ဖြစ်ဖို့ ဆိုတာက ဒီအချက်တွေအားလုံးကို လိမ္မာပါးနပ်စွာ ပေါင်းစပ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “Photo Essay” ကို ပုံရိပ်ကဗျာ လို့ ကျွန်တော့်အနေနဲ့ အဓိပါယ် ဖွင့်ဆိုချင်ပါတယ်။ “Photo Essay” ဆိုတာ ပုံရိပ်တွေနဲ့ ဖွဲ့သီတဲ့ ကဗျာတစ်ပုဒ်ပါ။
အဖြစ်အပျက်အကြောင်အရာတစ်ခုကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ဆိုတာ ဓါတ်ပုံတစ်ပုံတည်နဲ့တော့ အမြဲတမ်းမလုံလောက်နိုင်ပါ။ တစ်ခါတစ်ရံမှာတော့ အကြောင်းအရာ အဖြစ်အပျက်တခုကို ဓါတ်ပုံတစ်ပုံထက်ပိုပြီး တင်ပြမှသာ အဖြစ်အပျက်အကြောင်းအရာကို ထိထိမိမိမြင်သာစေမှာပါ။ ဒါကြောင့်လည်း ဓာတ်ပုံတပုံထက်ပိုပြီး တင်ပြရတဲ့ "Photo Essay” ဆိုတာ ပေါ်ပေါက်လာခဲ့ရတာပါ။ “Photo Essay “ ဆိုတာ အနုပညာနဲ့ “Photo Journalism” ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်ကတော့ အကြောင်းအရာ အဖြစ်အပျက်ကို ဦးစားပေးတဲ့ Photo Essay တွေထက် အနုပညာကို အားပြုဖန်တီးတဲ့ Photo Essay တွေကို ပိုပြီးနှစ်သက်ပါတယ်။ ဒါကတော့ ကျွန်တော် အခြေအနေနဲ့ ကျွန်တော် ရွေးချယ်မှုသာ ဖြစ်ပါတယ်။ အကြောင်းအရာ အဖြစ်အပျက်ကို ဦးစားပေးတဲ့ Photo Essay တွေမှာလည်း အနုပညာရသတွေ ထပ်ပေါင်းထည့်လို့ ရပါတယ်။
Photo Essay ဘယ်ကစတာသလဲ။ ၁၉၃၀ပြည့်နှစ်တွေမှာ ဂျာမနီတွေက မဂ္ဂဇင်းတွေကို ဓါတ်ပုံတွေသုံးပြီး ပုံနှိပ်ထုတ်ဝေလာခဲ့ကြပါတယ်။ အစပထမမှာ ဓါတ်ပုံတွေကို တစ်ပုံခြင်းတင်ပြလာရာကနေ နှစ်ပုံယှဉ်တွဲပြီးတင်ပြတဲ့အခါ ပိုပြီးပြည့်စုံလာတာကို သတိထားမိခဲ့ပါတယ်။ နောက်ပိုင်မှာတော့ ၃ပုံ၊ ၅ပုံ၊၁၀ပုံအစရှိသဖြင့် အဖြစ်အပျက်၊ အကြောင်းအရာတစ်ခုကို ပြည့်စုံသည်ထက် ပိုပြီးပြည့်စုံအောင် တင်ပြလာခဲ့ကြပါတယ်။ ဒါက “Photo Essay “ ရဲ့မူလဇစ်မြစ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သမိုင်းကြောင်း ဖြစ်နေလို့ အငြင်းပွားစရာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ Photo Essay ရဲ့မူလအစက အကြောင်းအရာ အဖြစ်အပျက် သရုပ်ဖော် ဓာတ်ပုံတွေကနေ စတင်တယ်ဆိုတာပါပဲ။
ပထမဆုံး ထင်ရှားကျော်ကြားတဲ့ “Photo Essay” ကတော့ ၁၉၇၂ မှာထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ Photo Essay ကတော့ အမျိုးသမီးတစ်ဦး ကလေးမီးဖွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ Moment of Life ဆိုတဲ့ ဒီ Photo Essay ကို ရိုက်ကူးခဲ့သူကတော့ Brian Lanker ဖြစ်ပါတယ်။ ဒီ “Photo Essay” မတိုင်ခင်မှာတော့ ကလေးတစ်ယောက် မွေးဖွားတဲ့ဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေမရှိခဲ့ပါဘူး။ သားဖွားခန်းဆိုတာမျိုးကလည်း ဓါတ်ပုံရိက်ဖို့ဆိုတာ ဝေးလို့ အမျိုးသားတွေဝင်တာကိုတောင် ဝင်ခွင့်ပြုတာမျိုး မဟုတ်ပါဘူး။ Brian Lanker ကတော့ ကလေးမီးဖွားတဲ့ ဖြစ်စဉ်ကို အစအဆုံး ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ “Photo Essay” ထွက်ပေါ်လာချိန်မှာတော့ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့ပါတယ်။ မိန်းမတယောက်ရဲ့ ကလေးမီးဖွားရတဲ့ ဒုက္ခ၊ လူသားတယောက် ကမ္ဘာလောကကြီးကို စတင်ဝင်ရောက်လာတဲ့ ဖြစ်စဉ် က တကယ့်ကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှပါတယ်။ Brian Lanker ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အနုပညာရသမြောက်အောင် ရိုက်ကူးနိုင်မှုတွေကြောင့်လည်း ပါပါတယ်။ ဒီ Photo Essay ဟာ ၁၉၇၃ မှာ ဓါတ်ပုံဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်ဖြသ်တဲ့ ပူလစ်ဇာဆုကို တောင်ရရှိခဲ့ပါတယ်။
“Photo Essay” ဆိုတာ ကဗျာတစ်ပုဒ်လို သိမ်မွေ့နက်နဲသလို ရုပ်ရှင်ကားတစ်ကာလိုလည်း ကြည့်ရှုခံစားသူတွေကို အစမှအဆုံး ဆွဲဆောင်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုကောင်းမွန်ဖို့အတွက် “Photo Essay” မှာ အပိုင်းနှစ်ပိုင်းရှိလာပါတယ်။ ပထမတစ်ပိုင်းကတော့ အကြောင်းအရာပိုင်းဖြစ်ပါတယ်။ ကိုယ်တင်ပြရမယ့် အဖြစ်အပျက် အကြောင်းအရာက အများစုစိတ်ဝင်စားမယ့် ဒါမှမဟုတ် အကြိုးရှိပြီးသိသင့်၊ သိထိုက်တဲ့ အကြောင်းအရာဖြစ်ဖို့လိုပါတယ်။ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြသာနာတွေ အဖြစ်အပျက်တွေ၊ ပဋိပကတွေ၊ သမိုင်းမှာမှတ်တမ်းတင်ကျန်ရစ်မယ့် အဖြစ်အပျက်အကြောင်းအရာတွေ၊ ထူးခြားထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ ထူးခြားပြီးကွဲထွက်နေတဲ့ လူမှုဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ၊ ရှားပါးပျောက်ကွယ်သွားတော့မယ့် အရာတွေ အစရှိသည့်ဖြင့် ရွေးချယ်စရာအကြောင်းအရာတွေ များစွာရှိကြပါတယ်။
လူအများစု စိတ်ဝင်စားတဲ့ အကြောင်းအရာတွေအပြင် လူမှုဘ၀ နေ့စဉ်အဖြစ်အပျက်တွေထဲမှာ အမှတ်တမဲ့ဖြစ်နေတဲ့ အဖြစ်အပျက်အကြောင်းအရာမျိုးတွေကိုလည်း ရွေးချယ်နိုင်တာပါပဲ။ အဖြစ်အပျက်အကြောင်းအရာတစ်ခုကို ရွှေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်ရွေးချယ်လိုက်တဲ့ ဒီအဖြစ်အပျက်အကြောင်းအရာအပေါ်မှာ သဘောပေါက်နားလည်ထားဖို့ အရေးကြီးပါတယ်။ ဒါနဲ့ပက်သက်နေတဲ့ နောက်ခံပတ်ဝန်းကျင်၊ နေရာဒေသတွေ၊ လူပုဂ္ဂိုလ်တွေကိုပါ ပြည့်ပြည့်စုံစုံ သိထားဖို့ လိုအပ်ပါတယ်။သိအောင်လည်း အချိန်ပေးပြီးတော့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်မကြိုက်တဲ့ ကိုယ်တိုင်နားမလည်းတဲ့ အကြောင်းအရာ အဖြစ်အပျက်ကို မရွေးချယ်ပါနဲ့။ ရိုက်ဖို့ မကြိုးစားပါနဲ့။ ကိုယ်တကယ် နှစ်သက်တဲ့ ၊ နားလည်းတဲ့ အကြောင်းအရာ အဖြစ်အပျက်ကိုသာ ရွေးချယ်ပါ။
ဒုတိယအပိုင်းကတော့ ဓါတ်ပုံရိုက်ကူးတင်ပြပုံ၊ အတတ်ပညာပိုင်းပဲဖြစ်ပါတယ်။ ကိုယ့်မှာဓါတ်ပုံပညာနဲ့ ဆိုင်တဲ့ဝမ်းစာပြည့်ဝနေဖို့လိုအပ်ပါတယ်။ နောက်ပြီး ဓါတ်ပုံပညာရပ်ဟာ အနုပညာနဲ့အတတ်ပညာကို ပေါင်းစပ်ထားတာပါ။ အတတ်ပညာပဲရှိပြီး အနုပညာမပါရင် သက်ဝင်တဲ့ပုံတွေမရနိုင်သလို၊ အနုပညာပဲရှိုပြီး အတတ်ပညာပိုင်းကို မကျွမ်းကျင်ရင် ဓါတ်ပုံပညာအရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုကို ပေါင်းစပ်ပြီး ကိုယ်တင်ပြတဲ့ “Photo Essay” ရဲ့ ဓါတ်ပုံတစ်ပုံချင်းစီတိုင်းမှာ အပြောင်မြောက်ဆုံး ဖန်တီးဖို့ လိုအပ်ပါတယ်။
ပထမဆုံးအချက်ကတော့ ကိုယ်တင်ပြမယ့် အဖြစ်အပျက်အကြောင်းအရာကို ဓါတ်ပုံတွေကြည့်ရုံနဲ့ နားလည်သဘောပေါက်သွားအောင် တင်ပြနိုင်ရပါမယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ကြည့်သူတွေ ပိုပြီးတော့ နားလည်သဘောပေါက်နိုင်ဖို့အတွက် “Photo Essay” ပါအဖြစ်အပျက်အကြောင်းအရာကို စာနဲ့ဖော်ပြပေးရတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဓာတ်ပုံသမားတွေ ဖြစ်ပြီး ဓာတ်ပုံပညာကို အဓိက ထားတာမို့ တတ်နိုင်သမျှ စာကိုနည်းနည်းပဲ ရေးရအောင် အားထုတ်ရပါမယ်။
အဖြစ်အပျက်တစ်ခုမှာ အစ၊ အလယ်၊ အဆုံးဆိုတာရှိပါတယ်။ ဒါကြောင့် “ Photo Essay” တစ်ပုဒ်ကို အနည်းဆုံးဓါတ်ပုံ ၃ပုံကနေ အများဆုံး ဓါတ်ပုံ ၁၅ပုံအထိသာတင်ပြသင့်ပါတယ်။ လူတစ်ယောက်က အဖြစ်အပျက်အကြောင်းအရာတစခုကို (၁၅) ပုံထက်ကျော်ပြီး၊ ကြည့်နေရရင် ငြီးငွေ့သွာမှာ သေချာပါတယ်။ ချွင်းချက်အနေနဲ့ ဘယ်ဟာကအစ၊ ဘယ်ဟာကအလယ်၊ ဘယ်ဟာကအဆုံးလို့တင်ပြဖို့မလိုတဲ့၊ ပြဖို့မဖြစ်နိုင်တဲ့ Phoyo Essay တွေလည်းရှိတတ်ပါတယ်။ ဒါကတော့ ချွင်းချက်ပါ။ အနုပညာနဲ့ ရသကို အဓိကထား တင်ပြတဲ့ Photo Essay တွေမှာ ဒါကိုတွေ့နိုင်ပါတယ်။
(ဆက်ရန်-----)
****** ဆရာ Kevin Moloney ၏ သင်တန်းပို့ချချက်များကို ကိုးကားသည်။
ကျော်ကျော်ဝင်း (X-Photographer)

“Photo Essay” ပုံရိပ်ကဗျာ အပိုင်း ၂

တင်ပြပုံအပိုင်းကို ပြောရမယ်ဆိုရင် ကိုယ်တင်ပြမယ့် ဓါတ်ပုံတွေထဲမှာ ပုံတစ်ပုံနဲ့တစ်ပုံ အကြောင်းအရာတူမနေဖို့၊ ထပ်မနေဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲကောင်းပါစေ အကြောင်းအရာတစ်ခုကို တပုံထက်ပို မပြပါနဲ့။ နှစ်ပုံမပြပါနဲ့။ ဥပမာ ကိုရင်လေးတွေရဲ့ နေ့စဉ်ဘ၀ကိုတင်ပြတဲ့ Phoyo Essay တစ်ပုဒ်ဆိုရင် ကိုရင်လေးတွေဘုရားဝတ်ပြုတာကို တပုံထက်ပို ရိုက်ပြတာမျိုး၊ ပုံနှစ်ပုံရိုက်ပြတာမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ပုံတွေက ဘယ်လောက်ပဲကောင်းနေနေ အကြောင်းအရာတခုကို တပုံပဲ ပြပါ။ ကိုယ်ပိုပြီး ကြိုက်တဲ့၊ ပိုကောင်းတယ်လို့ ယူဆတဲ့ တပုံကိုပဲ ရွေးပါ။ ကိုယ့်စိတ်ကြိုက်ဖန်တီးတဲ့ photo Essay ဆိုရင် ပုံအရေအတွက်ကို ကိုယ်တိုင်ကန့်သတ်လို့ ရပါတယ်။ ဒါပေမယ့် ဓာတ်ပုံပြိုင်ပွဲ ဆိုရင်တော့ ဓာတ်ပုံပြိုင်ပွဲတွေက ကန့်သတ်ထားတဲ့ ပုံအရေအတွက်အတိုင်းပဲ ကိုယ်က တင်ပြရမှာ ဖြစ်ပါတယ်။ တခါတရံမှာ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာက တအားကျယ်ပြန့်လွန်းနေတတ်ပါတယ်။ ဘယ်လောက်ပဲ ကျယ်ပြန့်လွန်းနေပါစေ ခင်ဗျအနေနဲ့ ၁၅ ပုံအထက်တော့ ပိုပြဖို့ မလုပ်သင့်ပါဘူး။
ကိုယ့် Photo Essay ထဲမှာ ဓာတ်ပုံတွေ တပုံနဲ့တပုံ ဓါတ်ပုံဖွဲ့စည်းမှု (Composition) တွေထပ်မနေအောင်ရိုက်ကူးသင့်ပါတယ်။ တစ်ပုံချင်းစီ ကွဲပြားခြားနားနေအောင် ရိုက်ရပါမယ်။ ဓါတ်ပုံရိုက်ချက်အကွာအဝေး၊ အနီးအဝေးအမြင်တွေလည်း မတူရအောင် ဂရုစိုက်ပါ။ ပုံမှန်ရိုက်နေကြ Eye Level မြင်ကွင်းတွေအပြင် နိမ့်ထောင့်၊ မြင့်ထောင် ရိုက်ချက်တွေ စုံလင်အောင်တင်ပြရပါမယ်။ အလျားလိုက် ရိုက်ချက်တွေ ချည်းပဲ ဆက်တိုက်တင်ပြနေတာမျိုးမလုပ်ပဲ ဒေါင်လိုက်ရိုက်ချက် တွေကိုပါ ပေါင်းစပ်ပေးရပါမယ်။ စံမှန်ဘီလူး၊ မြင်ကွင်းကျယ် မှန်ဘီလူးတွေ၊ အဝေးရိုက်မှန်ဘီလူးတွေအစရှိသဖြင့် မတူကွဲပြားအောင် သုံးပေးဖို့လည်း လိုအပ်ပါတယ်။ ဓါတ်ပုံကြည့်သူက ပုံသေကားချပ်ဆန်တဲ့ ဓါတ်ပုံတွေကို ဆက်တိုက် ကြည့်နေရမယ်ဆိုရင် စိတ်ဝင်းစားမှု လျော့သွားနိုင်ပါတယ်။ မတူကွဲပြားတဲ့ ဓာတ်ပုံတွေကိုတော့ ဆက်ကြည့်ရမယ်ဆိုရင်လည်း စိတ်ဝင်စားမှုကတော့ မြင့်တက်နေဦးမှာ ဖြစ်ပါတယ်။
ဓာတ်ပုံတွေ တပုံနဲ့တပုံ မတူကွဲပြားနေရမယ်ဆိုတဲ့ နေရာမှာ သတိထားရမှာတစ်ချက်က စတိုင်နဲ့ အသွင်သဏ္ဏာန်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဓာတ်ပုံပညာရပ်တွေမှာ မတူညီတဲ့ စတိုင်နဲ့ အသွင်သဏ္ဏာန်တွေရှိကြပါတယ်။ ဥပမာ ရှုမျှော်ခင်းနဲ့ လူပုံတွေရိုက်ရာမှာတောင် စတိုင်နဲ့ အသွင်သဏ္ဏာန်တွေ မတူညီကြပါဘူး။ နောက်ပြီး ဓါတ်ပုံပညာရှင်တွေ၊ ဓါတ်ပုံသမားတွေမှာလည်း အများနဲ့မတူတဲ့ ကိုယ်ပိုင်စတိုင်နဲ့ အသွင်သဏ္ဏာန်တွေ၊ ဟန်တွေ သီးခြားရှိကြပါတယ်။ ဒီလိုမတူညီတဲ့စတိုင်တွေ၊ အသွင်သဏ္ဏာန်တွေကိုတော့ Photo Essay တစ်ပုဒ်တည်းမှာရောပြီးမတင်ပြသင့်ပါဘူး။
ဒါပေမယ့် ချွင်းချက်အနေနဲ့ကတော့ Frame တစ်ခုကို အသေချထားပြီး ပြောင်းလဲသွားတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို တင်ပြသွားတဲ့ Photo Essay တွေလည်းရှိပါသေးတယ်။ ဥပမာ အနေနဲ့ပြောရရင် အထင်ကရနေရာ၊ အဆောက်အဦး၊ သစ်ပင်စတဲ့ တစ်ခုခုကို ဓါတ်ပုံထဲမှာ Frame အသေယူထားပြီး ရာသီဥတုပြောင်းလဲသွားတာတွေ၊ နှစ်ကာလပြောင်းလဲသွားတာတွေ၊ အဖြစ်အပျက်ပြောင်းလဲသွားတာတွေကို တင်ပြသွားတဲ့ Photo Essay မျိုးတွေပါ။ ဥပမာထပ်ပေးရရင် ၁၂လရာသီ ရွှေတီဂုံစေတီတော်ဆိုတဲ့ Photo Essay မျိုးတွေပါ။
Photo Essay တစ်ပုဒ်မှာ စပြီးပြမယ့် ပထမဆုံးပုံက အရေးကြီးဆုံးဖြစ်ပါတယ်။ ပထမဆုံးပုံက ဆွဲဆောင်မှုရှိနေမှသာကြည့်သူက နောက်ပုံတွေဆက်ပြီး စိတ်ဝင်စားမှာဖြစ်ပါတယ်။ ကြည့်သူကိုဆက်ပြီး ကြည့်ချင်လာအောင် ဆွဲဆောင်ထားနိုင်မှလည်း ကိုယ့်ရဲ့Photo Essay က အောင်မြင်မှာဖြစ်ပါတယ်။ တချို့ Photo Essay တွေမှာတော့ အကောင်းဆုံးပုံနဲ့ အဆုံးသတ်ပေးလိုက်လို့ ပိုပြီးကောင်းသွားတာတွေ ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် အကောင်းဆုံးရိုက်ချက်၊ အကောင်းဆုံးပုံနဲ့စတင်ပြီး ဒုတိယအကောင်းဆုံးပုံနဲ့ Photo Essay ကို အဆုံးသတ်ပါ။ ဒုတိယတင်ပြမယ့်ပုံကတော့ “Photo Essay “ ပါအဖြစ်အပျက်ကြောင်းအရာ တစ်ခုလုံးကို ချုံငုံမိတဲ့ပုံဖြစ်သင့်ပါတယ်။ ကိုယ်ဘာကိုတင်ပြတော့မယ်ဆိုတာကို ကြည့်သူကိုထင်ထင်ရှားရှား သိသာစေတဲ့ ပုံမျိုးဖြစ်ပါတယ်။ ကိုယ့် Photo Essay အကြောင်းအရာအတွက် ယေဘုယျဆန်တဲ့ပုံမျိုးကို ဆိုလိုတာပါ။
ကိုယ့်ရဲ့ “Photo Essay” က ဘယ်အကြောင်းအရာအဖြစ်အပျက်မျိုးကိုပဲ တင်ပြတာဖြစ်ဖြစ် လူတစ်ယောက်ဒါမှမဟုတ် လူတွေရဲ့စိတ်ခံစားမှုအခြေနေကို ထင်ထင်ရှားရှားမြင်ရတဲ့ အနီးကပ်Portrait ပုံတစ်ပုံလည်း ထည့်ပေးသင့်ပါတယ်။ သူတို့ရဲ့မျက်လုံး၊ မျက်နှာပေါ်ကခံစားမှုကနေ တဆင့် ကိုယ့်ရဲ့တင်ပြခြင်တဲ့ အကြောင်းအရာကို ဆွဲခေါ်ပေးသွားရပါမယ်။ နောက်ပြီးအဓိကကျတဲ့ အရာတစ်ခုခုကို အနုစိတ်၊ အနီးကပ်ရိုက်ထားတာမျိုးတွေလည်း တစ်ပုံလောက်တော့ ထည့်ပေးသင့်ပါတယ်။ ပုံတိုင်းက အကြောင်းအရာနောက်ကိုပဲ လိုက်ပြီး ယေဘုယျဆန်တဲ့ ရိုက်ချက်တွေချည်းပဲ ဖြစ်နေဖို့ မလိုအပ်ပါဘူး။
ကိုယ်ရွေးချယ်ထားတဲ့ အကြောင်းအရာအပေါ်မှာ မှုတည်ပြီးတော့ တစ်ခါတစ်ရံကိုယ့် “Photo Essay” က သက်ငြိမ်ပုံတွေချည်းဖြစ်နေတာ။ တစ်ခါတစ်ရံမှာတော့ လှုပ်ရှားမှုတွေချည်းဖြစ်နေတတ်တာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် သက်ငြိမ်ပုံတွေချည်းပဲ ဆက်တိုက်ပြနေရင် ပျင်းရိသွားနိုင်သလို လှုပ်ရှားမှုပုံတွေချည်းပဲ ဆက်တိုက်ပြနေပြန်ရင်လည်း ကြည့်ရသူမှာ မောသွားနိုင်ပါတယ်။ အပြောင်းအလဲကိုလိုလားတောင်းတတတ်တာ လူ့စိတ်သဘာဝပါ။ ဒီတော့ ကိုယ့်ရဲ့ “Photo Essay “ က သက်ငြိမ်အကြောင်းအရာဖြစ်နေရင်တောင် လှုပ်ရှားမှုပါဝင်တဲ့ တစ်ပုံ၊ ရိုက်ချက်တခုလောက်တော့ ကြားထဲမှာ ထည့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ “Photo Essay ”က လှုပ်ရှားအသက်ဝင်တဲ့အကြောင်းအရာဖြစ်ခဲ့ရင်လည်း တည်ငြိမ်တဲ့ ပုံတစ်ပုံတော့၊ရိုက်ချက်တခုတော့ ပေါင်းထည့်ပေးလိုက်ပါ။
ကိုယ်ကိုတိုင်မကြိုက်တဲ့၊ မကောင်းတဲ့ပုံတစ်ပုံကိုတော့ ကိုယ့်ရဲ့ “Photo Essay”ထဲမှာ ရောမထည့်လိုက်ပါနဲ့။ ကိုယ်ကြိုးစားအားထုတ်သမျှ အရာအားလုံးဟာ အဲဒီဓါတ်ပုံတစ်ပုံကြောင့် ပျက်စီးသွားနိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံချင်းစီတိုင်းဟာ စိတ်ခံစားမှု Emotion၊ အကြောင်းအရာကို ထောက်ပံပေးနိုင်တဲ့ အချက်အလက်တွေ နဲ့ သတင်းအချက်အလက်တွေ information ပေးနိုင်ရပါမယ်။ ကိုယ့်ရဲ့ “Photo Essay “ ထဲမှာ ပါဝင်သမျှ ဓာတ်ပုံတိုင်းဟာ ချန်ထားခဲ့လို့မရတဲ့ ပုံမျိုးတွေပဲ ဖြစ်နေရအောင်တင်ပြပေးပါ။ဒါဆိုရင် ပြည့်စုံကောင်းမွန် အောင်မြင်တဲ့ Photo Essay တပုဒ် ဖြစ်လာမှာပါ။
ကိုယ်နောက်ဆုံးတင်ပြတဲ့ ဓါတ်ပုံက ကိုယ့်ရဲ့ “Photo Essay” ကိုပဲအဆုံးသတ်တဲ့ပုံဖြစ်ပါစေ။ ကြည့်သူရဲ့ စိတ်ခံစားမှု ၊ တွေးခေါ်မှုတွေကို အဆုံးသတ်သွားစေတဲ့ပုံမဖြစ်ပါစေနဲ့။ ကြည့်သူဆီမှာ ကိုယ့် Photo Essay ရဲ့ အဖြစ်အပျက်အကြောင်းအရာကိုလိုက်ပြီး ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊နှစ်သက်မှု၊ အလိုမကျမှုဖြစ်စေတဲ့ စိတ်ခံစားမှုတွေ ကျန်နေရစ်ခဲ့ပါစေ။ ဆက်ပြီး စဉ်းစားစရာတွေ၊ တွေးတေားစရာတွေ ချန်ထားခဲ့နိုင်တဲ့ပုံမျိုးဖြစ်ပါစေ။
ဓါတ်ပုံကောင်းတစ်ပုံတည်းရဖို့ကိုတောင်မှ စိတ်ရှည်ပြီး ဇွဲရှိဖို့လိုအပ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ Photo Essay တစ်ပုဒ်ဖြစ်လာဖို့ကတော့ ပိုပြီးတော့ စိတ်ရှည်သည်းခံဖို့၊ ဇွဲရှိဖို့ ၊အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ စိမ်ခေါ်မှုတွေ၊ အတားအဆီးတွေ၊ အကျပ်တည်းတွေလည်း ကြုံနိုင်ပါတယ်။ ကိုယ်တင်ပြမယ့် အဖြစ်အပျက်အကြောင်းအရာပြည့်စုံဖို့အတွက် တစ်ခါတစ်ရံမှာတော့ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရတာတွေတောင် ရှိနိုင်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံသွားချိန်မှာတော့ ကိုယ့် Photo Essay ရဲ့ ရလဒ်ကလည်း အံ့မခမ်းဖြစ်လာမှာပါ။
ဒါတွေကတော့ “Photo Essay “ ကောင်းတစ်ပုဒ်အတွက် စံနှုန်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေကလည်း အကြောင်းမဲ့ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်လို ပေါ်ပေါက်လာရတာပါ။ နှစ်ပေါင်းများစွာ လေ့လာပြီး အစဉ်အဆက် သတ်မှတ်လာခဲ့ကြတာ၊ ပြင်ဆင်လာခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါတွေကို နားလည်သဘောပေါက်ထားဖို့တော့ လိုပါတယ်။ လောကမှာ ဘယ်အကြောင်းတရားနဲ့ သတ်မှတ်ချက်တွေမှာမဆို ချွင်းချက်ဆိုတာ ရှိကြပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေဆိုတာကို မသိပဲနဲ့တော့ ချွင်းချက်ဆိုတာတွေကို သိလာမှာ မဟုတ်ပါဘူး။ စည်းမျဉ်းသတ်မှတ်ချက်တွေကို သေသေချာချာ သိထားပြီဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် အကောင်းဆုံး ချွင်းချက်တွေကို ဖန်တီးနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ခံစားမှုအနုပညာနှလုံးသားကိုတော့ ဘောင်ခတ်ထားလို့ မရနိုင်ပါဘူး။
Photo Essay စစ်စစ်တွေကို လေ့လာကြပြီး Photo Essay စစ်စစ်တွေကို ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။

*****ဆရာ Kevin Moloney ၏ သင်တန်းပို့ချချက်များကို ကိုးကားသည်။****
ကျော်ကျော်ဝင်း (X-Photographer )
ကျွန်တော်လေ့လာထားသမျှ ၊ နားလည်သမျှ ကို ပြန်မျှဝေတာပါ။ လိုအပ်ချက်တွေ၊ ချွတ်ချော်တာတွေ ရှိရင် မည်သူမဆို ဝေဖန်အကြုံပြုလို့ ရပါတယ်။